
ရွှေရောင် ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်တဲ့ ထည်ထည်ဝါဝါ ချိုချိုအီအီ ရွှေဖရုံသီးဟာဆိုရင်ဖြင့် အလှဆင်ဖို့သပ်သပ်မဟုတ်ဘဲ ဟင်းလျာမျိုးစုံမှာ အရေးပါတဲ့စားဖွယ်တစ်မျိုးပါ။ ဒီလို အိမ်နောက်ဖေးမီးဖိုချောင် ကနေ စားသောက်ဆိုင်ကြီးတွေအထိ နေရာအနှံ့မှာတွေ့နိုင်တဲ့ ရွှေဖရုံသီးကို လူကြီး၊ လူငယ်မရွေးနှစ်သက်ကြပြီး သူ့ရဲ့ ကိုယ်ထည်ကနေ အတွင်းထဲက ဖရုံစေ့တွေအထိ မျိုးစုံ ဖန်တီး စားသောက်လို့ ကောင်းတာပါ။ စားလိုက်တိုင်း ဗိုက်ပြည့်စေတာတင် မဟုတ်ဘဲ သူ့မှာ အာဟာရဓာတ်တွေ ကြွယ်ဝတာကြောင့် ကလေးတွေမှာဆို ငယ်ငယ်ကတည်းက စားတတ်စ ရှိအောင် ကျွေးလေ့ရှိတဲ့ အစားအစာတစ်ခုပါပဲ။ ဒါကြောင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ ရွှေဖရုံသီးကို ဘယ်လိုအမျိုးမျိုး လုပ်စားကြည့်ကြမလဲဆိုတာ အဆုံးထိ ကြည့်ကြည့်လိုက်နော်။

အဖိုးတန်အာဟာရတွေ
ရွှေဖရုံသီးကို ချက်ပြုတ်မစားသောက်ခင် သူ့ရဲ့ အာဟာရဓာတ်တွေနဲ့ အကျိုးကျေးဇူးတွေကိုလည်း သိထားရအောင် မျှဝေချင်ပါတယ်။
သူ့မှာ ပါဝင်တဲ့ Beta-carotene ဟာ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် A အဖြစ် ပြောင်းလဲသွားပြီး အမြင်အာရုံကို ကောင်းမွန်စေကာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။
ပိုတက်စီယမ်ဓာတ်လည်း ကြွယ်ဝတာကြောင့် သွေးတိုးရောဂါရှိသူတွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ နှလုံးကျန်းမာရေးအတွက် အထူးသင့်လျော်တာပါ။

စားဖို့ အကောင်းဆုံးနည်းလမ်းတွေ
ရွှေဖရုံသီးရဲ့ အာဟာရကို အပြည့်အဝရရှိစေမယ့် ပြင်ဆင်နည်းတွေကတော့
ရွှေဖရုံသီး ကြက်ဥကြော်
ဒါက မြန်မာအိမ်တိုင်းလိုလိုမှာ စားတတ်ကြတဲ့ နည်းလမ်းပါပဲ။ ရွှေဖရုံသီးကို ပါးပါးလေးတွေ လှီးပြီး ကြက်သွန်ဖြူ၊ ကြက်ဥတို့နဲ့ ရောကြော်တာက ရွှေဖရုံသီးမှာပါတဲ့ ဗီတာမင်တွေကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။
အုန်းနို့ဟင်းလျာတွေ
ရွှေဖရုံသီးကို ကြော်တာ၊ ဟင်းချက်တာတွေထဲမှာ အုန်းနို့၊ ဂျင်း၊ နနွင်းတို့နဲ့ တွဲချက်စားတာကလည်း အာဟာရပြည့်ဝစေတဲ့အပြင် အုန်းနို့မှာပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်က စွမ်းအင်ကို ကြာရှည်ထိန်းထားပေးနိုင်တာပါ။

ရွှေဖရုံသီး အချိုပွဲ
အချိုကဲတဲ့ ကိတ်မုန့်တွေထက် ရွှေဖရုံသီးကို ပေါင်းပြီး အုန်းနို့၊ သာကူတို့နဲ့ အချိုပွဲလုပ်စားတာက သကြားဓာတ်လွန်ကဲတာကို လျှော့ချပေးပြီး ကျန်းမာရေးနဲ့ ပိုကိုက်ညီလို့ လူကြီးလူငယ် မရွေး စားလို့ကောင်းစေပါတယ်။
ဖရုံစေ့လှော်
ရွှေဖရုံသီးရဲ့ အတွင်းအသားတွေကို အမျိုးမျိုးချက်ပြုတ်စားပြီးပြီဆို ဖရုံစေ့တွေကိုလည်း လွှင့်မပစ်ဘဲ လှော်စားနိုင်ပါသေးတယ်။ ဒီအစေ့တွေမှာ အရိုးကျန်းမာရေးနဲ့ အိပ်စက်မှုကို အထောက်အကူပြုတဲ့ ဇင့် (Zinc) နဲ့ မဂ္ဂနီစီယမ် (Magnesium) ဓာတ်တွေကို ရရှိနိုင်တာပါ။
ဒီလောက်ဆိုရင်တော့ ရွှေဖရုံသီးချစ်သူတွေအတွက် သူ့ရဲ့ မျိုးစုံတဲ့ အာဟာရတွေနဲ့ Recipe အမျိုးမျိုးသိပြီးသွားပြီဆိုတော့ လာမယ့်ပိတ်ရက် အိမ်မှာလုပ်စားကြည့်လိုက်နော်။ ထူးထူးခြားခြားနဲ့ စားကောင်းတဲ့ ရွှေဖရုံသီးချက်ပြုတ်ပြင်ဆင်နည်းတွေ ရှိသေးရင်လည်း ကောမန့်မှာ မျှဝေခဲ့ကြဦးနော်။
Comments