ရိုးရှင်းတဲ့ ဝတ်စားဆင်ယင်မှုတွေ ဘာကြောင့်ခေတ်စားလာရတာလဲ

Posted in လူမှုဘဝ


ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ဖြစ်၊ လူမှုကွန်ယက်တွေမှာဖြစ်ဖြစ်၊ နိုင်ငံတကာက Fashion Shows တွေမှာ ဖြစ်ဖြစ် ကြည့်လိုက်ရင် ဝတ်စားဆင်ယင်မှုနဲ့ ပတ်သတ်ပြီး ခေတ်ရေစီးကြောင်းတစ်ခု ပြောင်းလဲလာတာ သတိထားမိကြလား။ အဝတ်အစားတွေပေါ်က စာသားအများကြီးတွေ၊ တံဆိပ် အကြီးကြီးတွေ၊ အရောင် ခပ်ဆန်းဆန်းတွေနဲ့ ခဏတာ ရေပန်းစားလာတတ်တဲ့ Fashion မျိုးတွေကို သိပ်မတွေ့ရ‌တော့ဘဲ မျက်စိပသာဒ ဖြစ်စေမဲ့ ရိုးရှင်းသပ်ရပ်တဲ့ ဝတ်စားဆင်ယင်မှုပုံစံကို ပြောင်းလဲလာကြပါပြီ။ ဒီလို Minimal Style က အနုပညာဆန်ဆန်နဲ့ ဖက်ရှင်လောကကို လွှမ်းမိုးလာတာတင် မဟုတ်ဘဲ လူနေမှုပုံစံကိုပါ ပြောင်းလဲထုဆစ်ပေးလို့ အဓိက ရေစီးကြောင်းတစ်ခုအနေနဲ့ ဖြစ်တည်လာရတာပါ။ ဒါကြောင့် ရိုးရှင်းသပ်ရပ်တဲ့ ဝတ်စားဆင်ယင်မှုတွေက ဘယ်လိုပုံစံမျိုးလဲဆိုတာနဲ့ အခုလို လူကြီးလူငယ်မရွေး ရိုးရိုးရှင်းရှင်း ဝတ်စားလာတတ်ကြတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်ရအောင်။

ဒီဇိုင်းအသစ်တွေ ပုံမှန်ထက်များလာခြင်း

ပြောင်းလဲတတ်တဲ့ ခေတ်ရေစီးကြောင်းနဲ့အတူ Phone Screens တွေပေါ်က များပြားလှတဲ့ သတင်းအချက်အလက်တွေ၊ အသစ်အသစ်တွေနဲ့ ထူးခြားပြောင်းလဲလာတတ်တဲ့ Fashion Trends တွေကလည်း လိုက်မမီနိုင်လောက်အောင် မြန်ဆန်လွန်းလှပါတယ်။ ဒီလို အချိန်ကာလ တော်တော်ကြာ အပြောင်းအလဲတွေကြားထဲမှာ နေရတဲ့လူတော်တော်များများက ရိုးရှင်းတဲ့ Fashion တွေ ရွေးချယ်ဝယ်ဆင်ပြီး မျက်စိပသာဒဖြစ်အောင်၊ နေ့စဥ်သွားလာလှုပ်ရှားမှုတွေနဲ့ ကိုက်ညီအောင် ဝတ်ဆင်လာကြတာက ထူးခြားတဲ့ အကြောင်းရင်းတော့ မဟုတ်ပြန်ပါဘူး။ ဒါကြောင့် အဝတ်အစားတွေကို ရိုးရိုးရှင်းရှင်းနဲ့ ကိုယ့်အဝတ်ဗီရိုလေးမှာ ရှင်းရှင်းလင်းလင်း စီစဥ်ထားလိုက်တာက မနက်တိုင်းခေါင်းခြောက်ရတဲ့ “ဘာဝတ်ရမလဲ” ဆိုတဲ့ စိတ်ရှုပ်ထွေးရမှုတွေကို လျော့ချထားနိုင်မှာပါ။

ငွေသုံးစွဲမှု ပြောင်းလဲလာခြင်း

စီးပွားရေးကျဆင်းတာတွေ၊ နေထိုင်စားသောက်မှု စရိတ်စက ကြီးမားလာခြင်းနဲ့အတူ ငွေကြေးသုံးစွဲမှုပုံစံတွေကိုလည်း စီစီစစ်စစ်နဲ့ ပြောင်းလဲသုံးစွဲလာရတာကလည်း ဝတ်စားဆင်ယင်မှုတွေအပေါ်  အပြောင်းအလဲ ရှိလာပြန်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ အမြင်လှပေမဲ့လည်း လျှော်လိုက်ရင် ပျက်စီးသွားမဲ့ စျေးပေါတဲ့အထည်တွေ များများ ဝယ်မယ့်အစား ရေရှည်ခံပြီး ချုပ်ရိုးချုပ်သား သေသပ်တဲ့ အရည်အသွေးကောင်း ၁စုံ / ၂စုံ ကိုပဲ ရင်းနှီးမြုပ်နှံတတ်လာကြတာပါ။ ဒီလိုဝတ်စားပုံကို ကြည့်လိုက်တာနဲ့ အထာကျပြီး တန်ဖိုးတစ်ခုရှိကြောင်း သိသာစေပြီး ဒါကို Quiet Luxury လို့လည်း ခေါ်နိုင်ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတတ်လာခြင်း

Trends နဲ့အညီ အဝတ်အစားတွေ ဝယ်ယူဝတ်ဆင်ကြပြီး ရိုးသွားတဲ့အခါ အခန်းထဲက ဗီရိုထဲမှာ နှစ်ချီ သိမ်းဖြစ်သွားတာဖြစ်ဖြစ်၊ လွှင့်ပစ်လိုက်တာ ဖြစ်ဖြစ် ဘယ်သူ့အတွက်မှ အသုံးမဝင်တော့တဲ့အခါ အဝတ်အထည်အမှိုက်တွေ အလွန်များပြားလာပါတယ်။ ဒါကို အခုနောက်ပိုင်း လူငယ်တွေက သတိထားမိလာပြီး သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းကနေ ထိန်းသိမ်းဖို့ စဥ်းစားတဲ့အခါ ရိုးရှင်းပြီး အမြဲတမ်းအတွက် အဆင်ပြေစေမဲ့ ဝတ်စားပုံတွေကို ဦးစားပေးလာပါတယ်။ ဒါကြောင့် အဝတ်အစား အရေအတွက် နည်းနည်းပဲထားပြီး အချင်းချင်း တစ်လှည့်စီ တွဲဖက်ဝတ်ဆင်နိုင်တဲ့ အခြေခံအဝတ်အစားလေးတွေကို အရည်အသွေးကောင်းကောင်း ရွေးချယ်ဝယ်ယူရင်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျော့ချလာကြပါတယ်။  

ရာသီဥတုနဲ့ လူနေမှုပုံစံတွေ ပြောင်းလဲလာခြင်း

မြန်မာနိုင်ငံမှာကတော့ အမြဲတမ်း ပူအိုက် စိုစွတ်နေတတ်တာကြောင့် အရောင်နုနုနဲ့ လေဝင်လေထွက်ကောင်းတဲ့ ချည်သား နဲ့ Linen အင်္ကျီတွေ၊ ဘောင်းဘီပွပွတွေကို ရိုးရိုးရှင်းရှင်းအဝတ်များကြမှာပါ။ ဒါကလည်း ပူပြင်းတဲ့ ရာသီဥတုနဲ့ လိုက်ဖက်ညီအောင် ဒီဇိုင်းရှုပ်ရှုပ်ယှက်ယှက်တွေ၊ အဝတ်အစားအထပ်ထပ်တွေ မဝတ်တော့ဘဲ စိတ်ရောကိုယ်ပါ ကြည်လင်ကျန်းမာစေမဲ့ အဝတ်အစားအသားနဲ့ ဒီဇိုင်းတွေကိုသာ ရွေးချယ်ဖြစ်လာကြတာပါ။ နောက်ပြီး နေ့စဥ်လူမှုဘဝရဲ့ ရုန်းကန်လှုပ်ရှားရမှုတွေနဲ့ မြို့ပြရဲ့ ဆူညံရှုပ်ထွေးမှုတွေကနေ ရုန်းထွက်ဖို့ ရိုးရှင်းအေးချမ်းတဲ့ လူနေမှုပုံစံကို လူကြီးလူငယ်မရွေး သဘောကျလာတာကြောင့်လည်း အခုလို သဘာဝကျကျ ရိုးရှင်း သပ်ရပ်တဲ့ ဝတ်စားဆင်ယင်မှုတွေကို လေ့လာဝတ်ဆင်လာကြတာလည်း ဖြစ်ပါတယ်။

အခုလို ရိုးရှင်းပြီး ခေတ်မီတဲ့ Minimal Style ဝတ်စားဆင်ယင်မှုတွေက အရောင်ငြိမ်ငြိမ်၊ ဒီဇိုင်းရှင်းရှင်းတွေ ဝတ်ဆင်ရုံသက်သက်မဟုတ်ဘဲ ခေတ်သစ်လူမှုပတ်ဝန်းကျင်ရဲ့ ဖိအားတွေ၊ စီးပွားရေးအပြောင်းအလဲတွေကနေ တစ်ဆင့်ပြောင်းလဲဖြစ်ပေါ်လာတဲ့ လူနေမှုပုံစံတစ်ခုပါ။ ဒါကြောင့် ခြုံကြည့်လိုက်ရင် ဒီလိုဝတ်စားမှုပုံစံက ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ကိုယ့်အတွက် တကယ်အရေးပါတဲ့ အရာတွေပေါ်မှာပဲ အာရုံစိုက်ကာ ပေါ့ပေါ့ပါးပါးနဲ့ အထာကျကျ နေထိုင်နိုင်လို့ ခေတ်စားလာရတာပဲ ဖြစ်ပါတယ်။


Share

Comments

Related Posts