
ကိုယ့်နေအိမ် ပတ်ဝန်းကျင်လေးကို အသစ်တဖန် အပြောင်းအလဲဖြစ်သွားအောင်နဲ့ ဒီ့ထက်ပိုပြီး နေချင့်စဖွယ်ကမ္ဘာလေး ဖြစ်အောင် ဖန်တီးချင်ပေမဲ့ ငွေကုန်ကြေးကျများမှာ စိုးရိမ်လို့ မလုပ်ဖြစ်ကြသူတွေ ရှိကြလား။ အကြီးစားပြင်ဆင်မှုတွေနဲ့မှ အိမ်ခန်းလေးကို အမြင်လှအောင် အဆင့်မြှင့်နိုင်တာမျိုးမဟုတ်ဘဲ ကိုယ်လိုချင်တဲ့ပုံစံကို ပြင်ဆင်မှုအနည်းငယ် လုပ်လိုက်ရုံနဲ့ စိတ်အေးချမ်းစရာကောင်းတဲ့ နေရာလေးတစ်ခုကို ဖန်တီးနိုင်ပါတယ်နော်။ ကိုယ်က တိုက်ခန်းနဲ့ပဲ နေနေ၊ လုံးချင်းအိမ်နဲ့ပဲ နေနေ အခုပြောပြသွားမဲ့ အိမ်တွင်း အလှဆင်နည်းလမ်းလေးတွေက ငွေကြေးကုန်ကျမှုမများစေဘဲ အသုံးဝင်စေမဲ့အပြင် လှပနွေးထွေးတဲ့ နေရာကောင်းလေး ဖြစ်အောင် ပြောင်းလဲနိုင်မှာမလို့ ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်လိုက်နော်။

နံရံလှလှ ဆေးသုတ်မယ်
နံရံကို ဆေးရောင်ပြောင်းသုတ်လိုက်တာက အခန်းပတ်ဝန်းကျင်ကို ပြန်လည် တောက်ပလန်းဆန်းအောင် ဖန်တီးနိုင်ဆုံးပါ။ ဆေးသုတ်တာက နံရံပေါ်မှာ အစွန်းအထင်းလေးတွေ ရှိမယ်ဆိုရင်လည်း ဒါတွေကို ဖုံးကွယ်ပေးရုံတင်မကဘဲ အခန်းကျဉ်းလေးတွေကိုလည်း ပိုမိုကျယ်ဝန်းသွားသလို ခံစားရစေပါတယ်။ ဒါကြောင့်
- သဘာဝအလင်းရောင်ကို ပိုမိုထင်ဟပ်စေပြီး အခန်းကျယ်သွားစေဖို့ အဖြူရောင် ဒါမှမဟုတ် အရောင်နုနုတွေကို ရွေးချယ်ပေးပါ။
- ထူးခြားသွားအောင်လို့ဆို နံရံအားလုံးထဲက တစ်ဖက်တည်းကိုပဲ မြစိမ်းရောင်ရင့်ရင့် ဒါမှမဟုတ် အုတ်နီရောင် (Terracotta) လိုမျိုး အရောင်ငြိမ် တစ်ရောင်တည်း သီးသန့်သုတ်ပေးပါ။
- ကုန်ကျစရိတ် အနည်းငယ်သက်သာစေဖို့အတွက် အနီးအနားက အိမ်သုတ်ဆေးဆိုင်တွေမှာ အလွယ်တကူရနိုင်ပြီး အရည်အသွေးကောင်းတဲ့ ပြည်တွင်းဖြစ်အမှတ်တံဆိပ်တွေကို ရွေးချယ်ပါ။
မြန်မာ့ရိုးရာ ပစ္စည်းလေးတွေ အသုံးပြုမယ်
သဘာဝဆန်ဆန်နဲ့ စတိုင်ကျလှပနေအောင် ကိုယ့်ဒေသထွက် လက်မှုပစ္စည်းလေးတွေဖြစ်တဲ့ ဝါးနှင့် နှီးထည်ပစ္စည်းတွေ အသုံးပြုတာကလည်း ကိုယ့်အခန်းလေးကို ငွေကြေးသက်သက်သာသာနဲ့ ပြင်ဆင်ပြောင်းလဲလို့ ရတာပါ။
- အဝတ်အထည်တွေ၊ ပစ္စည်းပစ္စယတွေနဲ့ ကလေးကစားစရာတွေ ထည့်ဖို့ ပလတ်စတစ်ဗူး၊ ပလတ်စတစ်ခြင်းတွေ မသုံးတော့ဘဲ နှီးခြင်း၊ ဝါးခြင်းလှလှလေးတွေကို အစားထိုးအသုံးပြုပါ။
- အိမ်အဝင်ဝတွေ၊ ဧည့်ခန်းနဲ့ ထမင်းစားခန်းတွေမှာ အနုပညာဆိုင်ပြီး မျက်စိပသာဒလည်း ဖြစ်စေတဲ့ ဝါးမီးဆိုင်းလေးတွေ၊ အုန်းခွံမီးဆိုင်းလေးတွေ ဆွဲထားတာကလည်း အခန်းကို ပိုပေါ်လွင်စေမှာပါ။
- ဒါတွေကို ဈေးကြီးတဲ့ ဆိုင်ကြီးတွေမှာ ဝယ်တာထက် လက်မှုပညာရှင်တွေဆီက တိုက်ရိုက်ဖြစ်ဖြစ် ကိုယ့်ဒေသတွင်း လက်မှုပစ္စည်းအရောင်းဆိုင်လေးတွေမှာ သွားရောက်ဝယ်ယူတာက စျေးသက်သက်သာသာ ဝယ်ယူနိုင်ပါတယ်။

မီးအလင်းအမှောင်ကို ပြောင်းလဲမယ်
နံရံဆေးသုတ်သလိုမျိုး မီးအလင်းအမှောင်ပုံစံလေးတွေ ပြောင်းလိုက်ရုံနဲ့တင် အခန်းရဲ့ အငွေ့အသက်က ချက်ချင်းပြောင်းလဲသွားစေနိုင်တာပါ။ ဘာကြောင့်ဆို တော်တော်များများအသုံးပြုနေကြတဲ့ မျက်နှာကြက်ကနေ တိုက်ရိုက်လင်းနေတဲ့ မီးချောင်းဖြူကြီးတွေ (Fluorescent) တွေက အခန်းကို အေးစက်စက်ဖြစ်စေပြီး ရုံးခန်းလို ခံစားရစေပါတယ်။ ဒီလိုမဖြစ်ဖို့ဆို
- အခန်းထဲမှာ နွေးထွေးအေးချမ်းတဲ့ ခံစားချက်ရဖို့ ခေတ်မီတဲ့ စားပွဲတင်မီးအိမ်လေးတွေ၊ မျက်နှာကြက်မီးဆိုင်းလေးတွေကို ပေါင်းစပ် အလင်းပေးစေပါ။
- ခုနက ပြောတဲ့ မီးချောင်းဖြူတွေကို အရံအနေနဲ့သာထားပြီး LED မီးသီးတွေ အထူးသဖြင့် အဝါနုရောင် (Warm White - 2700K–3000K) ထွက်တဲ့ မီးသီးတွေကို တပ်ဆင်လိုက်တာက အိမ်တွင်းမှာရှိတဲ့ အရောင်တွေကို စိုပြည်စေမှာပါ။
ပရိဘောဂတွေ ပြန်နေရာချကြည့်မယ်
အပေါ်မှာ ပြောပြသွားတဲ့အချက်တွေလည်း မလုပ်နိုင်သေးဘူးဆို လက်ရှိရှိနေတဲ့ ပရိဘောဂတွေကို နေရာအထားအသို ပြန်ပြောင်းလိုက်ရုံနဲ့တင် အပြောင်းအလဲကောင်းတစ်ခု ဖြစ်စေမှာ အမှန်ပါ။ အခန်းတွင်း သွားလာရလွယ်ကူပြီး ပိုအသုံးဝင်လာစေမဲ့အပြင် ငွေကြေးကုန်ကျမှုလည်း မရှိနိုင်လို့ အကောင်းဆုံးပြင်ဆင်မှု ဖြစ်မှာပါပဲ။
- အိမ်ထဲ အခန်းထဲဝင်ဝင်ချင်းမှာ ပရိဘောဂတွေ၊ ပစ္စည်းတွေနဲ့ ရှုပ်ယှက်ခက်မနေဘဲ လမ်းကြောင်းတွေကို ရှင်းရှင်းလင်းလင်း ထားတာက ကျယ်ဝန်းတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။
- ဆိုဖာတွေ၊ ထိုင်ခုံတွေကို နံရံနဲ့ ကပ်မထားဘဲ လက်မအနည်းငယ်လောက် ခွာထားပေးတာကလည်း အခန်းကို ပိုကျယ်တယ်လို့ ထင်ရစေပါတယ်။
- နောက်ပြီး ကိုယ်က အခန်းထဲမှာ သို့ အခန်းထောင့်တစ်နေရာမှာ အာရုံစိုက်ပြီး စာလုပ်ရတယ်၊ အလုပ်လုပ်ရတယ်ဆို အိပ်ရာနဲ့ အလုပ်လုပ်မဲ့ နေရာကို ပိုင်းခြားဖို့ စာအုပ်စင်မြင့်မြင့် သို့ သစ်သားလိုက်ကာလေးတွေ သုံးပြီး နေရာခွဲခြားထားနိုင်ပါသေးတယ်။
ဒါ့အပြင် အခန်းလေးကို ရိုးရှင်းလွန်းမနေအောင် ခေတ်မီနွေးထွေးတဲ့ ခံစားချက်ရစေမဲ့ ရိုးရာယက်ကန်းထည်တွေ အသုံးပြုရင်း အခင်း၊ ပဝါလေးတွေနဲ့ ခေါင်းအုံးစွပ်လှလှလေး ဖန်တီးနိုင်ပါသေးတယ်။ အိမ်တွင်းလေထုကို သန့်စင်ပေးပြီး စိမ်းစိုလန်းဆန်းစေမဲ့ Indoor အပင်လေးတွေ ထားရှိတာကလည်း ငွေကုန်ကြေးကျသိပ်မများစေတဲ့ အလှဆင်ပစ္စည်းတွေ ဖြစ်စေမှာပါ။ အခုလို ပြောပြသွားတဲ့ နည်းလမ်းလေးတွေနဲ့ ကိုယ့်အိမ်ခန်းလေးကို အဆင့်မြင့်တင် ပြောင်းလဲကြည့်ပြီး ဒီ့ထက် ထူးခြားလှပတဲ့ အိမ်အလှဆင်နည်းလမ်းလေးတွေ ရှိတယ်ဆို အားလုံးသိရအောင် Comment မှာ မျှဝေခဲ့ဦးနော်။