
ချစ်မြတ်နိုးရတဲ့ သားသားမီးမီးလေးတွေ လူ့လောကထဲ ရောက်လာတဲ့အချိန်က စပြီး လိုလေသေးမရှိအောင် အသုံးအဆောင်ပစ္စည်းလေးတွေ နည်းနည်းများများ ဝယ်ဆောင်ထားမိကြမှာပါ။ ကလေးနဲ့လိုက်ဖက်မယ့် ချစ်စရာပစ္စည်းလေးတွေ တွေ့တိုင်း ဝယ်ဖို့ စဥ်းစားနေဆဲမှာ ကလေးတွေကလည်း တစ်ရက်ထက်တစ်ရက် ကြီးပြင်းလာကြတာနဲ့ ပစ္စည်းတွေကို ဘယ်လိုစုဆောင်းထိန်းသိမ်းရမလဲ ဆိုတာ မေမေတို့ အခက်တွေ့တတ်ကြရောပေါ့။ ဒီလိုကလေးပစ္စည်းလေးတွေ သုံးရင်းနဲ့ သေချာမထိန်းသိမ်းမိလို့ ပျက်စီးသွားတဲ့ ပစ္စည်းတွေ ရှိရင် နှမြောစရာလည်း ကောင်းပြီး ခေတ်ကာလရဲ့ စရိတ်စက ကြီးမားလာခြင်းနဲ့အတူ ကလေးလေးတစ်ယောက်ရဲ့ ကုန်ကျစရိတ်ကလည်း မသေးလှပါဘူး။ ဒါကြောင့် ဒုတိယကလေးအတွက်ပဲဖြစ်ဖြစ်၊ ပြန်ရောင်းဖို့ပဲဖြစ်ဖြစ် ဒီပစ္စည်းလေးတွေကို အသစ်အတိုင်းဖြစ်နေအောင် ထိန်းသိမ်းထားတာက အကောင်းဆုံးဖြစ်မှာမလို့ ကလေးအသုံးအဆောင်လေးတွေကို ဘယ်လိုထိန်းသိမ်းထားသိုကြမလဲဆိုတာ မျှဝေချင်ပါတယ်။

ကလေးတွန်းလှည်း
ဒီကလေးအသုံးအဆောင်ကတော့ သေချာပေါက် အသုံးဝင်ဆုံးနဲ့ ရေရှည်သုံးရမယ့်ပစ္စည်းတွေ ဖြစ်တာကြောင့် သေချာထိန်းသိမ်းတတ်ဖို့ လိုပါမယ်။ ဒါမှ ၂နှစ်လောက် သုံးပြီးတဲ့နောက်မှာ ဒုတိယကလေးအတွက်ပဲဖြစ်ဖြစ်၊ ပြန်ရောင်းဖို့အတွက်ပဲဖြစ်ဖြစ် အဆင်သင့်ရှိနေမှာပါ။ ဒါကြောင့် ခြောက်လတစ်ခါလောက် တွန်းလှည်းဘီးတွေကို ဆီ ထည့်ပေးပြီး ခေါက်သိမ်းတဲ့ အချိုးအဆစ်တွေမှာ ကျပ်နေရင်လည်း အတင်းမခေါက်ဘဲ ဆီအနည်းငယ် ထည့်ပေးဖို့ လိုပါတယ်။
ဖုန်မရှိအောင် အမြဲသန့်ရှင်းရေးလုပ်ပြီး မှိုမတက်အောင် စိုစွတ်တဲ့နေရာတွေမှာ သိမ်းဆည်းတာမျိုးတွေကို ရှောင်ပါ။ မိုးမိထားရင်လည်း သံဘောင်တွေမှာ သံချေးတတ်တာမျိုးတွေကလည်း အဖြစ်များတာကြောင့် ချက်ချင်းခြောက်အောင် သုတ်ပေးဖို့ အရေးကြီးပါတယ်။ သန့်ရှင်းရေးနည်းလမ်းတွေကိုလည်း Consumer Reports ရဲ့ ဆောင်းပါးထဲမှာလည်း အသေးစိတ်လေ့လာနိုင်ပြီး တွန်းလှည်းတွေရဲ့ ခါးပတ်ကြိုးတွေ ပြတ်နေလား၊ ချောင်နေလား ပုံမှန်စစ်ဆေးပေးရမှာပါ။

အဝတ်အထည်လေးတွေ
ကလေးအဝတ်တွေကို ဗီရိုထဲ သိမ်းထားပြီး ပြန်ထုတ်ကြည့်တဲ့အခါ အဝါရောင်အကွက်တွေ ရှိနေတာမျိုး သတိထားမိကြမှာပါ။ ဒါက ကလေးတွေရဲ့ အဝတ်အစားလေးတွေမှာ နို့ရည် သို့ ကလေးရဲ့ တံတွေးတွေ ကျန်နေခဲ့လို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဝါကွက်တွေကို လျှော်ဖွတ်တဲ့အခါ oxygen-based ဖြစ်တဲ့ အရောင်ချွတ်ဆေးနဲ့ ရေနွေးနွေးနဲ့ကို ၆နာရီလောက် စိမ်ထားပြီးမှ ထပ်လျှော်ဖွတ်ပေးရမှာပါ။ သိမ်းတဲ့အခါ နေရောင်တိုက်ရိုက် မထိတဲ့နေရာမှာ လေလုံတဲ့အိတ် ဒါမှမဟုတ် ပလတ်စတစ်ပုံးတွေနဲ့ သိမ်းထားတာ အကောင်းဆုံးပါပဲ။ နောက်ပြီး ကလေးအဝတ်တွေကို ဗီရိုထဲမှာ ဂျိတ်နဲ့ ချိတ်ပြီး သိမ်းတာက ပုံပျက်သွားနိုင်လို့ ခေါက်ပြီးပဲ သိမ်းကာ အရွယ်အစားအလိုက် (ဥပမာ - မွေးကင်းစ ကနေ ၃ လ) သေချာခွဲခြားသိမ်းသင့်ပါတယ်။

ကလေး ကားထိုင်ခုံ (Car Seat)
ခရီးသွားတဲ့အခါဖြစ်ဖြစ်၊ ဟိုနားဒီနား ကားနဲ့သွားကြတဲ့အခါ အန္တရာယ်ကင်းစေဖို့ ကလေး ကားထိုင်ခုံတွေကို အသုံးပြုကြမှာပါ။ ဒီအသုံးအဆောင်ကလည်း ကလေးအသက်အရွယ်အလိုက် အရေးပါတဲ့ ပစ္စည်းဖြစ်တာကြောင့် အရည်အသွေးကောင်းမွန်တာကို ရွေးချယ်သုံးစွဲနိုင်ဖို့အပြင် မှန်ကန်တဲ့ ထိန်းသိမ်းပြင်ဆင်နည်းတွေ သိထားတာအကောင်းဆုံးပါ။ Car Seat တွေကို ပြန်လည်ပြင်ဆင်ကြတဲ့အခါ သူ့ကုမ္ပဏီက ထုတ်တာမဟုတ်တဲ့ အပိုပစ္စည်းတွေကို လုံးဝမသုံးဘဲ အရင်ကတည်းက ပါတဲ့ ဝက်အူတွေ၊ အရံပစ္စည်းတွေကိုပဲ သုံးရပါမယ်၊ ဘာကြောင့် တခြားဝက်အူတွေနဲ့ အစားထိုးတာက အန္တရာယ်ရှိနိုင်လို့ပါ။ နောက်ပြီး Car Seat တွေမှာ သက်တမ်းကုန်ဆုံးရက် (Expiration Date) ရှိလို့ သက်တမ်းကုန်နေတာ ဒါမှမဟုတ် ကားတိုက်မှုဖြစ်ဖူးတာမျိုးဆို လုံးဝပြန်မသုံးပါနဲ့။ တခြားသူကိုလည်း လက်ဆောင်မပေးပါနဲ့။

ကလေးနို့ဗူးနဲ့ အသုံးအဆောင်တွေ
ကလေးတွေ အသုံးပြုနေတဲ့ နို့ဗူးအခွံတွေကတော့ အချိန်အကြာကြီးအသုံးခံပေမယ့် ဗူးထိပ်က နို့သီးခေါင်းအတု ဆီလီကွန်နေရာတွေကတော့ ပိုးမွှားခိုအောင်းနိုင်ခြေများပြီး စုတ်ပြဲနေမယ်ဆို ကလေးက နို့ဗူးသောက်ရင်း ဒီဆီလီကွန် အစိတ်အပိုင်းတွေပါ မြိုချမိနိုင်လို့ အန္တရာယ်များလွန်းပါတယ်။ ဒါကြောင့် နို့ဗူးထိပ်က နို့သီးခေါင်းအတုတွေမှာ ကပ်စေးစေးဖြစ်တာ၊ အရောင်နောက်နေတာဆိုရင် လွှင့်ပစ်လိုက်ပါ။ နို့ဗူးအခွံကို ပြန်သုံးချင်တယ် ဆိုရင်လည်း ဗူးထိပ်က နို့သီးခေါင်းအတုကိုတော့ အသစ်ဝယ်သုံးရမှာ ဖြစ်ပါတယ်။ နောက်ပြီး ပလတ်စတစ် နို့ဗူးတွေမှာ အက်ကြောင်းလေးတွေ ရှိနေရင်လည်း ဘက်တီးရီးယားတွေ ခိုအောင်းနိုင်လို့ အသစ်လဲပေးပါ။ BPA-Free ဖြစ်၊ မဖြစ်လည်း မဝယ်ခင် အမြဲစစ်ဆေးဖို့ လိုပါတယ်။
ဒီလို ကလေးအသုံးအဆောင်တွေကို စနစ်တကျထိန်းသိမ်းထားတာဟာ ခုခေတ်ကာလမှာ ငွေကုန်ကြေးကျ သက်သာစေရုံတင်မကဘဲ ပတ်ဝန်းကျင်ကိုလည်း အထောက်အကူပြုပါတယ်။ ဒါကြောင့် အပေါ်မှာပြောပြသွားတဲ့ နည်းလမ်းလေးတွေ အသုံးပြုပြီး ကိုယ့်ကလေးရဲ့ပစ္စည်းတွေကို အသစ်အတိုင်း ထိန်းသိမ်းသုံးစွဲနိုင်ပါပြီနော်။
Comments