
ဒီရက်ပိုင်းတွေမှာ ခပ်စိပ်စိပ်တွေ့လာရတဲ့ ကျောက်ကပ်ရောဂါတွေဟာ လူကြီး၊ လူငယ်မရွေး ဖြစ်ပွားနေကြပြီး ကုသရာမှာလည်း စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ ငွေကြေးကုန်ကျမှုတွေကလည်း မနည်းလှပါဘူး။ ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်အတွင်းက အညစ်အကြေးတွေကို စစ်ထုတ်ဖို့နဲ့ အရည်တွေကို မျှတစေဖို့အပြင် သွေးဖိအားကို ထိန်းညှိပေးဖို့ ၂၄နာရီပတ်လုံး အလုပ်လုပ်ပေးပါတယ်။ အခုလိုလုပ်ဆောင်ပေးနေတဲ့ ကျောက်ကပ်ကို သတိမထားမိဘဲ မကျန်းမာစေတဲ့ နေ့စဥ်အလေ့အထတွေကို လုပ်ဆောင်နေမိမယ်ဆိုရင်တော့ အနှေးနဲ့အမြန် ပျက်စီးလာမှာ အမှန်ပါ။ ကျောက်ကပ်ပျက်ပြီဆိုတာနဲ့ အလုပ်အကိုင်၊ ပညာရေးနဲ့ အနာဂတ်တွေ ပျက်စီးပြီး ဒီနာတာရှည်ရောဂါကုနေရတာနဲ့တင် ဘဝက အချိန်ကုန်သွားနိုင်တာကြောင့် ဒီလိုရောဂါကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ဖို့ အရေးကြီးလှပါတယ်။ ဒါကြောင့် ကိုယ့်ကျောက်ကပ်တွေကို ပျက်စီးစေနိုင်တဲ့ နေ့စဥ်အလေ့အကျင့်အမှားတွေကို ကြိုတင်သိရှိပြီး ဆင်ခြင်ထားနိုင်ဖို့ လိုအပ်နေပြီမလို့ ဒီဆောင်းပါးလေးမှာ ဖတ်ရှုဆန်းစစ်ကြည့်လိုက်ရအောင်။

ရေအလုံအလောက် မသောက်တာ
ကျောက်ကပ်အတွက် ရေက အရေးကြီးဆုံးဖြစ်ပြီး ရေဓာတ်ပြည့်ဝနေမှ ကိုယ်တွင်းက ဆိုဒီယမ်နဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ အကူအညီဖြစ်စေမှာပါ။ ရေဓာတ်ခမ်းခြောက်နေမယ်ဆို ကျောက်ကပ်ကို သွေးစစ်ထုတ်ဖို့ ခက်ခဲစေပြီး ကျောက်ကပ် ကျောက်တည်တာနဲ့ ဆီးလမ်းကြောင်းပိုးဝင်တာတွေ ဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ဖို့ အရေးကြီးပြီး နေထိုင်ရာ နေရာဒေသ၊ ရာသီဥတုနဲ့ ကိုယ်လက်လှုပ်ရှားမှုအပေါ် မူတည်ပြီး ရေပမာဏကို တိုးသောက်ဖို့ လိုအပ်ပါတယ်။
အကိုက်အခဲပျောက်ဆေး အသောက်များတာ
အက်စပရင် (Aspirin)၊ အိုင်ဗျူပရိုဖင် (Ibuprofen) စတဲ့ အကိုက်အခဲပျောက်ဆေးတွေကို မကြာခဏ သောက်သုံးနေမိတာကလည်း ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ ဒီဆေးတွေက ဆေးဝါးများသည် ကျောက်ကပ် သွေးစီးဆင်းမှုကို တိုက်ရိုက် လျှော့ချပစ်တာကြောင့် ရုတ်တရက် ကျောက်ကပ်ထိခိုက်တာအပြင် ရေရှည်မှာလည်း ကျောက်ကပ်ပျက်စီးတာကို ဖြစ်စေနိုင်တာပါ။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို နေ့တိုင်း မှီဝဲနေတာကနေ ရှောင်ကြဉ်ပြီး မဖြစ်မနေ သောက်သုံးရမယ်ဆိုမှ ဆေးဝါးတွေရဲ့ လမ်းညွှန်ချက်တွေ၊ သတိပေးချက်တွေကို သေချာဖတ်ရှုပြီး လိုအပ်ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။

ဆား စားသုံးမှု လွန်ကဲတာ
ဆိုဒီယမ် မြင့်မားတဲ့ အစားအစာများက သွေးတိုးစေတဲ့အပြင် ကျောက်ကပ်အပေါ် မှာလည်း ဆိုးကျိုးတွေရှိလို့နေတာပါ။ CDC ရဲ့ ဆောင်းပါးတစ်ခုမှာဆို အလွန်အကျွံ ဆားစားသုံးတာက သွေးကြောတွေကို တင်းမာစေပြီး အချိန်ကြာလာတာနဲ့အမျှ ကျောက်ကပ်အတွင်းမှာရှိတဲ့ နုနယ်တဲ့ သွေးစစ်ထုတ်စနစ်တွေကို ပျက်စီးစေကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် ပြန်လည်ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ အသင့်စား အစားအစာတွေကို လျှော့စားဖို့ လိုပါတယ်။ ကျောက်ကပ်ကို ထိန်းသိမ်းဖို့အပြင် သွေးတိုးရောဂါပါ ကာကွယ်ဖို့ဆို ဟင်းလျာတွေမှာ စားပွဲတင်ဆားအစား သဘာဝဟင်းခတ်အမွှေးအကြိုင်တွေကို အသုံးပြုနိုင်ပါတယ်။
သကြား စားသုံးမှု လွန်ကဲတာ
အားလုံးသိကြတဲ့အတိုင်း သကြားကလည်း ကျောက်ကပ်အပြင် ဆီးချိုနဲ့ အဝလွန်တာတွေကိုပါ ဖြစ်စေပါတယ်။ သွေးတွင်းသကြားဓာတ်မြင့်မားနေတာက ကျောက်ကပ်ရဲ့ သွေးကြောလေးတွေကို ပိတ်ဆို့ပြီး အမာရွတ်ဖြစ်စေတာကြောင့် ဆီးချိုရောဂါက ကျောက်ကပ်ပျက်စီးရခြင်းရဲ့ နံပါတ်တစ် အကြောင်းရင်း ဖြစ်လို့နေတာပါ။ ဒါကြောင့် အစားအသောက်တွေ စားတဲ့အခါ အညွှန်းသေချာဖတ်ပြီး သကြားပါတဲ့ အအေးတွေ၊ အချိုပွဲတွေအစား လတ်ဆတ်တဲ့ အသီးအနှံတွေကို ပြောင်းလဲစားသုံးသင့်ပါတယ်။

အမြဲ ဆီးအောင့်ထားတာ
ဆီးသွားချင်စိတ်ကို ခဏခဏ အောင့်ထားတာက ဆီးအိမ်အတွင်းမှာ ဖိအားမြင့်တက်စေပြီး ရေရှည်မှာ ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါက အကျင့်ဖြစ်သွားရင် ဆီးသွားရင် ဆီးကျန်တာ၊ ပြင်းထန်တဲ့ ကျောက်ကပ်ပိုးဝင်တာနဲ့ နောက်ပြန်စီးတဲ့ အရည်ဖိအားကြောင့် ကြာလာရင် ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်နိုင်ခြေများတာပါ။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေကို သတိထားစောင့်ကြည့်ပြီး ဆီးသွားချင်စိတ်ဖြစ်လာတာနဲ့ ချက်ချင်းဆီးသွားဖို့ လိုအပ်ပါတယ်။
အိပ်ရေး မဝတာ
ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်က ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း အိပ်ရာဝင်တယ်၊ အိပ်ရာထတယ် စသဖြင့် သူ့သံသရာနဲ့သူ ဆက်စပ်နေတာ တော်တော်များများ သတိမထားမိကြပါဘူး။ ကျောက်ကပ်အတွင်းမှာရှိတဲ့ တစ်ရှူးတွေ ပြန်လည် ဖွံ့ဖြိုးမှုက အိပ်ပျော်နေချိန်အတွင်းမှာ အများဆုံး ဖြစ်ပွားတတ်တာပါ။ Kidney Coach ရဲ့ လေ့လာချက်မှာလည်း အမြဲအိပ်ရေးပျက်တတ်တယ်ဆို ဒီကျောက်ကပ်ရဲ့ ပြန်လည်ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်ပြီး ကျောက်ကပ်လုပ်ဆောင်ချက်ကို ကျဆင်းစေတတ်တာပါ။ ဒါကြောင့် ညတိုင်း ၇ နာရီ ကနေ ၈ နာရီအထိ အနှောင့်အယှက်မရှိ အိပ်စက်နိုင်ဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။

ဆေးလိပ် အရက် သောက်သုံးမှု လွန်ကဲတာ
ဆေးလိပ်သောက်တာက တစ်ကိုယ်လုံးရှိတဲ့ သွေးကြောတွေကို ပျက်စီးစေပြီး ကျောက်ကပ်လိုမျိုး အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို သွေးစီးဆင်းမှု သိသိသာသာ နှေးကွေးစေပါတယ်။ အရက်ကလည်း ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်စေပြီး အဆိပ်အတောက်တွေကို စစ်ထုတ်ဖို့ ကျောက်ကပ်ကို နှစ်ဆပိုမို အလုပ်လုပ်စေတာပါ။ ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ လိုအပ်တဲ့အပြင် အရက်ကိုလည်း အလွန်အကျွံသောက်တာကနေ ရှောင်ကြဥ်ရမှာပါ။
ကျောက်ကပ်ပျက်စီးပြီဆို အများအားဖြင့် နောက်ဆုံးအဆင့်ရောက်မှ အသိများကြပြီး စစဖြစ်ချင်းတွေမှာ ဘာလက္ခဏာမှ မပြဘဲ တိတ်တဆိတ် ဖြစ်ပွားနေတတ်တာပါ။ အပေါ်မှာပြောပြသွားတဲ့ ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ နေ့စဉ်အလေ့အထတွေကို သိရှိဆင်ခြင်နိုင်မယ်ဆို ဘယ်လောက်ပဲ သေးငယ်မှန်ကန်တဲ့ နေထိုင်မှုပုံစံအပြောင်းအလဲလေးတွေ ဖြစ်ပါစေ ကိုယ့်ကျောက်ကပ်တွေရဲ့ လုပ်ဆောင်ချက်ကို နောက်နှစ်ပေါင်းများစွာအထိ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။
Comments