PMOS အတွက် စားသောက်နေထိုင်မှုပုံစံ လမ်းညွှန်

Posted in လူမှုဘဝ


PMOS (အရင် PCOS) လို့ လူသိများတဲ့ ဟော်မုန်းနှင့် ဇီဝကမ္မဆိုင်ရာ ရောဂါနဲ့ ယှဥ်တွဲနေထိုင်ရတာက စိန်ခေါ်မှုများစွာနဲ့ ပြောမပြနိုင်တဲ့ အခက်အခဲများစွာ ရှိတတ်ကြပါတယ်။ ရာသီစက်ဝန်းတွေ မမှန်တာ၊ ကိုယ်အလေးချိန် ထိန်းရခက်တာနဲ့ စိတ်ပိုင်းဆိုင်ရာ အတက်အကျတွေများတာကြောင့် နေ့စဥ်ဘဝမှာ အခက်အခဲကိုယ်စီ ကြုံတွေ့ကြရတာပါ။ ဒါပေမဲ့လည်း မှန်ကန်တဲ့ အစားအသောက်၊ ပုံမှန် လေ့ကျင့်ခန်းလုပ်တာနဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို အမြဲသတိမူပြီး ဂရုစိုက်ပေးမယ်ဆို ကျန်းမာပျော်ရွှင်လာအောင် ကိုယ်တိုင်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုဆောင်းပါးလေးမှာ PMOS ရှိသူတွေအတွက်ရော၊ ဒီရောဂါကို တတ်နိုင်သလောက် ကာကွယ်ထားချင်သူအတွက်ပါ ကိုယ့်ခန္ဓာကိုယ်ကို ပိုမိုနားလည်လာအောင် ကူညီပေးဖို့ အသုံးဝင်မဲ့ အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါရစေ။

အင်ဆူလင် ထိန်းညှိပေးမဲ့ အစားအသောက်တွေ စားပါ

PMOS ရှိသူတွေအတွက် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းထားဖို့ အဓိက အရေးကြီးတာကြောင့် ဒီလိုအစားအသောက်တွေ ပုံမှန်စားပေးဖို့ လိုပါတယ်။

  • ဟင်းသီးဟင်းရွက်၊ အစေ့အဆန်နဲ့ ပဲအမျိုးမျိုးတို့က သွေးတွင်းသကြားဓာတ် လျင်မြန်စွာတက်ခြင်းကို တားဆီးပေးတယ်။ 
  • အမျှင်ဓာတ်က အစာခြေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးရာမှာ အထောက်အကူပြုပါတယ်။
  • ကြက်သား၊ ငါးနဲ့ ပဲပိစပ်တို့ လိုမျိုး ပရိုတင်းဓာတ်တွေက ဗိုက်ပြည့်စေပြီး အချိုစားချင်စိတ်ကို လျှော့ချပေးတယ်။ နောက်ပြီး ကြွက်သားတွေ သန်မာစေရုံသာမက ဇီဝကမ္မဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေဖို့ ကူညီပေးတာပါ။
  • သကြားပါဝင်မှုများတဲ့ အချိုရည်တွေနဲ့ အသင့်စား အစားအစာတွေက ဟော်မုန်းမညီမျှမှုကို ပိုဆိုးစေပြီး ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်သောကြောင့် တတ်နိုင်သလောက် ရှောင်ရှားသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုနဲ့ ဟော်မုန်းတွေကို ထိန်းညှိပါ

လေ့ကျင့်ခန်းပုံမှန်လုပ်တာက PMOS ဝေဒနာရှင်တွေအတွက် အလိုအပ်ဆုံးကုသနည်းတစ်မျိုးလည်း ဖြစ်တာကြောင့် ပုံမှန်အားဖြင့်

  • တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် လမ်းလျှောက်တာ၊ ယောဂ ကျင့်တာ၊ အေရိုးဗစ် လေ့ကျင့်ခန်းတွေ ပြုလုပ်တာက အင်ဆူလင် စုပ်ယူမှုကို ကောင်းမွန်စေတယ်။ ပြီးတော့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဟော်မုန်းအဆင့်ကို တည်ငြိမ်စေပြီး အိပ်စက်ခြင်းကိုပါ ကောင်းမွန်စေတာပါ။
  • ပြင်းထန်လွန်းတဲ့ လေ့ကျင့်ခန်းတွေထက် ကိုယ့်ခန္ဓာကိုယ်နဲ့ သင့်တော်ကိုက်ညီတဲ့ လေ့ကျင့်ခန်းတွေကို ရွေးချယ်ပြီး ပုံမှန်ပြုလုပ်တာက စိတ်ဖိစီးမှုကို လျော့နည်းပြီး ပေါ့ပေါ့ပါးပါးဖြစ်စေမှာပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ကိုယ့်ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို အမြဲဂရုစိုက်ပြီး ပင်ပန်းလွန်းရင် အနားယူပေးဖို့လည်း မမေ့ပါနဲ့။

စိတ်ဖိစီးမှု မဖြစ်စေပါနဲ့

PMOS က စိတ်ပိုင်းဆိုင်ရာ အတက်အကျတွေ ပုံမှန်ထက် ပိုဖြစ်စေနိုင်တာကြောင့် ကိုယ့်ကိုယ်ကို အချိန်ပေးရန် လိုအပ်ပါတယ်။

  • တစ်နေ့ကို ၇ နာရီ ကနေ ၈ နာရီအထိ အိပ်ရေးဝဝ အိပ်စက်တာက ဟော်မုန်းတွေကို ပြန်လည်ညီမျှစေလို့ အိပ်စက်ခြင်းကို ဦးစားပေး လုပ်ဆောင်သင့်တာပါ။ ညဘက်တွေမှာ အခုလို အချိန်မှန်အိပ်စက်တာက နောက်တစ်နေ့အတွက်လည်း စွမ်းအင်ကို အပြည့်အဝ ပြန်လည်ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပါတယ်။
  • စိတ်တည်ငြိမ်စေဖို့ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်တာက စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ကို ပိုမိုကြည်လင်စေတယ်။ ဒီလို နေ့စဉ် ၁၀ မိနစ်ခန့် ဘာမှမတွေးဘဲ စိတ်အေးလက်အေး အနားယူလိုက်တာက စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေဖို့ အထောက်အကူကောင်း ဖြစ်မှာပါ။

ပုံမှန် စောင့်ကြည့်ကုသမှု ခံယူပါ

PMOS က ရေရှည်ဂရုစိုက်ရတဲ့ ရောဂါ အခြေအနေတစ်ခု ဖြစ်တာကြောင့် ကိုယ့်အခြေအနေကို ပုံမှန်စစ်ဆေးနိုင်ဖို့ အရေးကြီးတာပါ။ 

  • သားဖွားမီးယပ်ဆရာဝန် သို့မဟုတ် ဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်နဲ့ ပုံမှန်ပြသပြီး သွေးတွင်းသကြားဓာတ်နှင့် ဟော်မုန်းပမာဏကို စစ်ဆေးပါ။ ဒီလို ကျွမ်းကျင်ရာ ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း ပုံမှန်စစ်ဆေးတာက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
  • ရာသီလာချိန်တွေ၊ ရောဂါခံစားရတာတွေနဲ့ ကိုယ်အလေးချိန်တွေကို အမြဲမှတ်တမ်းတင်ထားတာက ဆရာဝန်အတွက် ကုသမှုကို ပိုမိုထိရောက်စေတာပါ။ ဒီမှတ်တမ်းတွေက ကိုယ့်ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို ပိုမိုနားလည်သဘောပေါက်လာအောင် အထောက်အကူပြုနေတာပဲ ဖြစ်ပါတယ်။

PMOS ရှိတာက ကိုယ့်ဘဝအတွက် အတားအဆီးတစ်ခုရယ်လို့ သဘောမထားဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုပုံစံကောင်းကို တည်ဆောက်ရင်း ပိုမိုလှပကျန်းမာတဲ့ ဘဝကို ဖြေးဖြေးချင်း ပိုင်ဆိုင်လာရမှာ အမှန်ပါပဲနော်။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ကို အမြဲဂရုစိုက်နားထောင်ပြီး အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေနဲ့ အပေါ်မှာပြောပြသွားတဲ့ အချက်လေးတွေ စတင်လုပ်ဆောင်ကြည့်လိုက်နော်။


Share

Comments

Related Posts