မိုးရာသီနဲ့ လိုက်ဖက်မဲ့ မျက်နှာအသားရည်ထိန်းသိမ်းနည်းတွေ

Posted in ကျန်းမာရေး, အလှအပရေးရာ


နေ့တိုင်း Skin Care တွေလုပ်နေပေမဲ့ ရာသီဥတုအပြောင်းအလဲနဲ့ အသုံးပြုနေတဲ့ ပစ္စည်းအမျိုးအစားတွေကြောင့် အသားရည်က ထင်ထားသလောက် မထူးခြားလာတာ ကြုံဖူးကြမှာပါ။ အခုလို မိုးတွင်းရောက်လာပြီဆို ပတ်ဝန်းကျင်ရဲ့ စိုထိုင်းဆနဲ့ ပူလိုက်၊ အေးလိုက် ဖြစ်တတ်တာကြောင့် အသားရည်ကိုလည်း သေချာမထိန်းသိမ်းနိုင်ဘူးဆို ပျက်စီးဖို့ အလားအလာများပါတယ်။ ဒါ့အပြင် အရေပြားပေါ်မှာရှိတဲ့ ချွေးတွေကြောင့် အဆီပြန်တာ၊ ချွေးပေါက်ပိတ်တာ၊ ဝက်ခြံထွက်တာတို့ကလည်း ရှောင်လွှဲလို့မရဘဲ အမြဲတမ်းဖြစ်တတ်တဲ့ အရေပြားပြဿနာတွေပါ။ ဒါကြောင့် ရာသီအလိုက် အသားရည်ကို ထိန်းသိမ်းကြရာမှာ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေနဲ့အတူ အထူးသဖြင့် မိုးရာသီနဲ့ လိုက်ဖက်မဲ့ မျက်နှာအသားရည် ထိန်းသိမ်းနည်းတွေပါ သိထားရအောင် ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ရအောင်။

စိုထိုင်းဆအပြောင်းအလဲက ဘာကြောင့်အရေးကြီးတာလဲ

မိုးတွင်းမှာဆို ပုံမှန်ထက် လေထုအစိုဓာတ်များနေတတ်တာကြောင့် အသားအရည်ရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကို သက်ရောက်မှုရှိစေတာပါ။ အဆီပြန်တဲ့ အသားအရည်မျိုးဆိုရင် အဆီပိုပြန်လာနိုင်ပြီး အသားခြောက်တဲ့သူတွေ ဒါမှမဟုတ် အရေပြားနုတဲ့သူတွေကျတော့ ရေဓာတ်ခန်းခြောက်တာ၊ အရေပြားယားယံတာတွေ ပိုခံစားရနိုင်ပါတယ်။ 

နောက်ပြီး စိုထိုင်းဆများတဲ့ ခုလိုအခြေအနေမှာ ချွေးပိုထွက်တတ်ပြီး ပတ်ဝန်းကျင်လေထုရဲ့ အညစ်အကြေးတွေကလည်း ချွေးပေါက်တွေကို ပိတ်ဆို့စေကာ အသားရည်ကိုပါ ညိုညစ်သွားစေနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဝက်ခြံတွေ၊ ဘတ်တီးရီးယားတွေ ပေါက်ဖွားလာပြီး အသားရည်ပျက်စီးနိုင်တာကြောင့် ကိုယ့်အသားရည်ကို အကာအကွယ်ပေးပြီး သက်တောင့်သက်သာရှိစေမဲ့ အသားအရည်ထိန်းသိမ်းမှုပုံစံကို ကိုယ်နဲ့လိုက်ဖက်ညီအောင် သေချာပေါက် သိထားပြင်ထားဖို့က အရေးကြီးပါတယ်။

မိုးရာသီနဲ့ လိုက်ဖက်အောင် ဘယ်လိုထိန်းသိမ်းသင့်လဲ

ဒီလိုရာသီမှာ ကိုယ်သုံးနေတဲ့ Skin Care ပစ္စည်းတွေကို မျက်နှာပေါ် အဆင့်ဆင့်နဲ့ ထူထူထဲထဲတွေ လိမ်းရတဲ့ ပစ္စည်းတွေ မသုံးဘဲ ပေါ့ပေါ့ပါးပါးနဲ့ အဆီမပါဝင်တဲ့ ပစ္စည်းတွေကို အစားထိုးသုံးတတ်ဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ့်အသားရည်နဲ့ရော၊ မိုးရာသီနဲ့ပါ လိုက်ဖက်ညီအောင် 

မျက်နှာသစ်ဆပ်ပြာကောင်းကောင်း ‌ရွေးချယ်ပါ - အဆီပြန်တဲ့ အသားရည်အတွက် Gel သို့မဟုတ် Foam ပုံစံ ဆပ်ပြာကို ပြောင်းလဲသုံးစွဲတာက ချွေးပေါက်ထဲမှာရှိတဲ့ အညစ်အကြေးများကို ထိရောက်စွာ သန့်စင်ပေးမှာပါ။

ပေါ့ပါးတဲ့ Moisturizer သုံးစွဲပါ - အခုလို စိုထိုင်းဆများတဲ့ကာလမှာ အဆီများတဲ့ Cream တွေအစား Hyaluronic Acid ပါဝင်ပြီး မျက်နှာအစိုဓာတ်ထိန်းသိမ်းပေးတဲ့ Moisturizer ကို အသုံးပြု‌ပေးပါ။ ဒါက အရေပြားကို အစိုဓာတ်ကောင်းကောင်းပေးပြီး စေးကပ်မှုလည်း မရှိစေပါဘူး။

နေရောင် ကာကွယ်ပါ - မိုးတွင်းမလို့ နေပူဒဏ် မပြင်းထန်လောက်ဘူး တွေးမိကြမှာပေမဲ့ Sunscreen ကတော့ ရာသီမရွေး မပျက်မကွက် လိမ်းဖို့ အရေးကြီးပါတယ်။ ဒါကြောင့် Sunscreeen ‌ရွေးလိမ်းတဲ့အခါ စေးကပ်မှုမရှိဘဲ ကိုယ့်အသားရည်နဲ့လိုက်ဖက်မဲ့ အမျိုးအစားကို ရွေးချယ်ပေးသင့်ပါတယ်။

ချွေးပေါက် သန့်စင်ပေးပါ - မျက်နှာသေချာသစ်ဖို့အပြင် Salicylic acid (BHA) ပါဝင်သော Skincare ပစ္စည်းတွေကို တစ်ပတ်လျှင် ၂ကြိမ်၊ ၃ကြိမ်ခန့် အသုံးပြုတာက ချွေးပေါက်ပိတ်တာကို ကာကွယ်ပေးမှာပါ။ တစ်ခုရှိတာက မျက်နှာသန့်စင်ချင်ဇောနဲ့ တစ်ရက်တည်းမှာပဲ ခဏခဏမျက်နှာသစ်တာမျိုးက မျက်နှာအသားရည်ရဲ့ သဘာဝအဆီဓာတ်တွေ ကုန်ခမ်းသွားတာ၊ Skin Barrier ပျက်စီးသွားတာမျိုးတွေ ဖြစ်တတ်လို့ ဂရုတစိုက်နဲ့ သန့်စင်ပေးဖို့ လိုပါမယ်။

အပေါ်မှာပြောပြသွားတဲ့ ဆောင်ရန်ရှောင်ရန်လေးတွေအပြင် မိုးရာသီမှာ သဘာဝအတိုင်း အသားအရည်လေး အေးမြစေဖို့ Face Mist တွေ၊ Toner တွေကို ရေခဲသေတ္တာထဲ ထည့်ထားပြီး မျက်နှာပေါ်သို့ ဖြန်းပေး၊လိမ်းပေးတာကလည်း အရေပြားရောင်ရမ်းမှုကို သက်သာစေပါတယ်။ အရေးကြီးဆုံးအနေနဲ့ ရေများများသောက်ပေးတာကလည်း အရေပြားမှာ အဆီအရမ်းပြန်တတ်တာတွေကို ထိန်းညှိပြီး စိုပြေကျန်းမာစေမှာပါ။ 

ဒီတော့ အခုလို ကိုယ့်အသားရည်နဲ့ လိုက်ဖက်သင့်‌တော်မဲ့ Skincare နည်း အပြောင်းအလဲလေးတွေက ကိုယ့်မျက်နှာအသားရည်လေးကို စိုထိုင်းဆများတဲ့ မိုးရာသီမှာပါ ကျန်းမာလန်းဆန်းနေဖို့ အထောက်အကူပြုစေမှာပါနော်။


Share

Comments

Related Posts