
ပူလောင်အိုက်စက်တဲ့ ရာသီဥတုနဲ့အတူ ခန္ဓာကိုယ်ရဲ့ ဘက်ပေါင်းစုံက ဒီအပူဒဏ်ကို ခံနိုင်ရည်ရှိအောင် လုံးပမ်းနေရတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဘက်မှာလည်း အားနည်းချက်တွေ ရှိလာတတ်ပါတယ်။ အပူချိန်မြင့်တက်လာတဲ့အခါ ခန္ဓာကိုယ်က ဒီအပူဒဏ်ကို လျှော့ချဖို့အတွက် သွေးလည်ပတ်မှုကို အရေပြားဘက်ကို ပိုပို့ပေးရတဲ့အတွက် အစာအိမ်ဆီမှာ အစာချေဖျက်ဖို့ အားနည်းသွားတာပါ။ နောက်ပြီး စားလိုက်တဲ့ အစားအစာတွေကလည်း အခန့်မသင့်ရင် ဒီလိုရာသီမှာ ဘတ်တီးရီးယားပေါက်ဖွားမှု မြန်ဆန်တာကြောင့် ဝမ်းပျက်တာ၊ ဗိုက်နာတာ၊ အစာမကြေတာ၊ လေပွတာ စသဖြင့် ဝမ်းဗိုက်ပြဿနာအမျိုးမျိုး ဖြစ်တာ မဆန်းတော့ပါဘူး။ ဒါကြောင့် နွေရာသီမှာ အစာအိမ်ကျန်းမာအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာနဲ့ ရာသီဥတုနဲ့ လိုက်ဖက်ညီအောင် ဘယ်လိုအစားအသောက်၊ အနေအထိုင်တွေ ရှိထားသင့်လဲဆိုတာ ဒီတစ်ခေါက်ဆောင်းပါးလေးမှာ ကြည့်ကြည့်ရအောင်။

ရေကို နည်းမှန်လမ်းမှန် သောက်ပါ
ရေများများသောက်ဖို့ကို တော်တော်များများသိထားကြပေမဲ့ နည်းမှန်လမ်းမှန် ရေသောက်တတ်ဖို့ကလည်း အရေးကြီးပြန်ပါတယ်။ ရေငတ်မှ ရေကို တဝသောက်တာထက် တစ်ငုံချင်းစီ ခဏခဏ သောက်ပေးတာက ပိုထိရောက်ပြီး ဒီလို ရေဓာတ်ပြည့်ဝနေမှသာ အစာအိမ်က အာဟာရတွေကို ကောင်းကောင်းစုပ်ယူနိုင်ပြီး ဝမ်းလည်းမှန်စေမှာပါ။
နွေမှာဆို တော်တော်များများက ရေခဲရေကိုပဲ အာသိသရှိတတ်ကြတာကြောင့် အစာအိမ်အတွက် ကောင်းကျိုး၊ဆိုးကျိုး ရှိနိုင်လား မတွေးမိတတ်ကြပါဘူး။ အရမ်းအေးစက်နေတဲ့ ရေခဲရေက အစာအိမ်ထဲက သွေးကြောတွေကို ကျုံ့သွားစေနိုင်ပြီး အစာချေဖျက်မှုကို နှေးကွေးသွားစေနိုင်ပါတယ်။ ဒါကြောင့် ရိုးရိုးရေ သို့မဟုတ် အနည်းငယ်အေးတဲ့ရေကို သောက်တာက အစာအိမ်အတွက် အကောင်းဆုံး ဖြစ်မှာပါ။

အစားအစာ ဘေးကင်းလုံခြုံမှု ရှိပါ
ဘယ်လို ရာသီဥတုမှာမဆို အပြင်စာတွေထက် အိမ်မှာပဲ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတာတွေပဲ ဦးစားပေး စားသင့်တာပါ။ မြန်မာနိုင်ငံလို အမြဲတမ်း အပူချိန် 30°Cအထက် ရှိတဲ့ နေရာမျိုးမှာ ချက်ပြုတ်ပြီးသား အစားအစာတွေကို အပြင်မှာ ၁ နာရီထက် ပိုမထားသင့်ပါဘူး။ ဘာကြောင့်ဆို ဘက်တီးရီးယားတွေက အပူထဲမှာ အရမ်းမြန်မြန် ပေါက်ပွားတာကြောင့် အစာအဆိပ်သင့်တာတွေ (Food Poisoning) ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး အပူချိန် 4°C ကနေ 60°C ကြားဟာ ဘက်တီးရီးယားပေါက်ဖွားမှု အများဆုံးအချိန်ဖြစ်တယ်လို့ USDA က သတိပေးထားတာကြောင့် နွေရာသီမှာ အစားစားတဲ့အခါ လတ်လတ်ဆတ်ဆတ်နဲ့ သန့်သန့်ရှင်းရှင်းရှိနေဖို့ အရေးကြီးဆုံးပါပဲ။

စားသင့်/ မစားတဲ့ အစားအစာတွေ
အပူဒဏ်ကြောင့် အစာအိမ်က သိပ်အလုပ်မလုပ်နိုင်တဲ့အတွက် အစားကို များများစားတာထက် အာဟာရဖြစ်တာကို နည်းနည်းချင်းစီ ခွဲစားပေးတာ ပိုကောင်းပါတယ်။
ဘယ်လိုအစားအစာတွေ စားသင့်လဲဆို အစာအိမ်ကို ဝန်မလေးစေဘဲ ရေဓာတ်ကြွယ်ဝတဲ့ အသီးအရွက်တွေ ဥပမာ- သခွားသီး၊ ဖရဲသီးနဲ့ ဟင်းနုနွယ်တွေက အစာအိမ်ကို အေးမြစေပြီး အစာကြေလွယ်စေပါတယ်။ Probiotics ပါတဲ့ ဒိန်ချဉ်ကလည်း အစာအိမ်ထဲက မကောင်းတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးပြီး အစာချေစနစ်ကို ကူညီပေးပါတယ်။
နွေရာသီမှာ မစားသင့်တဲ့အစားအစာတွေမှာဆို အဆီများတာတွေက အစာချေဖျက်ဖို့ အချိန်ကြာကြာယူရတာကြောင့် ဗိုက်ထဲ လေးလံထိုင်းမှိုင်းစေတတ်ပါတယ်။ ကော်ဖီနဲ့ ဆိုဒါတွေကလည်း ဆီးခဏခဏ သွားစေပြီး ရေဓာတ်ကို ပိုကုန်ခမ်းစေတာပါ။ နောက်ပြီး အပူအစပ်တွေ အစားများမယ်ဆို ငရုတ်သီးမှာပါတဲ့ Capsaicin က ခန္ဓာကိုယ်တွင်း အပူချိန်ကို ပိုတက်စေပြီး အစာအိမ်နံရံကို ရောင်ရမ်းစေနိုင်လို့ တတ်နိုင်သလောက် ရှောင်စားသင့်ပါတယ်။
နွေပူတဲ့အခါ အစားစားချင်စိတ်မရှိကြတာရယ်၊ အစာခြေစနစ်လည်း နှေးကွေးသွားတာရယ်၊ ပုံမှန်ရက်တွေထက် အစားအစာသန့်ရှင်းလတ်ဆတ်ဖို့လည်း အရေးကြီးတာရယ်ကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက် သေချာ ဂရုပြုစားသောက်သင့်တာပါ။ ဒါကြောင့် လူကြီးလူငယ်မရွေး အပေါ်မှာပြောပြသွားတဲ့အချက်လေးတွေနဲ့ ဒီနှစ်နွေကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါရစေ။
Comments