နေ့ရက်တိုင်း အချစ်တော်လေးတွေ ကျန်းမာပျော်ရွှင်နေစေဖို့

Posted in အိမ်မွေးတိရစ္ဆာန်


မိသားစုဝင်တမျှ ချစ်မြတ်နိုးရတဲ့ တိလေးတွေရဲ့ ကျန်းမာရေးကို အမြဲစောင့်ကြည့်ပူပင်နေကြတဲ့ တိပိုင်ရှင်တို့အတွက် အထောက်အကူကောင်းဖြစ်စေမယ့် ဆောင်းပါးလေးတစ်ခု မျှဝေပေးချင်ပါတယ်။ 

သူတို့လေးတွေ အမြဲပျော်ရွှင်ကျန်းမာပြီး တခြားရောဂါဘယတွေ ကင်းဝေးဖို့ဆို တိလေးတို့ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ စားသောက်တဲ့ အာဟာရ၊ နေ့စဥ်ကိုယ်လက်လှုပ်ရှားမှုတွေကို ဟန်ချက်ညီညီ လုပ်ဆောင်ပေးဖို့ အရေးကြီးတာပါ။ ဒါကြောင့် နေ့စဥ်ဘဝမှာ ပုံမှန် အလေ့အကျင့်ကောင်းတွေ ရှိနေမှသာ တိလေးတွေရဲ့ သက်တမ်း ပိုမိုရှည်ကြာပြီး မိသားစုဝင်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ နည်းလမ်းကောင်းတွေနဲ့ အကြံပေးချက်တွေကို ဖတ်ကြည့်ထားလိုက်ရအောင်။ 

မှန်ကန်တိကျတဲ့ အာဟာရဖြည့်တင်းပေးပါ

အစားအသောက်အနေနဲ့ လူတွေသာမက တိလေးတွေအတွက်ပါ အရေးကြီးတဲ့ မနက်စာမှာ အရည်အသွေးကောင်းပြီး သူ့ရဲ့ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အစားအစာတွေ ဖြစ်ဖို့လိုပါမယ်။ တစ်ခုရှိတာက အဝလွန်တာနဲ့ သူ့ရဲ့ နောက်ဆက်တွဲ အရိုးအဆစ်နှင့် နှလုံးရောဂါတွေ မဖြစ်ရအောင် အလွန်အကျွံ မကျွေးမိဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် အစာပမာဏကိုလည်း တိတိကျကျနဲ့ တိုင်းတာပြီး ကျွေးတာက တိလေးရဲ့ ခန္ဓာကိုယ်အချိုးအစားကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ 

နေ့စဥ် အချိန်မှန်ကျွေးတာကလည်း သူတို့ရဲ့ အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေပြီး စိတ်ပိုင်းဆိုင်ရာ ပူပန်မှုတွေကိုလည်း လျော့နည်းစေတာပါ။ ကျောက်ကပ်နှင့် ကိုယ်တွင်း ဇီဝဖြစ်စဉ်တွေ ကျန်းမာနေအောင်လို့ သန့်ရှင်းလတ်ဆတ်သော သောက်ရေကိုလည်း အမြဲတမ်းအလုံအလောက်ထားရှိပေးရမှာပါ။

ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးပါ

တိလေးတွေရဲ့ သဘာဝအရ နေ့တိုင်းပုံမှန်ဆော့ကစားရင်း ကိုယ်လက်လှုပ်ရှားမှုရှိတာဟာ မဖြစ်မနေ လိုအပ်တဲ့အရာပါပဲ။ ခွေးလေးတွေအတွက် အနည်းဆုံး မိနစ် ၃၀ မှ ၆၀ အထိ လမ်းလျှောက်တာ၊ ဘောလုံးပစ်ဆော့တာတို့ လိုအပ်ပြီး ကြောင်လေးတွေအတွက်လည်း အရုပ်လေးတွေနဲ့ အမဲလိုက်သလိုမျိုး ဆော့ကစားပေးသင့်တာပါ။ 

ဒီလိုလှုပ်ရှားမှုအမျိုးမျိုး၊ ကစားနည်းအမျိုးမျိုး ပြောင်းလဲ ‌ဆော့စေတာက ပျင်းရိတာတွေ မဖြစ်စေဘဲ ကြွက်သားနဲ့ အရိုးအဆစ်တွေကို သန်စွမ်းစေပါသေးတယ်။ နောက်ပြီး ဦးနှောက်ကို အလုပ်ပေးရာရောက်ပြီး ကိုယ်နဲ့ တိလေးအကြား သံယောဇဉ်ကို ပိုမိုခိုင်မြဲစေမှာပါ။ ဒါ့အပြင် အစာရှာတဲ့ကစားနည်းတွေ၊ အနံ့ခံကစားနည်းတွေကလည်း စိတ်ဖိစီးမှုနဲ့ အဖျက်အဆီးလုပ်တတ်တဲ့ အပြုအမူတွေကို အတတ်နိုင်ဆုံး တားဆီးနိုင်မှာ ဖြစ်ပါတယ်။

တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိစေပါ

အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှု ကောင်းကောင်းရှိဖို့အပြင် နေ့တိုင်း ၁၀မိနစ်လောက် အချိန်ပေးပြီး တိလေးတွေအတွက် သန့်ရှင်းရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်ရှိပေးရပါမယ်။ နှလုံးနှင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ သွားဖုံးရောဂါတွေ ကာကွယ်ထားနိုင်အောင် သွားပုံမှန်တိုက်ပေးသင့်ပါတယ်။ လူသုံး သွားတိုက်ဆေးတွေကတော့ တိလေးတို့အတွက် အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် သူတို့အတွက် သီးသန့်ထုတ်ထားသော သွားတိုက်ဆေးကိုသာ အသုံးပြုပေးရမှာပါ။

နောက်ပြီး နေ့တိုင်း ပုံမှန် အမွေးဖြီးပေးတာကလည်း တိလေးရော တိပိုင်ရှင်ပါ စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ အလေ့အထကောင်းတစ်ခုဖြစ်ပြီး ပါ။ အမွေးဖြီးပေးရင်းနဲ့ သူ့ခန္ဓာကိုယ်ပေါ်မှာ ပုံမှန်မဟုတ်တဲ့ အဖုအကျိတ်တွေ၊ ပိုးမွှားတွေနဲ့ အရေပြားယားယံတာတွေ ရှိမရှိကိုပါ စောစီးစွာ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ AAHA (American Animal Hospital Association) website မှာလည်း တိလေးတွေနဲ့ ပတ်သတ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပိုမိုလေ့လာ ဖတ်ရှုနိုင်ပါသေးတယ်။ 

သက်တောင့်သက်သာ အနားယူစေပါ

တိလေးတို့ အနှောင့်အယှက်မရှိ အေးအေးဆေးဆေး အိပ်စက်အနားယူဖို့ သီးသန့်နေရာလေးတစ်ခုက သေချာပေါက်လိုအပ်ပါတယ်။ ဘာကြောင့်ဆို ကောင်းမွန်စွာ အနားယူတာက သူတို့ရဲ့ ဆဲလ်တွေ ပြန်လည်ပြုပြင်ဖို့နဲ့ ကိုယ်ခံအားစနစ် သန်စွမ်းဖို့ အရေးပါလှပြီး အသက်ကြီးလာတဲ့ ခွေးလေး၊ ကြောင်လေးတွေအတွက် ပိုပြီးတော့ အရေးကြီးတာပါ။ ဒါကြောင့် သက်တောင့်သက်သာရှိတဲ့ အိပ်ရာနဲ့ သူတို့ စိတ်ချလုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးထားတာက သူတို့ကို စိတ်အေးချမ်းစေမှာ အမှန်ပါပဲ။ နောက်ပြီး သူတို့ရဲ့ အလေ့အကျင့်တွေ၊ အမူအရာတွေလည်း မပျက်စောင့်ကြည့်ပေးဖို့ လိုအပ်ပြီး အထူးသဖြင့် ညနေခင်းတွေမှာ သူတို့ရဲ့ အပြုအမူကို ဂရုတစိုက်စောင့်ကြည့်ပေးရမှာပါ။၊ အစားအသောက်ပျက်တာ၊ မှိုင်တွေနေတာ စတဲ့ ရုတ်တရက်ပြောင်းလဲမှုတွေ ဖြစ်နေပြီဆို ရောဂါတစ်ခုခု၏ အစောပိုင်းလက္ခဏာများ ဖြစ်နိုင်လို့ မပေါ့ဆဖို့ လိုပါတယ်။

ဒီလိုအချက်လေးတွေကို နေ့စဥ်နေ့တိုင်း တိလေးတို့အတွက် လုပ်ဆောင်ပေးပြီး ကျန်းမာသန့်ရှင်းရေးအတွက် အမြဲဂရုပြုပေးနိုင်မယ်ဆို အချစ်တော်တိလေးက သက်တမ်းကြာရှည်စွာ အနာတရကင်းဝေးပြီး သူ့မိသားစုဝင်တွေနဲ့ ပျော်ပျော်ပါးပါးဖြတ်သန်းနိုင်မှာ အမှန်ပါပဲနော်။ 


Share

Related Posts