ကင်ဆာမဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်သင့်လဲ

Posted in ကျန်းမာရေး


ကမ္ဘာကြီး တိုးတက်ပြောင်းလဲလာမှုနဲ့အတူ တစ်နေ့တခြား တိုးပွားလာတဲ့ ရောဂါအသစ်အဆန်းတွေကြား ကျန်းမာရေးအတွက် အမြဲ ကိုယ်ခံအားကောင်းနေအောင် နေထိုင်စားသောက်ဖို့ အလွန်အရေးကြီးလာပါတယ်။ အခုနောက်ပိုင်း လူကြီး၊ လူငယ်မရွေး ဖြစ်လာကြတဲ့ ကင်ဆာအမျိုးအစားတွေကလည်း တစ်ပုံတစ်ပင် မလို့ ဘယ်လိုကာကွယ်ရမလဲ၊ ဖြစ်လာရင် ဘယ်လိုအမြန်ဆုံးကုသရမလဲဆိုတာ ပူပင်ကြောင့်ကြနေကြရော‌ပေါ့။ ကင်ဆာဖြစ်တာက မျိုးရိုးဗီဇပေါ်မှာ မူတည်နိုင်ပေမဲ့၊ ဖြစ်ပွားမှုအားလုံးရဲ့  ၃၀% ကနေ ၅၀% အထိကို ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံ ရှိသူတွေက ကာကွယ်ထားနိုင်တဲ့အကြောင့် WHO က ထုတ်ပြန်ထားတာပါ။ ဒါကြောင့် ကင်ဆာက ကံတရားသက်သက်ကြောင့် ဖြစ်လာတာမဟုတ်ဘဲ မကောင်းတဲ့ ရေရှည် နေထိုင်စားသောက်မှုအလေ့အကျင့်တွေကြောင့် ဖြစ်ပါတယ်။ ဒီအတွက် အစားအသောက်၊ အနေအထိုင်နှင့် လှုပ်ရှားမှုတွေကို သတိပြုပြောင်းလဲပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားကို မြှင့်တင်နိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို ကြည့်ကြည့်လိုက်ရအောင်။

‌ရှောင်ရမဲ့ ဆေးလိပ်နှင့် ဆေးရွက်ကြီး

အားလုံးသိထားပြီးသားဖြစ်တဲ့ ဆေးလိပ်သောက်ခြင်းကတော့ ကမ္ဘာတစ်ဝန်းမှာ ကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းရင်းပါပဲ။ သူက အဆုတ်ကင်ဆာ အပြင် ခံတွင်း၊ လည်ချောင်း၊ ကျောက်ကပ်နှင့် ဆီးအိမ်ကင်ဆာတို့နှင့်ပါ ဆက်စပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ အရေးကြီးပြီး ကွမ်းယာစားတတ်တယ်ဆိုလည်း ခံတွင်းကင်ဆာကို ကာကွယ်ဖို့အတွက် ကွမ်းဖြတ်ဖို့ အကြုံပြုလိုတာပါ။

ကျန်းမာတဲ့ အစားအသောက်ရွေးချယ်မှု

တစ်နေ့တာ စားသုံးလိုက်တဲ့ အစားအစာတွေက ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးရဲ့ ကျန်းမာရေးအပေါ်  အများကြီးမူတည်ပါတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေ ပျက်စီးမှုကို ပြုပြင်ပေးဖို့  ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေ ပါဝင်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ၊ အစိမ်းရောင်ရှိသော အစေ့အဆန်တွေနဲ့အတူ ဆန်လုံးညို၊ အုတ်ဂျုံ တို့ကို ရွေးချယ်ပြီး များများစားသင့်ပါတယ်။ နောက်ပြီး ပြုပြင်ဖန်တီးထားသော အသားတွေ (ဝက်အူချောင်း၊ စည်သွပ်ထားတဲ့ အသားဗူး) တွေနဲ့ သကြားအလွန်အကျွံပါတဲ့ အစားအစာတွေနဲ့ အနီရောင်အသားတွေကိုတော့ ကင်ဆာမဖြစ်ဖို့ လျော့စားသင့်ပါတယ်။

ကိုယ်အလေးချိန် ထိန်းသိမ်းပါ

အဝလွန်နေမယ်ဆို ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုတွေ ဖြစ်စေတဲ့အပြင် DNA ပျက်စီးမှုကိုပါ အားပေးတာပါ။ ‌နောက်ပြီး ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာ အပါအဝင် ကင်ဆာအမျိုးအစား ၁၃ မျိုးနဲ့ပါ ဆက်စပ်နေပါတယ်။ ဒါကြောင့် တစ်ပတ်မှာ အနည်းဆုံး မိနစ် ၁၅၀ လောက် ကိုယ်လက်လှုပ်ရှားလုပ်တာ၊ လမ်းသွက်သွက်လျှောက်တာတို့ကို အသက်အရွယ်မရွေး ပုံမှန်ပြုလုပ်ပေးရမှာပါ။

အရက်သောက်တာကို ကန့်သတ်ပါ

ကင်ဆာကာကွယ်ရေး ရှုထောင့်က ကြည့်မယ်ဆို အရက်က သောက်လို့ရတဲ့ “ဘေးကင်းသော ပမာဏ" ဆိုတာ မရှိပါဘူး။ အရက်က ခန္ဓာကိုယ်အတွင်း DNA ကို ပျက်စီးစေတဲ့ ဓာတုပစ္စည်းအဖြစ် ပြောင်းလဲသွားတတ်သောကြောင့် အသည်းကင်ဆာနှင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေများစေလို့ပါ။ ဒါကြောင့် အရက်သောက်တာကို ကန့်ကန့်သတ်သတ်နဲ့ အကျင့်မဖြစ်သွားအောင် ပြန်လည်ထိန်းမတ်ဖို့ လိုပါတယ်။

နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ

ကင်ဆာအမျိုးအစားတစ်ခုဖြစ်တဲ့ အရေပြားကင်ဆာကလည်း ခရမ်းလွန်ရောင်ခြည် (UV) ကြောင့် အဖြစ်များတာကြောင့် အပြင်ထွက်ရင် Sunscreen လိမ်းတာ၊ နေပူထဲသွားရင် ထီး သို့မဟုတ် ဦးထုပ် ဆောင်းခြင်းဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ထားရမှာ ဖြစ်ပါတယ်။

ကင်ဆာဖြစ်တာဟာ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမဲ့လည်း ကျန်းမာတဲ့ နေထိုင်မှုပုံစံက ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပြီး ရောဂါဖြစ်လာခဲ့ရင်တောင် ပြန်လည်သက်သာနိုင်စွမ်းကို ပိုအားကောင်းစေတာပါ။ ဒါကြောင့် အပေါ်မှာ ပြောပြသွားတဲ့ အချက်လေးတွေအတိုင်း အစားအသောက်နဲ့  လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာက ထိရောက်နိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။


Share

Comments

Related Posts