
၂၀၂၆ခုနစ်ရဲ့ မီးမြင်းနှစ်ထဲ မကြာခင်ရောက်လာတော့မယ်ဆိုတော့ မြင်းတို့ရဲ့ သဘောသဘာဝအတိုင်း တက်ကြွမြန်ဆန်မှု၊ ခွန်အားသန်စွမ်းမှုနဲ့အတူ စွန့်စားလိုစိတ်တွေ လွှမ်းမိုးနေမဲ့ နှစ်တစ်နှစ် ဖြစ်မှာပါ။ လွတ်လပ်မှုကိုလည်း မြတ်နိုးတဲ့ စိတ်ဓာတ်ရှိတဲ့ သတ္တဝါလည်း ဖြစ်တာကြောင့် လူကြီး၊ လူငယ်မရွေး အခုထက်ပိုပြီး အောင်မြင်တောက်ပတဲ့ ဘဝပန်းတိုင်တွေကို လွတ်လပ်စွာ တတ်လှမ်းနိုင်ဖို့ ခွန်အားတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ သားသားမီးမီးတွေကို အုပ်ထိန်းသွန်သင်နေတဲ့ ဖေဖေမေမေတို့အတွက်လည်း အခု မီးမြင်းနှစ်ရဲ့ စွမ်းအင်ကို အသုံးချပြီး ကိုယ့်ကလေးရဲ့ ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာ သန်စွမ်းကျန်းမာနေဖို့မကဘဲ လူမှုဆက်ဆံရေးမှာပါ ထူးချွန်ထက်မြက်လာအောင် အလေ့အကျင့်ကောင်းတွေကို အခုကတည်းက စတင်ပျိုးထောင်ပေးနိုင်တာပါ။

လှုပ်ရှားတက်ကြွတဲ့ အလေ့အကျင့်တွေအတွက်
မြင်းပေါက်စလေးတွေလိုပဲ ကလေးတွေက လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရမှ ကြွက်သားတွေ ဖွံ့ဖြိုးပြီး အရိုးအဆစ်တွေ သန်မာလာမှာပါ။ ဒီလို လွတ်လပ်စွာ ဆော့ကစားနိုင်ဖို့ တစ်နေ့ကို အနည်းဆုံး မိနစ် ၆၀ ကနေ ၉၀ အထိ အပြင်ထွက် ပြေးလွှားဆော့ကစားပါစေ။ နေရောင်ခြည်ကရတဲ့ ဗီတာမင်ဒီကလည်း ကလေးရဲ့ ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စေမှာပါ။
မြင်းတွေဟာ အစေ့အဆန်နဲ့ ဟင်းသီးဟင်းရွက်တွေကို စားပြီး အားအင်ပြည့်ဝသလို သားသားမီးမီးတို့အတွက် အုတ်ဂျုံ (Oats)၊ ဆန်လုံးညိုနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုကျွေးပေးပါ။ ဒီအစားအစာတွေက တစ်နေ့တာလုံး တက်ကြွနေဖို့အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ပေးစွမ်းနိုင်ပါတယ်။
ကလေးတွေ တက်တက်ကြွကြွ ဆော့ကစားတဲ့အခါတွေမှာလည်း ခန္ဓာကိုယ်မှာ ရေဓာတ်မခမ်းခြောက်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် သူတို့လေးတွေ အကြိုက်တွေ့မဲ့ လှလှပပ ရေဘူးလေးတွေနဲ့ ရေများများသောက်တဲ့ အလေ့အကျင့်လုပ်ပေးဖို့ လိုပါတယ်။

အာရုံစူးစိုက်မှုနှင့် စိတ်တည်ငြိမ်မှုအတွက်
တစ်နေ့ကို ၁ မိနစ်ကနေ ၅ မိနစ်အထိ ငြိမ်ငြိမ်လေးထိုင်ပြီး အသက်ရှူတာကို အာရုံစိုက်တဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ။ ကလေးတွေကို ဒီလိုသင်ဖို့က နည်းနည်းခက်ခဲတတ်ပေမဲ့ ဒီလို စိတ်အေးလက်အေး နေတတ်အောင် ကလေးကို လေ့ကျင့်ပေးထားတာက အာရုံစူးစိုက်မှုကို အားကောင်းစေလို့ပါ။
မြင်းနှစ်မှာ ကြီးပြင်းလာတဲ့ကလေးတွေဟာ လက်တွေ့လုပ်ဆောင်ရတာကို ပိုနှစ်သက်ကြပါတယ်။ ဒါကြောင့် စူးစမ်းလေ့လာတာက ကလေးရဲ့ ဝါသနာကို ဖြစ်မယ်ဆို အားပေးပြီး သူတို့ကိုယ်တိုင် စမ်းသပ်လုပ်ဆောင်ရတဲ့ ကစားနည်းတွေကို ဦးစားလုပ်ဆောင်ပေးသင့်ပါတယ်။
အိပ်ချိန်၊ စားချိန်တွေကို အချိန်မှန်လုပ်ပေးခြင်းကလည်း ကလေးကို စိတ်တည်ငြိမ်စေပါတယ်။ ဘာကြောင့်ဆို စနစ်တကျရှိတဲ့ အချိန်ဇယားက ကလေးရဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းညှိပေးနိုင်လို့ပါ။

လူမှုဆက်ဆံရေးစွမ်းရည် တိုးတက်ဖို့အတွက်
မြင်းနှစ်မှာ ကြီးပြင်းလာတဲ့ ကလေးတွေဟာ လူမှုဆက်ဆံရေးမှာ အလွန်ထက်မြက်ပြီး သြဇာရှိတဲ့ ပါရမီ ပါလာတတ်ကြပါတယ်။
နောက်ပြီး မြင်းနှစ်ဖွားကလေးတွေက မျက်နှာအမူအရာတွေကို ကောင်းကောင်းလေ့လာနိုင်တာကြောင့် သူတစ်ပါးရဲ့ စိတ်ခံစားချက်ကို မြန်မြန်ဆန်ဆန် ဖတ်တတ်ပါတယ်။ သူတို့နဲ့ စကားပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး အမူအရာအမျိုးမျိုးနဲ့ ပြောဆိုပေးတာက သူတို့ရဲ့ လူမှုဆက်ဆံရေးကို ပိုမိုထက်မြက်စေပါတယ်။
ကလေးကို အခြားကလေးတွေနဲ့ ဆော့ကစားခွင့်ပေးတာကလည်း သူတို့ရဲ့ လူမှုဆက်ဆံရေး နားလည်မှုကို တိုးတက်စေပြီး အများနဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကို ရရှိစေပါတယ်။ ဒီလို သူတို့ဘာသာ သူငယ်ချင်းတွေနဲ့ ညှိနှိုင်းဆော့ကစားတာကို အဝေးကနေ စောင့်ကြည့်ပေးတာကလည်း သူတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တည်ဆောက်ပေးပြီး လွတ်လွတ်လပ်လပ်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို စတင် ရရှိနိုင်တာပါ။
ကိုယ်လက်လှုပ်ရှားမှုနဲ့အတူ လူမှုအသိုင်းအဝန်းနဲ့အဖွဲ့လိုက်လှုပ်ရှားမှုတွေကို အားပေးတဲ့ မြင်းနှစ်ရဲ့စွမ်းအင်မှာ ကလေးတွေကို Screen Time လျှော့ချပြီး နည်းပညာနဲ့ ကစားခုန်စားနည်းလမ်းတွေကို မျှတအောင် လုပ်ဆောင်ပေးမယ်ဆို အခု နှစ်မှာလည်း ကျန်းမာတက်ကြွတဲ့ နှစ်လေးတစ်နှစ်ကို တစ်မိသားစုလုံး ပိုင်ဆိုင်နိုင်ကြဦးမှာပါ။
Comments