
ချစ်ရတဲ့ တိလေးတွေအတွက် အိမ်မှာ အစာခြောက်တွေ၊ Creamy အထုပ်တွေ၊ အားဆေးတွေ ကုန်ပြီဆို ဆိုင်တွေမှာ သွားဝယ်တာပဲဖြစ်ဖြစ်၊ Online က ဝယ်ရတာပဲဖြစ်ဖြစ် မပြတ်လပ်သွားအောင် အမြဲစုဆောင်းဖြစ်ကြမှာပါ။ ဒီလိုဝယ်တဲ့အခါ အပြင်ပန်း မြင်နေရတဲ့ တောက်ပတဲ့ အရည်အသွေးတွေ၊ သပ်ရပ်တဲ့ ထုပ်ပိုးမှုတွေနဲ့ လတ်ဆတ်တဲ့ အသားပုံတွေနဲ့ပဲ ဝယ်ယူဖို့ ဆုံးဖြတ်လို့မရတာကြောင့် ကိုယ့်ခွေးလေး၊ကြောင်လေးရဲ့ ကျန်းမာရေးနဲ့ သင့်တော်မတော် ချိန်ဆနိုင်ဖို့ အရေးကြီးတာပါ။ ဒါကြောင့် တိလေးတွေအတွက် အမှန်တကယ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာကို ရွေးချယ်နိုင်ဖို့ဆိုရင် Pet Food အထုပ်တွေရဲ့ အရှေ့က အပေါ်ယံကြော်ငြာတွေကိုပဲ မကြည့်ဘဲ အိတ်ရဲ့ အနောက်ဘက်က ပါဝင်ပစ္စည်းဇယားကိုလည်း လှန်လှောဖတ်ရှုတတ်ဖို့ လိုအပ်ပါတယ်။

ထိပ်ဆုံးမှာ ပါတတ်တဲ့ ပါဝင်ပစ္စည်းတွေ
ပါဝင်ပစ္စည်းဇယား ကြည့်တဲ့အခါ ပုံမှန်အားဖြင့် အိမ်မွေးတိရစ္ဆာန်အစာထဲမှာ ပါဝင်တဲ့ပစ္စည်းတွေကို အလေးချိန်အများဆုံး ကနေ အနည်းဆုံးအတိုင်း အစဉ်လိုက် ရေးသားရပါတယ်။ အသားအစိမ်းတွေမှာ ရေဓာတ် ၇၀ ရာခိုင်နှုန်းခန့် ပါဝင်နေတတ်တဲ့အတွက် ဒါတွေက အမြဲတမ်း စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းတစ်မျိုးရဲ့ ၈၀ ရာခိုင်နှုန်းလောက် ဖွဲ့စည်းထားတဲ့ ပထမဆုံး ပါဝင်ပစ္စည်း ၅ မျိုး ကို အမြဲသတိပြုကြည့်ရပါမယ်။ ကြက်သား၊ ဆယ်လ်မွန်ငါး စတဲ့ အသားအမျိုးအစားကို တိတိကျကျရေးထားတာမျိုးနဲ့ လတ်ဆတ်တဲ့အသားကို ရေဓာတ်ထုတ်ပြီး အမှုန့်ပြုလုပ်ထားတာတွေက ပရိုတင်းဓာတ် ပိုမိုသိပ်သည်းစွာ ပါဝင်လို့ ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဒါပေမဲ့ တိရစ္ဆာန်ဘေးထွက်ပစ္စည်း (Animal by-products) လိုမျိုး အသားအကြွင်းအကျန်တွေ ပါတာမျိုးဆို အရည်အသွေးမကောင်းနိုင်လို့ မဝယ်ယူသင့်ပါဘူး။
အာဟာရဓာတ် ရာခိုင်နှုန်း (Guaranteed Analysis)
ဒါက အိမ်မွေးတိရစ္ဆာန်အစာထဲမှာ အကြမ်းအားဖြင့် ပါဝင်မဲ့ ပရိုတင်း (Crude protein)၊ အဆီ (Fat)၊ အမျှင်ဓာတ် (Fiber) နဲ့ ရေဓာတ် (Moisture) တို့ရဲ့ အနည်းဆုံးနဲ့ အများဆုံး ပါဝင်နိုင်တဲ့ ရာခိုင်နှုန်းတွေကို ပြသပေးတာ ဖြစ်ပါတယ်။ ဒီလိုအချက်အလက်တွေက ဒီအစားအစာဟာ ကိုယ့်တိလေးတွေရဲ့ အာဟာရလိုအပ်ချက်ကို ပြည့်မီမှု ရှိ၊ မရှိ ဆုံးဖြတ်ရာမှာ ကူညီပေးပါတယ်။ ဒါပေမဲ့ အာဟာရတန်ဖိုး အတိအကျ ပါဝင်တဲ့ ပမာဏကို ပြသပေးတာ မဟုတ်တဲ့အတွက် ပါဝင်တဲ့ ပရိုတင်းနဲ့ အဆီရာခိုင်နှုန်းတွေက ကိုယ့်တိလေးတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှု ရှိ၊ မရှိ သေချာအောင် စစ်ဆေးသင့်တာပါ။ ဥပမာ ကြောင်တွေက ခွေးတွေထက် ပရိုတင်းဓာတ် ပါဝင်မှုအဆင့် ပိုများများ လိုအပ်ကြလို့ ဒါတွေကိုလည်း ဂရုပြုရွေးချယ်သင့်ပါတယ်။

ဓာတု တာရှည်ခံပစ္စည်းတွေ
အပေါ်မှာ ပြောပြသွားတဲ့ ပါဝင်ပစ္စည်းတွေ ပါမပါ စစ်ဆေးဖို့အပြင် မပါသင့်တဲ့ ဓာတုပစ္စည်းတွေနဲ့ တိလေးတွေအတွက် ဆိုးကျိုးတွေရှိနိုင်တဲ့ ပါဝင်ပစ္စည်းတွေ မပါအောင် စီစစ်သင့်ပါတယ်။
- ဈေးသက်သာအောင် ထည့်ထားတတ်တဲ့ ကစီဓာတ်တွေနဲ့ အသည်း၊ ကျောက်ကပ် ပျက်စီးစေနိုင်တဲ့ ဓာတုပစ္စည်းတွေနဲ့
- BHA၊ BHT စတဲ့ ဓာတု တာရှည်ခံဆေးတွေ သုံးထားတဲ့အစာတွေအပြင်
- ပြောင်းဖူးမှုန့်၊ ဂျုံမှုန့် သို့မဟုတ် ပဲပိစပ်တွေကို အဓိက သုံးထားတဲ့အစာတွေက အာဟာရတန်ဖိုး နည်းပါးပြီး တိလေးတွေကို အရေပြားယားယံတာနဲ့ အမွေးကျွတ်တာတို့ကို ဖြစ်စေတတ်ပါတယ်။
ဒါတွေအစား သဘာဝအတိုင်းဖြစ်တဲ့ Vitamin E သို့မဟုတ် ရိုစ့်မေရီအဆီအနှစ် (Rosemary extract) နဲ့ တာရှည်ခံအောင် လုပ်ထားတဲ့ အမှတ်တံဆိပ်တွေကိုသာ ရွေးချယ်သင့်တာပါ။
တိလေးတို့အတွက် Pet Food တွေ ရွေးချယ်ဝယ်ယူတဲ့အခါ အပေါ်မှာပြောပြသွားတဲ့အချက်လေးတွေအပြင် AAFCO (Association of American Feed Control Officials) ရဲ့ ထောက်ခံချက် ပါမပါ စစ်ဆေးသင့်ပြီး ဒါမှသာ အိမ်က တိလေးတွေအတွက် အာဟာရပြည့်ဝမျှတနေမှာ ဖြစ်ကြောင်း သေချာစေမှာပါ။ ဒါ့အပြင် Pet Food တွေကို ဖွင့်ပြီးရင် လေဝင်ပြီး မှိုတက်တာတွေတွေ မဖြစ်ရအောင် ဇစ် (seal) ပါတဲ့ အိတ်ပုံစံတွေကို ရွေးချယ်ဝယ်ယူဖို့ အကြံပြုလိုပါတယ်။
Comments