
ပျစ်နှစ် ချိုဆိမ့်တဲ့ Hummus (ဟမ်မတ်စ်) လို့ခေါ်တဲ့ မြေထဲပင်လယ်က အစားအစာတစ်မျိုးကို စားဖူးကြလား။
သူက ရိုးရိုးရှင်းရှင်း တို့စားရတဲ့ အနှစ်တစ်ခု ဆိုတာထက် ရှေးဟောင်းသမိုင်းနဲ့ ခေတ်သစ်ကျန်းမာရေးကိုပါ ဆက်သွယ်ပေးထားတဲ့ အစားအစာတစ်ခုပါ။ ၁၃ ရာစု အီဂျစ်နိုင်ငံရဲ့ မှတ်တမ်းတွေမှာ စတင်ဖန်တီး စားကြတဲ့ Hummus က ကျန်းမာရေးအတွက် အကျိုးကျေးဇူးကောင်းတွေ ရှိပြီး ပရိုတင်းဓာတ် ကြွယ်ဝတာကြောင့် သူ့ရဲ့ စတင်ရာ အရှေ့အလယ်ပိုင်းဒေသကနေ တစ်ကမ္ဘာလုံးမှာပါ ကျယ်ကျယ်ပြန့်ပြန့် စားသုံးတတ်လာကြပါပြီ။ ပြုလုပ်ဖို့ ပါဝင်ပစ္စည်းတွေကလည်း ပြုတ်ထားတဲ့ ကုလားပဲ၊ နှမ်းနှစ် (Tahini)၊ သံပရာရည် နဲ့ ကြက်သွန်ဖြူ တို့နဲ့ ရိုးရိုးရှင်းရှင်း ပေါင်းစပ်ဖန်တီးနိုင်တာကြောင့် အရသာကောင်းရုံတင်မကဘဲ ကုန်ကျစရိတ်လည်း သက်သာတာကြောင့် ဟိုးအရင်ကတည်းက လူကြိုက်များတာ ဖြစ်ပါတယ်။

မြေထဲပင်လယ်စတိုင် စားသုံးပုံ
Hummus ကို အစားများကြတဲ့ မြေထဲပင်လယ်ဒေသမှာတော့ ဒီဟင်းပွဲကို ဝိုင်းဖွဲ့စားလေ့ရှိပြီး ဝိုင်းရဲ့ အလယ်ဗဟိုမှာ ထားရှိတတ်ပါတယ်။ Hummus ပန်းကန်ထဲကို သံလွင်ဆီ (Extra Virgin Olive Oil) လောင်းထည့်ပြီး ဇီရာမှုန့်၊ ငရုတ်သီးမှုန့် (Paprika) နဲ့ ကုလားပဲလုံးလေးတွေ ဖြူးပေးရမှာပါ။ ဇွန်းနဲ့ စားတာထက်စာရင် အများစုက ပီတာပေါင်မုန့် (Pita) ပူပူလေးတွေကို ဖဲ့ပြီး ဟမ်မတ်စ်ကို အားရပါးရ ခပ်ယူ၊ တို့ယူကာ စားသုံးကြပါတယ်။

ဘာကြောင့် အစားများလာကြတာလဲ
ဒီအစားအစာရဲ့ စတင်ရာ မြေထဲပင်လယ်ကနေ အာရှနိုင်ငံတွေထက် အစားများလာကြရတဲ့ အကြောင်းရင်း ၂ခု ရှိပါတယ်။
အပင်အခြေခံတဲ့ ကျန်းမာရေးအစားအစာတွေ (Plant-based/Clean eating) ခေတ်စားလာတာနဲ့အမျှ ပရိုတင်းများပြီး Gluten-free ဖြစ်တဲ့ Hummus တွေက အထူးသဖြင့် ကျန်းမာရေးလိုက်စားတဲ့ လူကြီး၊ လူငယ်တွေကြားမှာ ချက်ချင်း အကြိုက်တွေ့လာကြပါတယ်။
နောက်ပြီး အများစုက ပဲအရသာကို ရင်းနှီးပြီးသားဖြစ်လို့ ဒီ Hummus ကို အလွယ်တကူပဲ လက်ခံ စားနိုင်ကြပါတယ်။ အခုဆိုရင် Hummus အနှစ်ကို မီဆို (Miso)၊ ပဲစိမ်း (Edamame) နဲ့ ငရုတ်ဆီ (Chili oil) တို့ကို ပေါင်းစပ်ပြီး Fusion စတိုင်တွေတောင် ဖန်တီးစားသုံးလာကြတာပါ။

ပြုလုပ်နည်းအကျဥ်းချုပ်
ကိုယ့်အိမ်မှာပဲ အရသာရှိတဲ့ Hummus ကို အလွယ်တကူ ပြုလုပ်ဖန်တီးချင်တယ်ဆို
- အရင်ဆုံး နှမ်းနှစ် (Tahini) နဲ့ သံပရာရည်ကို ရောထည့်ပြီး ၁ မိနစ်လောက် နှမ်းအရောင်ဖျော့သွားတဲ့အထိ ကြိတ်ပါ။
- ပြီးရင် ကြက်သွန်ဖြူ၊ သံလွင်ဆီ၊ ဇီရာမှုန့်နှင့် ဆား ထည့်ပြီး စက္ကန့် ၃၀ ခန့် ထပ်ကြိတ်ပါ။ ကုလားပဲတွေကိုလည်း ထည့်ပြီး ချောမွတ်နေအောင် ၂ မိနစ်လောက် ကြိတ်ပါ။
- ကြိတ်နေတဲ့အချိန်မှာ ရေခဲတုံးလေးတွေ တစ်တုံးချင်းစီ ထည့်ပါ။ ဒါက Hummus ကို ဆိုင်မှာစားရသလိုမျိုး ခရင်မ်စတိုင်လေး ဖြစ်သွားစေမယ့် လျှို့ဝှက်ချက်ပါပဲ။
- အားလုံးပြီးသွားရင်တော့ ပန်းကန်ထဲ ပြောင်းထည့်ပြီး သံလွင်ဆီ၊ ငရုတ်သီးမှုန့်တွေနဲ့ အလှဆင် စားနိုင်ပါပြီ။
အခုလို အရသာချိုဆိမ့်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Hummus အနှစ်အကြောင်း တော်တော်များများသိသွားကြပြီဆိုတော့ ဒါကို အိမ်မှာလည်း ကြိုက်သလို ဖန်တီးလုပ်စားနိုင်သလို marketplace တွေမှာလည်း အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ Hummus နှစ်သက်သူတွေအတွက် ပေါင်မုန့်နဲ့ အကောင်းဆုံး တွဲဖက်စားစရာ အစားအစာတစ်မျိုးဖြစ်တဲ့အပြင် နောက်ထပ် ဘယ်လို အစားအစာတွေနဲ့ ဖန်တီးတွဲဖက်စားကြလဲဆိုတာ Comment မှာ မျှဝေခဲ့ကြဦးနော်။