
ဒီနေ့ခေတ် လူငယ်တော်တော်များများက မွေးကတည်းက Social Media နဲ့ ကြီးပြင်းလာရတာကြောင့် တခြား Generation တွေထက် ပိုပြီး နေ့စဥ်ဘဝမှာ လူမှုကွန်ယက်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်ကြပါတယ်။ ဒီလိုကောင်းကျိုးတွေနဲ့အတူ တစ်ဖက်မှာလည်း နေ့နေ့ညည အမြဲ အွန်လိုင်းမှာ ရှိနေတော့ နောက်ဆက်တွဲအနေနဲ့ မျက်စိညောင်းညာတာ၊ အိပ်စက်ချိန် မမှန်တော့တာ၊ စိုးရိမ်စိတ်များတာ စသဖြင့် Digital Burnout လိုမျိုး ဝေဒနာတွေ ခံစားလာရတာပါ။ ဒါကြောင့်မို့ အခုနောက်ပိုင်းမှာ Digital Detox လို့ခေါ်တဲ့ လူငယ်တွေရဲ့ စိတ်ရော ကိုယ်ပါ ကျန်းမာရေးအတွက် ဖုန်းမျက်နှာပြင်ကြည့်တဲ့ အချိန်ကို လျှော့ချပြီး အနားယူပေးတာမျိုးကို အလေးထားလုပ်ဆောင်သင့်ပါပြီ။ ဒီဆောင်းပါးလေးမှာတော့ အခုလို အမြဲတမ်း နိုးကြားနေရတဲ့ ကိုယ့်ဦးနှောက်ကို ပြန်လည် Reset လုပ်ပေးနိုင်ဖို့ Digital Detox နည်းလမ်းကောင်းတစ်ချို့ကို တူတူ စတင်လုပ်ဆောင်ကြည့်ရအောင်။

စည်းကမ်း သတ်မှတ်ပါ
Digital Detox လုပ်နိုင်ဖို့ အဓိကအကျဆုံးကတော့ ဖုန်းသုံးရမဲ့ အချိန်နဲ့ နေရာကို သေချာသတ်မှတ်ပြီး စည်းကမ်းတကျ လိုက်လုပ်နိုင်ဖို့ပါပဲ။ Presence Over Pixels ရဲ့ အကြံပြုချက်တစ်ခုမှာတော့ ထမင်းစားပွဲ ဒါမှမဟုတ် အိပ်ခန်းထဲမှာ ဖုန်းလုံးဝမသုံးရဘူး စသဖြင့် စည်းကမ်းအတိအကျ သတ်မှတ်လိုက်တာက ကိုယ့်ရဲ့အချိန်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီး စိတ်ကိုလည်း အနားပေးရာ ရောက်စေတဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ ပြောပြထားပါတယ်။ အိပ်ခါနီး ဖုန်းသုံးတာက ဖုန်းကထွက်တဲ့ Blue Light ကြောင့် အိပ်စက်ခြင်းကို ဖြစ်စေတဲ့ မယ်လတိုနင် (Melatonin) ဟော်မုန်း ထွက်ရှိမှုကို ဟန့်တားလိုက်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ပျက်စီးစေပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင် အနည်းဆုံး မိနစ် ၆၀ အလိုမှာ ဖုန်းအစား စာအုပ်ဖတ်တာ ဒါမှမဟုတ် ဒိုင်ယာရီရေးတာမျိုး ပြောင်းလဲလုပ်ဆောင်ပေးသင့်ပါတယ်။

"Grayscale Mode" ပြောင်းသုံးပါ
ဖုန်းတွေထဲက Applications တွေ၊ Games တွေ အများစုက ဦးနှောက်ထဲက Dopamine ထွက်ရှိမှုကို လှုံ့ဆော်ပေးဖို့ တောက်ပတဲ့ အရောင်အသွေးတွေနဲ့ တမင် ဖန်တီးထားကြပါတယ်။ ဒါကပဲ ဖုန်းကို မသုံးရ မနေနိုင်အောင် ဆွဲဆောင်ထားသလို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ ကိုယ့်ဖုန်းကို "Grayscale" (အဖြူအမည်းရောင်) ပြောင်းလိုက်မယ်ဆို ဖုန်းသုံးရတာကို စိတ်ဝင်စားမှု လျော့နည်းသွားစေပြီး အချိန်အကြာကြီး သုံးမိတာကို တားဆီးပေးနိုင်တယ်လို့ Humane Tech ရဲ့ ဆောင်းပါးမှာ ဖတ်ရှုနိုင်တာပါ။ အခုလို ဖုန်းမျက်နှာပြင်က အရောင်တွေ ပျောက်သွားတဲ့အခါ ဦးနှောက်က ဖုန်းကို Entertainment တစ်ခုလို့ မမြင်တော့ဘဲ အလုပ်လုပ်တဲ့ ကိရိယာတစ်ခုအဖြစ်ပဲ မြင်လာပါလိမ့်မယ်။ ဒီရိုးရှင်းတဲ့ နည်းလမ်းက အမြဲတမ်း လက်က တကိုင်ကိုင်ဖြစ်နေတဲ့ ဖုန်းကို ချထားပြီး ပြင်ပလောကကို အာရုံစိုက်ဖို့ အများကြီး အထောက်အကူပြုမှာပါ။
Social Media သန့်ရှင်းရေး လုပ်ပါ
သူသူကိုယ်ကိုယ် နေ့စဥ် Social Media သုံးကြရာမှာ ကိုယ်နဲ့ကိုက်ညီမှု မရှိတဲ့၊ အကျိုးမရှိတဲ့ အကြောင်းအရာမျိုးစုံ ရှိတတ်ကြပါတယ်။ Digital Detox လုပ်ပြီဆိုရင်တော့ စိတ်ကို အနှောင့်အယှက်ပေးနေတဲ့ Digital အမှိုက်တွေကို ရှင်းလင်းဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်အားငယ်စေတဲ့ ဒါမှမဟုတ် FOMO (ဘာမဆို နောက်ကျ မကျန်ရစ်ခဲ့လိုတဲ့ စိုးရိမ်စိတ်) ဖြစ်စေတဲ့ အကြောင်းအရာတွေ၊ အကောင့်တွေကို Unfollow လုပ်ပါ။ နောက်ပြီး ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေဆီက လာတဲ့ Message မဟုတ်ရင် ကိုယ့်ဆီက Attention ရအောင် လုပ်နေတဲ့ Notification အားလုံးကို ပိတ်ထားသင့်ပါတယ်။ ဒီလို အနှောင့်အယှက်တွေကို လျှော့ချပြီး သန့်ရှင်းရေးလုပ်လိုက်တာက ကိုယ်လုပ်နေတဲ့ အလုပ်အပေါ် ပိုပြီး အာရုံစိုက်နိုင်လာမှာ ဖြစ်ပြီး ကိုယ်ရော စိတ်ရော ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေတယ်လို့ Positive Psychology ရဲ့ ဆောင်းပါးမှာ လေ့လာနိုင်ပါတယ်။

အာရုံ လွှဲပါ
ဖုန်းမသုံးရတဲ့အခါ ဘာလုပ်ရမှန်းမသိ၊ ဟာတာတာကြီး ဖြစ်နေတဲ့ခံစားချက်ကို ကျော်လွှားနိုင်ဖို့က အခက်ခဲဆုံးပါပဲ။ ဒါကြောင့် Digital Detox လုပ်နေတဲ့အချိန် ဖုန်းမသုံးဘဲ တခြားကိုအာရုံလွှဲနိုင်ဖို့ အခြားဝါသနာအသစ်တွေနဲ့ အစားထိုးသင့်ပါတယ်။ အားကစားလုပ်တာ၊ ပန်းချီဆွဲတာ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အပြင်မှာ တွေ့တာမျိုး စတဲ့ ကိုယ်ရောစိတ်ပါ တက်ကြွလှုပ်ရှားစေမဲ့ Activities တွေနဲ့ အစားထိုးရပါမယ်။ ဒီလို ပြင်ပလှုပ်ရှားမှုတွေကပဲ ဖုန်းသုံးတာထက် ပိုမိုကောင်းမွန်ပြီး တည်ငြိမ်တဲ့ စိတ်ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သလို စိတ်ဓာတ်ကြံ့ခိုင်မှုကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ဒီလို Activitiesတွေ အချိန်ကြာကြာလုပ်ဆောင်လာတာနဲ့အမျှ ဦးနှောက်က အာရုံစူးစိုက်ရတဲ့ အလုပ်တွေမှာ ပိုပြီး လုပ်ဆောင်လာနိုင်ပြီး ဖုန်းစွဲနေတာကို သိသိသာသာလျော့ချနိုင်မှာပါ။
Digital Detox လုပ်တယ်ဆိုတာ ဖုန်းလုံးဝမသုံးတာ၊ နည်းပညာနဲ့ လုံးဝဖြတ်တောက်လိုက်တာမျိုး မဟုတ်ဘဲ နည်းပညာက ကိုယ့်ကို ထိန်းချုပ်နေမယ့်အစား ကိုယ်က နည်းပညာကို စနစ်တကျ ပြန်လည်အသုံးချတတ်အောင် လေ့ကျင့်ယူတာပဲ ဖြစ်ပါတယ်။ အပေါ်မှာ ပြောပြသွားတဲ့ ၄ချက်ကတော့ Digital Detox ကို အောင်အောင်မြင်မြင်လုပ်နိုင်ဖို့ နည်းလမ်းကောင်းတွေက တချို့ဖြစ်ပြီး ဦးနှောက်ဖွံ့ဖြိုးမှု၊ စိတ်ခံစားချက် ထိန်းချုပ်နိုင်မှုနဲ့ Digital ပြင်ပမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေနိုင်ဖို့အတွက်လည်း အထောက်အကူကောင်း ဖြစ်စေမှာပါ။
Comments