
နှစ်တိုင်း မိုးရာသီရောက်လာပြီဆို လူကြီးလူငယ်မရွေး ဘယ်သွားသွား မိုးရာသီနဲ့လိုက်ဖက်တဲ့ အသုံးအဆောင်တွေကို ပြင်ဆင်စုဆောင်းနေကြရောပေါ့။ သည်းသည်းထန်ထန် ရွာသွန်းတတ်တဲ့ မိုးတွေနဲ့အတူ လမ်းမတွေ၊ လမ်းသွယ်တွေမှာလည်း ရေအိုင်၊ ရေဗွက်တွေနဲ့ ရေဝပ်နေတတ်ပါတယ်။ ဒီလိုအချိန်မှာ အပြင်ဘက်တွေမှာ ပြေးလွှားဆော့ကစားတတ်တဲ့ ကလေးငယ်တို့အတွက် ဖေဖေမေမေတို့က လိုအပ်တဲ့ မိုးကာ၊ ထီး အထူးသဖြင့် မိုးတွင်းစီးဖိနပ်တို့ကို သင့်တော်သလို ရှာဝယ်ထားရတော့တာပါ။ မိုးတွင်းမှာ ကလေးစီးဖိနပ်တွေ ရွေးချယ်ကြတဲ့အခါမှာလည်း ရေစိုဒဏ်ခံနိုင်ဖို့ အပြင် ခြေချော်တာ၊ ဒဏ်ရာရတာတို့ မဖြစ်ဘဲ အန္တရာယ်ကင်းစေမယ့် ဖိနပ်ကို ရွေးချယ်ဝယ်ယူနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မိုးရာသီမှာ ကလေးတွေ ကျောင်းသွားတဲ့အခါ၊ အပြင်သွားတဲ့အခါ သက်တောင့်သက်တာနဲ့ လုံခြုံစိတ်ချရတဲ့ ဖိနပ်ကောင်းကောင်းတစ်ရံကို ဒီဆောင်းပါးနဲ့တူတူ ရွေးချယ်လိုက်ရအောင်။

အရည်အသွေးကောင်းတဲ့ ဖိနပ်အောက်ခြေ - မိုးရွာထားတဲ့ လမ်းတွေ၊ ကြွေပြားခင်းတဲ့ လူသွားလမ်းတွေမှာဆို ခြေချော်လဲတတ်တာကြောင့် ဖိနပ်ရွေးတဲ့အခါ အောက်ခြေမှာ အကွက်စိပ်စိပ်ပါပြီး ရော်ဘာသားစစ်စစ် (Non-slip rubber) ဖြစ်ဖို့ လိုပါတယ်။ ဒီလိုမှသာ ကလေးတွေ လမ်းလျှောက်တဲ့အခါ ချော်လဲတာတွေ မဖြစ်စေတော့ဘဲ လမ်းလျှောက်ရ ပေါ့ပေါ့ပါးပါးဖြစ်စေမှာပါ။ နောက်ပြီး ခြေထောက် အနံ့မထွက်ဖို့နဲ့ လေဝင်လေထွက်ကောင်းဖို့အတွက် ပေါ့ပါးပြီး ရေခြောက်လွယ်တဲ့ EVA (Clogs/Sandals) ဖိနပ်မျိုးတွေက ပိုပြီး သင့်တော်ပါတယ်။
သင့်တော်တဲ့ ဖိနပ်အသား - မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ နေ့စဉ်သွားလာမှုအတွက် ရော်ဘာနဲ့ EVA သား ဘယ်ဟာက ပိုကောင်းမလဲဆိုတာ ကလေးရဲ့ လှုပ်ရှားမှုပေါ် မူတည်ပါတယ်။ ရော်ဘာအောက်ခြေတွေက လမ်းမပေါ်မှာ ပိုပြီး အကြမ်းခံပေမယ့် အပေါ်မှာပြောသွားသလို EVA (Ethylene Vinyl Acetate) ဖိနပ်တွေက အခုနောက်ပိုင်း မိဘအများစုရဲ့ ရွေးချယ်မှု ဖြစ်လာပါတယ်။ EVA ဖိနပ်တွေက ကျောင်းတနေကုန် တက်ရတဲ့ ကလေးတွေအတွက် ခြေထောက်ညောင်းညာမှုကို လျှော့ချပေးပြီး ပေါ့ပေါ့ပါးပါးဖြစ်စေကာ ရေခြောက်သွေ့ လွယ်စေပါတယ်။

မှန်ကန်သင့်တော်တဲ့ ဆိုဒ် - ကလေးတွေက အကြီးမြန်လို့ဆိုပြီး ဖိနပ်ဆိုဒ်အကြီးကြီးတွေ ဝယ်ပေးတာမျိုးကို ရှောင်သင့်ပါတယ်။ အဝတ်အစားတွေက သိပ်ကိစ္စမရှိနိုင်ပေမဲ့ ဖိနပ်ကတော့ ချောင်နေရင် ကလေး လမ်းလျှောက်တာ မတည်ငြိမ်ဘဲ ခလုတ်တိုက် လဲတတ်ပါတယ်။ ဒါကြောင့် ကလေးဖိနပ်ရွေးတဲ့အခါ ဖိနပ်အရှေ့မှာ လက်မဝက်ခန့်ပဲ လွတ်တာမျိုးက အကောင်းဆုံးဖြစ်ပြီး ကျောင်းသွားတဲ့အခါ ခြေအိတ်နဲ့ စီးရမယ်ဆိုရင်လည်း ချွေးစုပ်တဲ့ ဂွမ်းခြေအိတ်မျိုးကို ရွေးချယ်ဝယ်ယူပေးလိုက်ပါ။
အလွယ်တကူ စီးနိုင် ချွတ်နိုင်တဲ့ ဒီဇိုင်း - အငြိမ်မနေတတ်တဲ့ ကလေးတွေအတွက် ဖိနပ်ရွေးကြရာမှာ အိမ်တွင်းအိမ်ပြင် ဆော့ကစားရင်း အလွယ်တကူစီးနိုင် ချွတ်နိုင်တဲ့ ဖိနပ်ဒီဇိုင်းတွေကသာ သူတို့အတွက် အဆင်ပြေစေမှာပါ။ နောက်ပြီး မိုးသည်းတဲ့အချိန်၊ မှောင်နေတဲ့အချိန်မျိုးတွေမှာ ကလေးတွေကို ကား၊ ဆိုင်ကယ်သမားတွေ အဝေးက မြင်နိုင်ဖို့ အရောင်လင်းတဲ့ ဖိနပ်တွေ ဒါမှမဟုတ် အလင်းပြန်ပါတဲ့ ဖိနပ်မျိုးတွေက ပိုပြီး ဘေးကင်းစေမှာပါ။
ရာသီဥတုမရွေးအတွက် အရည်အသွေးကောင်းတဲ့ မိုးတွင်းစီးဖိနပ်တစ်စုံဟာ ကလေးရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးအတွက် အရင်းအနှီးတစ်ခုပါ။ လွတ်လပ်ပေါ့ပါးတဲ့ ကလေးငယ်တို့အတွက် ဘယ်သွားသွား ခြေချော်မလဲစေဘဲ သန့်ရှင်းရလွယ်ကူတဲ့ ဖိနပ်ကောင်းကောင်းကို အပေါ်မှာပြောပြသွားတဲ့ အချက်လေးတွေနဲ့ ရွေးချယ်ပေးရင်း ပျော်ရွှင်စရာ မိုးရာသီကို ပိုင်ဆိုင်စေနိုင်ကြပါစေနော်။
Comments