မိုးရာသီမှာ ဘာကြောင့် အဆစ်အမြစ်တွေ ကိုက်ခဲတတ်တာလဲ

Posted in ကျန်းမာရေး


လူကြီးလူငယ်မရွေး ဖြစ်တတ်တဲ့ အဆစ်အမြစ် ကိုက်ခဲနာကျင်တာတွေက သာမန်ဖြစ်တတ်တဲ့ ‌ဝေဒနာတစ်ခုပေမဲ့ အခုလို အပူချိန်ပြောင်းလဲတတ်တဲ့ မိုးရာသီရောက်လာပြီဆို သာမာန်ထက် ပိုပြီး ဝေဒနာခံစားရတတ်ပါတယ်။ ပူရာကနေ အနည်းငယ် အေးစပြုလာတဲ့ မိုးရာသီဆိုတာက နေလို့ထိုင်လို့တော့ ကောင်းလာပေမဲ့ အခုလို အဆစ်အမြစ်ရောင်ရမ်းတာတွေ ဖြစ်တတ်တဲ့ ရောဂါဝေဒနာရှင်အတွက်ကတော့ မရောက်ချင်ဆုံး ကာလဆိုလည်း မမှားပါဘူး။ ဒါကြောင့် အဆစ်အမြစ်ကိုက်ခဲတာတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေနဲ့ သက်သာစေမဲ့ နည်းလမ်းလေးတွေကို သိရှိထားမယ်ဆို ရာသီဥတုဒဏ်ကို ကျော်လွှားနိုင်ဖို့ အထောက်အကူဖြစ်စေမှာမလို့ ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်လိုက်နော်။

ဘာကြောင့်မိုးရာသီမှာ ပိုဖြစ်တတ်တာလဲ

တခြားရာသီတွေထက် မိုးတွင်းမှာ အဆစ်အမြစ်ကိုက်ခဲတာတွေ ပိုဖြစ်တတ်တာလဲဆိုတော့ မိုးရာသီရဲ့ ရာသီဥတုအပြောင်းအလဲမှာ ခန္ဓာကိုယ်အတွင်းက ဖြစ်လာတဲ့ တုံ့ပြန်မှုတွေကြောင့်လို့ ဆိုရမှာပါ။ အဓိကအကြောင်းရင်းတွေကတော့ 

လေထုဖိအား ပြောင်းလဲခြင်း - မိုးရာသီမှာ မိုးသည်းထန်တယ်၊ မုန်တိုင်းတွေဖြစ်တော့မယ်ဆို လေထုဖိအား (Barometric Pressure) ကျဆင်းသွားတတ်ပါတယ်။ ဒီလို လေထုဖိအား ကျဆင်းသွားတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေ၊ အရွတ်တွေနဲ့ ကြွက်သားတွေ ပွလာနိုင်ပြီး နဂိုက ရောင်ရမ်းနေတဲ့၊ ပျက်စီးနေတဲ့ အဆစ်တွေမှာ ဖိအားပိုဖြစ်စေတာပါ။

စိုထိုင်းဆ မြင့်မားခြင်း - လေထုထဲ စိုထိုင်းဆ (Humidity) မြင့်မားနေတာကလည်း ခန္ဓာကိုယ်မှာရှိတဲ့ တစ်ရှူးတွေမှာ အပြောင်းအလဲတွေ ဖြစ်စေပြီး အဆစ်အမြစ် ပတ်ပတ်လည်မှာရှိတဲ့ အာရုံကြောတွေကို ပိုထိခိုက်လွယ်စေပါတယ်။

လှုပ်ရှားမှု နည်းပါးခြင်း - တော်တော်များများက မိုးရွာနေရင် အိမ်တွင်းမှာသာ အနေများကြတာကြောင့် လှုပ်ရှားမှု နည်းပါးသွားတတ်ပါတယ်။ ဒီလိုလှုပ်ရှားမှု မရှိတာကလည်း အဆစ်တွေကို တောင့်တင်းစေပြီး ကြွက်သားတွေကို အားနည်းသွားစေတာကြောင့် နာကျင်မှုတွေ ခံစားရတတ်တယ်လို့ Arthritis Foundation ရဲ့ လေ့လာချက်တွေမှာ တွေ့ရမှာပါ။ 

သက်သာအောင် ဘာတွေလုပ်သင့်လဲ

ရာသီဥတုကို မထိန်းချုပ်နိုင်ပေမဲ့ အဆစ်အမြစ်နာကျင် ကိုက်ခဲတာတွေ သက်သာအောင် အခုလို နည်းလမ်းတွေနဲ့ ဂရုတစိုက်လုပ်ဆောင်နိုင်ပါသေးတယ်။

နွေးနွေးထွေးထွေးနေပါ - ရာသီဥတု အေးတဲ့အတွက် အဆစ်အမြစ်တွေ မကိုက်ခဲအောင်နဲ့ ဒူးခေါင်း သို့မဟုတ် ခြေမျက်စိ လိုမျိုး ထိခိုက်လွယ်တဲ့ နေရာတွေကို နွေးထွေးနေအောင် အဝတ်အစားများ ဖုံးအုပ်ဝတ်ဆင်တာက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး တောင့်တင်းမှုတွေ လျော့နည်းစေမှာပါ။

ပုံမှန်လှုပ်ရှားမှု ရှိပါ - မိုးတွင်းမှာ အိပ်ရာထဲပဲ ကွေးနေမဲ့အစား ပေါ့ပါးတဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ဆောင်ပေးသင့်ပါတယ်။ အိမ်တွင်းမှာပဲ ပေါ့ပေါ့ပါးပါး လမ်းလျှောက်တာ၊ ယောဂကျင့်တာတွေက အကြောအချင်နဲ့ အဆစ်အမြစ်တွေကို လှုပ်လှုပ်ရှားရှားဖြစ်စေပြီး ‌ပျော့ပျော့ပျောင်းပျောင်း ဖြစ်စေတာပေါ့။

ရောင်ရမ်းမှုလျော့ချပါ - နနွင်း၊ ဂျင်း နှင့် ငါး သို့မဟုတ် အခွံမာသီးတွေမှာ ပါတဲ့ Omega-3 Fatty Acids လိုမျိုး ရောင်ရမ်းမှုကို လျော့ကျစေမဲ့ အာဟာရမျိုးစုံကို စားသုံးပေးသင့်ပါတယ်။ နောက်ပြီး ကြွက်သားတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှု ကောင်းမွန်အောင် ရေနွေးဝတ်နဲ့ ရေပက်တိုက်တာ၊ ရေနွေးနွေးနဲ့ ရေချိုးပေးတာမျိုး လုပ်ဆောင်နိုင်ပါတယ်။

ဒီလိုနည်းလမ်းတွေနဲ့ အိမ်မှာလုပ်ဆောင်ကြည့်ပေမယ့် အဆစ်အမြစ်တွေ ပိုပြီး နီရဲ၊ ရောင်ရမ်းလာတာ၊ ဖျားနာတာ စတဲ့ ပြင်းထန်တဲ့ လက္ခဏာတွေခံစားရပြီဆို ကျွမ်းကျင်ရာဆရာဝန်နဲ့ သေချာ ပြသ စစ်ဆေးဖို့ အကြံပြုလိုပါတယ်။ 


Share

Comments

Related Posts