မိုးတွင်းအတွက် ဖိနပ်ကောင်းကောင်းတစ်ရံ ရွေးချယ်တော့မယ်ဆို

Posted in လူမှုဘဝ


မိုးရာသီရောက်ပြီဆို ဟိုဟိုဒီဒီ သွားလာလှုပ်ရှားရတဲ့ ကျောင်းသွား၊ ရုံးသွား နေ့စဥ်ဘဝတွေအတွက် အနည်းနဲ့ အများတော့ စိုစိုစွတ်စွတ်နဲ့ အဆင်မပြေမှုတွေ ရှိတတ်ကြပါတယ်။ ဒီထဲကမှ လူကြီးလူငယ်မရွေးအတွက် ထီးနဲ့ မိုးကာတွေအပြင် မိုးရာသီစီး ဖိနပ်တစ်ရံကိုလည်း ကောင်းကောင်းရွေးချယ်တတ်ဖို့ အရေးကြီးပြန်ပါတယ်။ အရည်အသွေးမကောင်းတဲ့ ဖိနပ်တွေနဲ့ဆို စိုစွတ်နေတဲ့ လမ်းမကြီးတွေ၊ ရွံ့ဗွက်ထနေတဲ့ လမ်းသွယ်လေးတွေ၊ ချော်နေတဲ့ ကြမ်းပြင်တွေကြောင့် သူ့ဘသူ အဆင်ပြေပြေဖြတ်သန်းနေတဲ့ နေ့ရက်တွေကနေ ကံမကောင်းတဲ့နေ့ အဖြစ် ပြောင်းလဲသွားနိုင်တာပါ။ 

ဒါကြောင့် မိုးတွင်းစီးဖိနပ်တွေ ‌ရွေးဝယ်တော့မယ်ဆို အပြင်ပန်း အလှအပနဲ့ ဖက်ရှင်ကျဖို့ထက် ကိုယ်ကိုယ်တိုင်နဲ့ ခြေထောက်လေးတွေအတွက်ပါ တစ်မိုးတွင်းလုံး သက်သောင့်သက်သာနဲ့ စိတ်ချရစေဖို့ လိုအပ်ပါတယ်။ ဒီအတွက် ခေါင်းမရှုပ်ရအောင် မိုးအတွက် ဖိနပ်ကောင်းကောင်းတစ်ရံကို လွယ်လွယ်ကူကူ ရွေးချယ်နိုင်ဖို့ နည်းလမ်းလေးတွေကို ကြည့်ကြည့်လိုက်ရအောင်။

သက်တောင့်သက်သာဖြစ်နေဖို့

ဘယ်လောက်ပဲ ဒီဇိုင်းလှလှနဲ့ ဖက်ရှင်ကျနေတဲ့ ဖိနပ်ပဲ ဖြစ်ပစေ ကိုယ့်အတွက် သက်သောင့်သက်သာ မရှိရင် မိုးရာသီမှာ သေချာပေါက် အခက်တွေ့တတ်တာပါ။ မိုးရေထဲ လမ်းလျှောက်ရတာက ပုံမှန်ထက် ပိုပင်ပန်းတာကြောင့် ခြေဖဝါးကို အထောက်အပံ့ဖြစ်ပြီး နူးညံ့တဲ့ ဖိနပ်အောက်ခံ ရှိဖို့ရယ်၊ လေဝင်လေထွက်ကောင်းပြီး ပေါ့ပေါ့ပါးပါးနဲ့ Flexible ဖြစ်ဖို့ရယ်က အဓိကအကျဆုံး ဖြစ်ပါတယ်။ ဒါမှ မိုးတွင်းစီးတဲ့အခါ ဖိနပ်က ရေဝင်ပြီး လေးလံနေတာမျိုးတွေ မဖြစ်စေဘဲ လမ်းလျှောက်တဲ့အခါမှာလည်း သက်သက်သာသာနဲ့ လိုရာခရီးကို သွားနိုင်မှာပါ။

ချော်မလဲစေဖို့

မိုးရွာရင် လမ်းတွေ၊ လှေကားတွေ၊ ကြွေပြားတွေက ချော်နေပြီး အန္တရာယ်များတတ်တာကြောင့် ဖိနပ်အောက်ခြေမှာ လိုင်းတွေ၊ အစင်းရာလေးတွေနဲ့အတူ Non-slip technologyနဲ့ ပြုလုပ်ထားတဲ့ ဖိနပ်မျိုးနဲ့ ခြေကုပ်အားကောင်းတဲ့ ရော်ဘာဖိနပ်အမျိုးအစားတွေသာ ရွေးချယ်သင့်ပါတယ်။ ဒီလို ဖိနပ်မျိုးတွေကို ကျောင်းသား၊ ရုံးသမားတွေအပြင် နေ့စဥ် မိုးထဲလေထဲ အပြင်ထွက် သွားလာနေရတဲ့သူတွေအထိ သေချာရွေးချယ် စီးသင့်ပါတယ်။ ဒါမှသာ လမ်းလျှောက်တဲ့အခါ ချော်လဲမှာကို စိုးရိမ်စရာမလိုဘဲ ယုံကြည်မှုရှိရှိ လျှောက်နိုင်မှာ ဖြစ်ပါတယ်။

ရေအခြောက်မြန်စေဖို့

မိုးတွင်းမှာကတော့ ဖိနပ်တွေက သေချာပေါက် ရေစို၊ မိုးစိုမှာမလို့ လေဝင်လေထွက်ကောင်းပြီး ရေခြောက်လွယ်မယ့် ဖိနပ်မျိုးကို ဦးစားပေး ရွေးချယ်ရမှာပါ။ မဟုတ်ရင် ရေဝင်နေတဲ့ ဖိနပ်တွေက အနံ့အသက်ဆိုးရုံတင်မကဘဲ ခြေထောက်မှာ မှိုစွဲတာမျိုးပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေမတင်တဲ့ ဖိနပ်အမျိုးအစားတွေက ရေဆေးရတာလည်း လွယ်ကူသလို ခြောက်တာလည်း အရမ်းမြန်ပါတယ်။ ဒါ့အပြင် ဒီလိုမိုးရာသီမှာ ဖိနပ်၂ရံလောက် ထားထားတာကလည်း မိုးစိုတဲ့အခါ တစ်ရံမခြောက်ခင်မှာ နောက်တစ်ရံကို အစားထိုး စီးထားလို့ ရတာပေါ့။ 

ကြာရှည်ခံစေဖို့

မိုးရေ၊ စိုထိုင်းဆ၊ ရွှံ့နဲ့ အမှုန်အမွှားတွေက အရည်အသွေးမကောင်းတဲ့ ဖိနပ်တွေကို အလွယ်တကူပဲ ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ချုပ်ရိုးချုပ်သား ခိုင်ခံ့တာ ဒါမှမဟုတ် တစ်ဆက်တည်း ပုံလောင်းထားတဲ့ ဖိနပ်တွေကသာ ရေရှည်ခံမှာပါ။ အခုလို အရည်အသွေးကောင်းတဲ့အတွက် စျေးအနည်းငယ်မြင့်ရင်တောင် ဝယ်စီးသင့်တာကြောင့် ခဏခဏ ဖိနပ်အသစ် ဝယ်ရမယ့်စရိတ်နဲ့ ယှဥ်ကြည့်ရင် အများကြီး သက်သာစေမှာပါ။

မိုးတွင်းအတွက် ဖိနပ်ကောင်းကောင်း ဝယ်စီးတော့မယ်ဆိုရင် လှဖို့တစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ စီးလိုက်ရင် သက်သောင့်သက်သာရှိပြီး လမ်းမချော်ဖို့၊ ရေစိုရင်လည်း အမြန်ခြောက်ပြီး တာရှည်ခံဖို့က ပိုပြီး အရေးကြီးပါတယ်။ အပေါ်မှာ‌ ပြောပြသွားတဲ့အချက်လေးတွေနဲ့သာ သေချာလေး ရွေးချယ်မယ်ဆိုရင်တော့ မိုးဘယ်လောက်ရွာရွာ စိတ်ညစ်စရာမလိုဘဲ ဘယ်နေရာသွားသွား ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်မှာပါနော်။ 


Share

Comments

Related Posts