နေ့စဥ်အသုံးချ စားသောက်မှုပုံစံကောင်းများ

Posted in အစားအစာ


ကျန်းမာပျော်ရွှင်တဲ့ လူနေမှုပုံစံကို ပိုင်ဆိုင်ဖို့ စတင် အလေ့အကျင့်လုပ်ကြပြီဆို တစ်နေ့တစ်ညတည်းနဲ့ အကုန်ပြောင်းလဲဖို့လည်း မဖြစ်နိုင်သလို၊ ချက်ချင်းပြောင်းလဲပစ်ဖို့လည်း မလိုပါဘူး။ နေ့စဥ်လုပ်နေကျ သေးငယ်တဲ့ ဆုံးဖြတ်ချက်တွေ၊ အလေ့အကျင့်တွေနဲ့ပဲ ရေရှည် ကျန်းမာလှပနေဖို့ ဖြေးဖြေးချင်း စတင်လုပ်ဆောင်ရုံပါပဲ။ ဒီနေရာမှာ အစားမစားဘဲ လေ့ကျင့်ခန်းချည်း လုပ်နေတာကလည်း အဆင်မပြေသလို၊ လေ့ကျင့်ခန်းမလုပ်ဘဲ အစားလျော့စားတာမျိုးတွေလည်း မဖြစ်သင့်တာကြောင့် ဒီနှစ်ခုလုံးကိုလည်း ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် အားအင်အပြည့်နဲ့ ပေါ့ပါးသွက်လက်ကာ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ကျားမ မရွေး ပိုင်ဆိုင်ရဖို့ မှန်ကန်ကျန်းမာတဲ့ အလေ့အကျင့်ကောင်း (၄) ချက်ကို မျှဝေပေးလိုက်ပါတယ်။

အာဟာရမျှတတဲ့ အစားအစာ

အစားစားကြတဲ့အခါ တော်တော်များများက ပမာဏများရင်ပြီးရော၊ အရသာရှိရင်ပြီး‌ရော စားတတ်ကြတာကြောင့် ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေကို အစားအစာတွေကနေ သေချာမရရှိနိုင်တော့ပါဘူး။ သင့်တင့်မျှတတဲ့ အချိုးအစားနဲ့ အာဟာရဖြစ်အောင် စားသုံးမှ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေရပြီး ဆဲလ်အသစ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်မှာပါ။ 

ဒါကြောင့် ထမင်းပန်းကန်ထဲမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးတွေကို ထက်ဝက်ခန့် ထည့်စားသင့်ပါတယ်။ ကျန်တဲ့ တစ်ဝက်ကိုတော့ အဆီနည်းတဲ့ ပရိုတင်း ဥပမာ - ကြက်သား၊ ငါး၊ ပဲပြား စတာတွေနဲ့ ဆန်ဆို ဆန်လုံးညို၊ ပေါင်မုန့်ဆို ဂျုံကြမ်းပေါင်မုန့် စတာတွေကို အချိုးကျ ထည့်သွင်းစားသုံးပေးရပါမယ်။

ထိန်းချုပ်ရမဲ့ ပမာဏ

ထမင်းစားကြတဲ့အခါ ဖုန်းကြည့်၊ တီဗီကြည့်ပြီး စားတတ်ကြတာ၊ ပမာဏမညီမျှတဲ့ အပြင်စာအမျိုးမျိုးကြောင့် ဘယ်လောက်စားလိုက်မိလည်း မသိတော့ဘဲ အလွန်အကျွံစားမိပြီး အဝလွန်တာတွေ အဖြစ်များတတ်ပါတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ဆို မှန်မှန်ကန်ကန် အစားစားတတ်ဖို့အပြင် စားမဲ့ ပမာဏကိုလည်း ထိန်းထိန်းသိမ်းသိမ်း စားတတ်ဖို့ အရေးကြီးတာပါ။ 

အစားအစာထည့်တဲ့အခါ ပန်းကန်အသေးများကို သုံးပြီး ထမင်းစားပြီးနောက်မှာ ဗိုက်မဝသေးဘူးလို့ ခံစားရတယ်ဆို ဒုတိယအကြိမ် ထမင်းထပ်မထည့်ခင် မိနစ် ၂၀ ခန့် စောင့်ဆိုင်းပေးပါ။ ဘာကြောင့်ဆို အစာအိမ်ကနေ ဗိုက်ဝကြောင်း ဦးနှောက်ကို အချက်ပြဖို့ အချိန်တစ်ခု လိုအပ်တယ်လို့ WedMD ရဲ့ ဆောင်းပါးမှာ အကြံပြုထားပါတယ်။

ဂရုစိုက်သင့်တဲ့ ရေဓာတ်ပမာဏ

ကျန်းမာတဲ့ နေထိုင်မှုပုံစံမှာ ရေကလည်း အဓိကအပါအဝင် ဖြစ်တာကြောင့် ခန္ဓာကိုယ်အတွင်း အပူချိန်ထိန်းညှိပေးပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးဖို့ ရေသေချာသောက်ပေးဖို့ လိုပါမယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်နည်းနည်း လျော့သွားရုံနဲ့တင် ပင်ပန်းနွမ်းနယ်လွယ်တာနဲ့ အာရုံစူးစိုက်မှု အားနည်းတာတွေကို ကြုံတွေ့ရတတ်တာပါ။ 

ရေသောက်ဖြစ်အောင် ဘယ်သွားသွား အနားမှာ ရေတစ်ဗူးထားထားပြီး တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက်မှ (၁၀) ခွက်အထိ သောက်သုံးပေးဖို့ လိုပါတယ်။ ရေချည်းပဲ သောက်ရပျင်းရင်တောင် သခွားသီး၊ သံပရာသီး သို့မဟုတ် ပူဒီနာရွက်လေးတွေကို ရေထဲ ထည့်ပြီး သောက်သုံးနိုင်ပါတယ်။

ပုံမှန်ရှိသင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု

ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားတတ်ဖို့အပြင် နေ့စဥ် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ရှိနေမှ မျှတကြံ့ခိုင်တဲ့ ဘဝနေထိုင်မှုပုံစံကောင်း ရရှိမှာပါ။ ဒါ့အပြင် အစားအသောက်နဲ့ လေ့ကျင့်ခန်းကို အတွဲညီညီ လုပ်ဆောင်နိုင်မှသာ ကိုယ်ခန္ဓာတွင်းက လျှင်မြန်ကျန်းမာတဲ့ ဇီဝကမ္မဖြစ်စဉ်နှင့် နုပျိုကြံ့ခိုင်မှုအပြင် ရေရှည်အတွက် အကျိုးကျေးဇူးကောင်းတွေ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် တစ်ပတ်ကို အနည်းဆုံး ၂နာရီလောက် အချိန်ပေးပြီး ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေ လုပ်တာ၊ တစ်ရက်ကို မိနစ် ၃၀ ခန့် လမ်းသွက်သွက်လျှောက်တာ သို့မဟုတ် စက်ဘီးစီးတာတို့ကို လုပ်ဆောင်ပေးနိုင်ပါတယ်။

ကျန်းမာတဲ့ ဘဝနေထိုင်မှုကောင်း ရရှိဖို့အတွက်ဆို တစ်ခါတရံ သတိရမှ လုပ်တာမျိုးမဟုတ်ဘဲ နေ့စဉ်ပြုလုပ်နေကျ သေးငယ်တဲ့ ရွေးချယ်ဆုံးဖြတ်မှုတွေအပေါ်မှာ အလေးထားဆင်ခြေတတ်ဖို့ လိုပါတယ်။ ဒါကြောင့် အပေါ်မှာ ပြောပြသွားတဲ့ အချက်၄ချက်ကို နေ့စဉ်ဘဝမှာ ဖြေးဖြေးချင်း စတင်လုပ်ဆောင်ရင်း ပိုပြီး ကျန်းမာလန်းဆန်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ 


Share

Comments

Related Posts