မီးဖိုချောင်ထဲမှာ အမေ့ကို ဝိုင်းကူဖို့ သိထားသင့်တဲ့ နည်းလမ်းကောင်း ၃ခု

Posted in အိမ်မှုရေးရာ


မိသားစုဝင်တွေအတွက် မီးဖိုချောင်မှာ နေ့နေ့ညည ချက်ပြုတ်ပြင်ဆင်ပေးနေတဲ့ မေမေ့ကို ကူညီပေးဖူးသူတွေ ရှိကြလား။ အများအားဖြင့် အမေတွေနဲ့ ဟင်းတူတူချက်ကြပြီဆို ကိုယ်တွေရဲ့ လုပ်ပုံကိုင်ပုံကို သူတို့ စိတ်တိုင်းမကျတာက များတာမလို့ မီးဖိုချောင်အပြင်ပဲ ရောက်ရောက်သွားတတ်တာ ကြုံဖူးကြမှာပါ။ မီးဖိုချောင်ဆိုတာကလည်း မေမေတို့ရဲ့ ကိုယ်ပိုင်ဟန်အတိုင်း ချက်ပြုတ်ပြင်ဆင်ပုံတွေနဲ့ ပစ္စည်းအထားအသိုတွေ ကိုယ်စီရှိကြတာကြောင့် သူတို့ရဲ့ ပိုင်နက်မှာ ပါးပါးနပ်နပ်နဲ့ အလိုက်တသိ ဟင်းချက်ကူဖို့ နည်းလမ်းကောင်းတစ်ချို့ကို သိထားရင် အကောင်းဆုံးပါပဲ။ ဒီလိုကူညီပေးတာက အလုပ်သက်သာစေရုံတင်မကဘဲ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဘဲနဲ့တောင် နားလည်မှုရှိရှိ နီးကပ်သွားစေနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်တာပါ။ ဒါကြောင့် မေမေ့ကိုလည်း ကူညီရာရောက်ပြီး သူ့ဆီက ဟင်းချက်နည်းလမ်းကောင်းတွေ လေ့လာနိုင်ဖို့ဆို အောက်မှာပြောပြသွားမယ့် အချက်လေးတွေသာ ဆက်ဖတ်ကြည့်လိုက်တော့နော်။ 

ကြိုတင်ပြင်ဆင်ထားပေးပါ

မြန်မာဟင်းတွေအများစုက ဆီပြန်ဟင်းတွေ၊ အကြော်အလှော်တွေ ဖြစ်တာကြောင့် ဒါတွေမချက်ခင် ဆေးကြော၊ လှီးချွတ်ရတဲ့အပိုင်းမှာ အချိန်တော်တော်ပေးရတတ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်နိုင်တဲ့ အပိုင်းကနေ ဥပမာ ကြက်သွန် ခွာတာ၊ ဂျင်းထောင်းတာနဲ့ ဟင်းသီးဟင်းရွက် ဆေးကြော၊ လှီးဖြတ်တာတွေကို ကြိုလုပ်ထားပေးလိုက်ပါ။ အထူးသဖြင့် ဟင်းခတ်ပစ္စည်းတွေကို ငရုတ်ဆုံနဲ့ ထောင်းရတဲ့ အလုပ်မျိုးတွေမှာ ကူညီပေးလိုက်မယ်ဆို မေမေ့အတွက် အင်မတန် အားရှိစေမှာ အမှန်ပါပဲ။ ဒီလို အားစိုက်ထုတ်ရတဲ့ အလုပ်တွေကို ကိုယ်က ကူလုပ်ပေးလိုက်တာက သူ့ရဲ့ လက်ကောက်ဝတ်နဲ့ ပခုံးနာတတ်တာတွေပါ သက်သာစေမှာ ဖြစ်ပါတယ်။

အမြဲဆေးကြောပေးပါ

မီးဖိုချောင်ထဲ ချက်ကြ၊ ပြုတ်ကြပြီဆို ဟင်းချက်ပစ္စည်းတွေ ဟိုနေရာဒီနေရာ ပြန့်ကျဲရင်း အရှုပ်ပွဆုံးအချိန် ဖြစ်နေတတ်မှာပါ။ ဒါကြောင့် မေမေ ဟင်းချက်နေတုန်း သူသုံးပြီးသား ဇလုံတွေ၊ ဇွန်းတွေကို နောက်ကနေ လိုက်ဆေးပေးကြည့်ပါ။ စားပွဲပေါ်မှာ ရှင်းလင်းနေမှ သူ့အနေနဲ့ ဟင်းအရသာစပ်တဲ့နေရာမှာ ပိုပြီး စိတ်အေးချမ်းသာစွာ အာရုံစိုက်နိုင်မှာဖြစ်ပြီး ကိုယ်ကလည်း ကူဖော်လောင်ဖက်ရတာပေါ့။ ဟင်းချက်ပြီး၊ စားကြသောက်ကြပြီးတဲ့အခါမှာလည်း ပန်းကန်တွေ ပုံမနေတော့တာကြောင့် မိသားစုလိုက် အေးအေးဆေးဆေး အနားယူနိုင်တဲ့ အချိန်ကိုလည်း ပိုရစေတာပေါ့။ 

ဟင်းချက်ပုံစံကို လေးစားပါ

မေမေတွေမှာ မီးဖိုချောင်ထဲ ဆားကို ဘယ်နား သိမ်းတယ်၊ ငံပြာရည်ကို ဘယ်အချိန်မှာ ထည့်တယ် စသဖြင့် သူ့ရဲ့ ကိုယ်ပိုင် အထားအသိုနဲ့ ဟင်းချက်တဲ့စတိုင် ရှိကြပါတယ်။ နှစ်ပေါင်းများစွာ ဒီအတိုင်းပဲ ထားသို၊ ချက်ပြုတ်လာတာ ဖြစ်တာကြောင့် ကိုယ်လုပ်ချင်သလို လုပ်တာထက် သူ့ရဲ့ စနစ်အတိုင်းပဲ ဘေးကနေ လိုတာလေးတွေ အလိုက်တသိ ကမ်းပေးပါ။ မေမေ့ရဲ့ ဟင်းချက်ပုံချက်နည်းကို လေးစားပြီး ဒီလို ဘေးကနေ ဝိုင်းဝန်းလုပ်ကိုင်ပေးလိုက်တာက မီးဖိုချောင်ထဲမှာတင်မကဘဲ သားအမိအချင်းချင်း နားလည်မှုတွေကိုပါ ပိုမိုခိုင်မာစေပါတယ်။

စားခါနီး ထမင်း၊ ဟင်းတွေ ကျက်ချိန်အမီ အပေါ်မှာ ပြောပြသွားတဲ့အချက်လေးတွေနဲ့ မေမေ့ကို မီးဖိုချောင်မှာ ကူညီရင်း အချင်းချင်းရင်းနှီးချစ်ခင်မှုတွေ ရစေဖို့ ဒီဆောင်းပါးလေးက အထောက်အကူပြုမယ်ထင်ပါတယ်။ စာဖတ်သူတွေထဲမှာ မေမေ့ကို ဟင်းချက်ကူနေကြသူတွေ ရှိရင်လည်း နောက်ထပ် ဘယ်လို နည်းလမ်းကောင်းတွေ အသုံးချနေလဲဆိုတာ အားလုံးသိရအောင် ကောမန့်မှာ ပြောသွားခဲ့ကြဦးနော်။ 


Share

Comments

Related Posts