
ကလေးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်၊ ကိုယ်ပိုင်ဟန်နဲ့ စိတ်ဝင်စားမှုတွေအပေါ် မူတည်ပြီး လိုက်လျောညီထွေ ပြောင်းလဲနိုင်တဲ့ Homeschooling အကြောင်း အုပ်ထိန်းသူမိဘတိုင်း ကြားဖူးကြမယ်ထင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကလေးတွေကို အိမ်မှာပဲ ပညာသင်ကြားပေးတဲ့ Homeschooling အလေ့အထက သိပ်မရှိသေးပေမဲ့ ဒါက ကလေးတွေရဲ့ လိုအပ်ချက်ကိုယ်စီနဲ့ ကိုက်ညီတဲ့ ပညာရေးကို အကောင်းဆုံးပေးနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။ ဒါပေမဲ့ အခုလို အိမ်တွင်းမှာပဲ အရည်အသွေးရှိတဲ့ ပညာရေးကို နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ စီမံခန့်ခွဲသင်ကြားတတ်ဖို့လည်း လိုအပ်သလို ကုန်ကျစရိတ်လည်း သက်သာစေဖို့ကလည်း အရေးကြီးပြန်ပါတယ်။ ဒါကြောင့် ကလေးပညာရေးအတွက် Homeschooling နည်းလမ်းကို အသုံးပြုရင်း ပတ်ဝန်းကျင်ကောင်းလေး ဖန်တီးနိုင်ဖို့ သိထားသင့်တဲ့ နည်းလမ်းကောင်းတစ်ချို့ကို ဝေမျှပေးချင်ပါတယ်။
အိမ်တွင်းကျောင်းပညာရေး (Home Schooling) ဆိုတာ
အရင်ဆုံး အိမ်တွင်းပညာရေးရဲ့ အဓိကအနှစ်သာရကို သိထားဖို့ လိုပါမယ်။ ဒါကတော့ ကလေးအားလုံးအတွက် ပုံစံတူသတ်မှတ်ထားကြတဲ့ ကျောင်းအချိန်ဇယားတွေကို စွန့်လွှတ်ပြီး ကလေးအတွက် အမှန်တကယ်ကိုက်ညီသင့်တော်မဲ့ ကိုယ်ပိုင်သင်ယူမှုလမ်းကြောင်းတစ်ခုကို တည်ဆောက်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းတွေ၊ သင်တန်းတွေရဲ့ သင်ရိုးညွှန်းတမ်းတစ်ခုတည်းပေါ်မှာ အခြေမခံဘဲ မိသားစုတွင်း အချင်းချင်းနားလည်မှု၊ ပတ်ဝန်းကျင်မှာ စူးစမ်းလေ့လာမှုတွေနဲ့ ဆက်စပ်အခြေခံပြီး ကလေးကို တိုးတက်အောင်မြင်လာအောင် ပျိုးထောင်ပေးတဲ့ ပညာရေးလို့ဆိုရင်လည်း မမှားနိုင်ပါဘူး။

စနစ်တကျ ဘယ်လိုသင်ကြားပေးကြမလဲ
Homeschooling လို့ခေါ်တဲ့ အိမ်တွင်းကျောင်းပညာရေးမှာ စနစ်မကျတာတွေနဲ့ အကုန်အကျများစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ တွေ့ရာ သင်ရိုးညွှန်းတမ်းတွေကို အလွယ်တကူ ဝယ်ယူအသုံးပြုတတ်ကြလို့ပါပဲ။ အခုခေတ်ကာလမှာ အခမဲ့ရရှိနိုင်တဲ့ ပညာရေးအရင်းအမြစ်တွေ၊ စာကြည့်တိုက်တွေနဲ့ လူကြီးသူမတွေရဲ့ လက်တွေ့ဘဝ အတွေ့အကြုံတွေကို ပေါင်းစပ်အသုံးပြုတတ်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့်
- ယုံကြည်စိတ်ချရတဲ့ ပညာရေး websites တွေ၊ Online သင်တန်းတွေရဲ့ ဘာသာရပ်အမျိုးမျိုးကို အိမ်မှာပဲ လေ့လာသင်ယူတာမျိုးတွေ
- ခေတ်မီ၊ အဆင့်မြင့်တဲ့ စာကြည့်တိုက်တွေက စာအုပ်ကောင်းတွေ၊ DVD တွေ၊ e-booksတွေကလည်း ပညာရေးနဲ့ပတ်သတ်တဲ့ အရင်းအမြစ်တွေကို လေ့လာဆည်းပူးနိုင်ပါတယ်။
- နောက်ပြီး သဘာဝနဲ့ဆက်စပ်သင်ကြားနိုင်မဲ့ နီးစပ်ရာပတ်ဝန်းကျင်က ပြတိုက်တွေ သွားလေ့လာတာတွေကလည်း လက်တွေ့ကျတဲ့အပြင် စာအုပ်ထဲမှာ မပါတဲ့ ဗဟုသုတတွေကို ရရှိနိုင်မှာ အမှန်ပါပဲ။
ဒါကြောင့် အိမ်မှာ စာသင်တယ်ဆိုတိုင်း စာသင်ခန်းပုံစံ တိကျသေချာအောင် ပြင်ဆင်ပေးထားရမျိုး မဟုတ်ဘဲ ကလေးရဲ့ လိုအပ်ချက်၊ စိတ်ပါဝင်စားမှုပေါ်မူတည်ပြီး လိုက်လျောညီထွေပြောင်းလဲနိုင်တဲ့ ပညာရေးမျိုး ဖြစ်စေဖို့ လိုပါတယ်။ ဒါမှသာ သူတို့လေးတွေကိုယ်တိုင်လည်း ပညာသင်ကြားမှုကို စိတ်ဝင်စားလာပြီး သွားချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိစေမှာ ဖြစ်ပါတယ်။

သူ့ရဲ့ အကျိုးကျေးဇူးတွေ
ပညာသင်ကြားတယ်ဆိုတာ သင်ယူစရာ အခွင့်အရေးရှိတဲ့ ဘယ်နေရာ၊ ဘယ်လိုအချိန်မှာ မဆို လေ့လာသင်ယူနိုင်ပါတယ်။ စာသင်ခန်းထဲက ဆူညံသံတွေ၊ သူ့အတန်း အချိန်ကာလနဲ့သူ အလျင်မီအောင် သင်ကြားရတာမျိုးတွေ မကြိုက်တဲ့ ကလေးတစ်ယောက်ကို အိမ်မှာပဲ အချိန်ယူသင်ကြားပေးတာက သူ့အတွက် အကျိုးကျေးဇူးကောင်းတွေ ရရှိစေမှာပါ။ အိမ်မှာဆိုရင် သူတို့အတွက် စိတ်အေးလက်အေးနဲ့ ငြိမ်သက်တဲ့နေရာမှာ သင်လိုက်၊ လိုအပ်ရင် နားလိုက်နဲ့ သူတို့ စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို စူးစမ်းလေ့လာလိုက်နဲ့ သင်ယူနိုင်လို့ ကလေးနဲ့ အမှန်တကယ် ကိုက်ညီတဲ့ ပညာသင်ယူမှုပတ်ဝန်းကျင်မျိုးကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ကလေးတွေအတွက် အိမ်တွင်းကျောင်းပညာရေးဖြစ်တဲ့ Home Schooling ဆိုတာ ကလေးရဲ့ ပညာရေးအနာဂတ်အတွက် ပိုမိုကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ သင်ယူမှုပတ်ဝန်းကျင်ကိုပါ ဖန်တီးနိုင်ရုံသာမကပဲ မိသားစုတွင်း နွေးထွေးချစ်ခင်မှုတွေပါ တိုးလာစေမဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။
Comments