
အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်သွားတာပဲဖြစ်ဖြစ် မိသားစုနဲ့ အပေါင်းအသင်းတွေကြားထဲမှာမှ ကိုယ်တစ်ယောက်တည်း ခြင်ပိုကိုက်ခံရတယ်လို့ ခံစားမိကြလား။ တော်တော်များများ ပြောနေကြ သွေးချိုလို့ ခြင်ပိုကိုက်ခံရတယ်လို့ ပြောတာတွေကလည်း အဖြေ သိပ်မဟုတ်သေးတာကြောင့် သိပ္ပံနည်းကျကျ ဒါကဘယ်လိုဖြစ်ရတာလဲ သိချင်ကြမှာပါ။
အမှန်တော့ ခြင်တွေဟာ တွေ့ရာလူ ကျပန်း ကိုက်တတ်တာမျိုး မဟုတ်ဘဲ ခြင်အမတွေဆို လူ့ခန္ဓာကိုယ်ရဲ့ ဓာတုဖြစ်စဥ်တွေပေါ် မူတည်ပြီး ဘယ်သူက ပိုအဆင်ပြေလဲဆိုတာ ဆုံးဖြတ်တတ်ကြတယ်လို့ Mosquito Vanguard ဆိုတဲ့ ဆောင်းပါးမှာ တွေ့ရပါတယ်။ ဒါကြောင့် လူတွေရဲ့ မျိုးရိုးဗီဇ၊ အရေပြား၊ သွေးအမျိုးအစားနဲ့ ကိုယ်တွင်းဓာတုဖြစ်စဥ်တွေအပေါ် မူတည်ပြီး လူအားလုံးထဲမှာမှ ၂၀% က ခြင်ပိုကိုက်ခံနေရတာ ဖြစ်ပါတယ်။

ထူးခြားတဲ့ ခန္ဓာကိုယ်ရနံ့
အရေပြားပေါ်က ထူးခြားတဲ့ ဓာတုဖွံ့စည်းပုံနဲ့ ခန္ဓာကိုယ်ရနံ့က ခြင်တွေကို ဆွဲဆောင်နိုင်တဲ့ အဓိကအချက်တွေထဲက တစ်ခုပါ။ ခြင်ကိုက်အခံရဆုံးသူတွေရဲ့ အရေပြားမှာ Carboxylic Acids ဓာတ်တွေ သိသိသာသာထွက်လေ့ရှိပြီး ဒီအက်စစ်ဓာတ်က အရေပြားကနေ သဘာဝအတိုင်း ထွက်တဲ့ အဆီမှာ ပါဝင်လေ့ရှိပါတယ်။ အရေပြားပေါ်က ဘက်တီးရီးယားတွေက ဒီအက်စစ်တွေကို ခြေဖျက်တဲ့အခါ ထွက်လာတဲ့အနံ့က ခြင်တွေ ကြိုက်နှစ်သက်တဲ့ အနံ့ဖြစ်တာကြောင့် သူတို့ကို ဆွဲဆောင်သလိုဖြစ်ပြီး ခြင်အကိုက်ခံရတော့တာပါပဲ။ ဒီလို အရေပြားမှာ Carboxylic Acids ထွက်တာကလည်း မျိုးရိုးဗီဇအပေါ် မူတည်တာကြောင့် ပြောင်းလဲလို့မရဘဲ ခြင်တွေရဲ့ ပစ်မှတ်တွေထဲက တစ်ခု ဖြစ်နေရတာပါ။
Carbon Dioxide ထုတ်လွှတ်မှုများခြင်း
ခြင်တွေက လူတွေ ရှူထုတ်လိုက်တဲ့ Carbon Dioxide ဓာတ်ငွေ့ကို ပေ ၃၀ (၁၀ မီတာ) အကွာအဝေးကနေတောင် အာရုံခံနိုင်တာကြောင့် ဒါနဲ့ပဲ သူတို့သားကောင်ကို ရှာဖွေအသုံးပြုနိုင်ကြပါတယ်။ ကိုယ်တွင်းဇီဝကမ္မဖြစ်စဥ် (Metabolism) မြန်ဆန်တဲ့လူတွေက စွမ်းအင်ကို ပိုလောင်ကျွမ်းစေတာကြောင့် Carbon Dioxide ကို မြန်မြန်နဲ့ များများ ရှူထုတ်ကြတဲ့အတွက် ခြင်အကိုက်ခံရ များတတ်တာပါ။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပြီးကာစ လူတွေ၊ ခန္ဓာကိုယ် ထွားကြိုင်းသူတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေက ဇီဝကမ္မဖြစ်စဉ် ပိုမိုမြန်ဆန်ကာ CO₂ ပိုမိုထုတ်လွှတ်တာကြောင့် ခြင်ကိုက်ခံရနိုင်ခြေ နှစ်ဆ ပိုများတတ်တဲ့အတွက် ဂရုစိုက်သင့်ပါတယ်။

သွေးအမျိုးအစား
တော်တော်များများ သိထားကြတဲ့ သွေးအမျိုးအစားတွေကနေလည်း ခြင်ပိုကိုက်ခံရ မခံရ ခွဲခြားနိုင်ပါသေးတယ်။ အပေါ်မှာ ပြောသွားတဲ့ ခန္ဓာကိုယ်ရနံ့နဲ့ အပူရှိန်က အဓိကကျပေမဲ့လည်း သွေးအမျိုးအစားအပေါ် လိုက်ပြီးလည်း ခြင်တွေကိုက်တတ်ပါတယ်။ တချို့ ခြင်မျိုးစိတ်တွေ ဖြစ်တဲ့ အထူးသဖြင့် သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ ခြင်ကျားတွေက O သွေးအမျိုးအစားရှိသူတွေကို ပိုနှစ်သက်တတ်တယ်လို့ very well health ရဲ့ ဆောင်းပါးမှာ တွေ့ရတာပါ။ ဒါပေမဲ့လည်း လူတော်တော်များများက ကိုယ့်သွေးအမျိုးအစားကို အရေပြားအဆီကတစ်ဆင့် သဘာဝအတိုင်း ထုတ်လွှင့် အချက်ပြနိုင်တာကြောင့် ဒီလိုထုတ်လွှင့်နိုင်တဲ့ သွေးအမျိုးအစားရှိတဲ့ ဘယ်လိုသွေးအမျိုးအစားဖြစ်ဖြစ် ခြင်တွေက ပိုသတိပြုမိကြပြီး လာကိုက်တတ်ကြပါသေးတယ်။
ကိုယ်အပူရှိန်နဲ့ ချွေးထွက်ခြင်း
ခြင်တွေက သူတို့သားကောင်ကို အာရုံခံတဲ့နေရာမှာ ခန္ဓာကိုယ်ရဲ့ အပူရှိန်နဲ့ ချွေးကိုလည်း အာရုံခံတတ်ကြပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ခန္ဓာကိုယ်က ထွက်တဲ့ အပူရှိန်နဲ့အတူ လူ့အရေပြားရဲ့ အပူဆုံးနေရာတွေကို ခြင်တွေက သိမြင်နိုင်တယ်၊ ချွေးမှာ ပါတဲ့ Lactic Acidနဲ့ Ammonia ဓာတုပစ္စည်းတွေက ခြင်တွေကို ဆွဲဆောင်နိုင်တာပါ။ ဒါကြောင့် အလုပ်ပင်ပင်ပန်းပန်းလုပ်တာ၊ အားကစားလုပ်တာကနေ ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပြီး ချွေးလည်းထွက်တာကြောင့် Lactic Acid တွေ ထုတ်လုပ်တဲ့အတွက် ခြင်တွေကို ဖိတ်ခေါ်သလို ဖြစ်စေတာပါ။

အရက်သောက်များခြင်း
ခြင်ကိုက်ခံရတာနဲ့ အရက်သောက်တာ သိပ်မဆိုင်လောက်ဘူး တွေးမိကြမှာပေမဲ့ ဘီယာ သို့ အရက် တစ်ခွက်သောက်တာနဲ့ ခြင်ကိုက်ခံရနိုင်ခြေ မြင့်တက်စေတယ်လို့ The Conversation ရဲ့ ဆောင်းပါးမှာ ဖော်ပြထားတာပါ။ ဘာကြောင့်ဆို အရက်သောက်တာက သွေးကြောတွေကို ကျယ်စေပြီး ပူနွေးတဲ့သွေးတွေကို အရေပြားမျက်နှာပြင်ဆီ တွန်းပို့ပေးတာကြောင့် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပါတယ်။ ဒီတော့ ချွေးထွက်တာတွေ၊ အသက်ရှူနှုန်းတွေကို ပြောင်းလဲစေပြီး ဘေးပတ်ဝန်းကျင်က ခြင်အုပ်တွေကို ဆွဲဆောင်သလို ဖြစ်နေတာပေါ့။
ကိုယ်က သူများတွေထက် ခြင်ပိုကိုက်ခံနေရလို့ မျိုးရိုးဗီဇတွေ၊ သွေးအမျိုးအစားတွေကို ပြောင်းလဲလိုက်လို့ မရနိုင်ပေမဲ့ ခြင်တွေရဲ့ အာရုံခံစနစ်ကိုတော့ နှောင့်ယှက်ဖျက်ဆီးနိုင်တာပါ။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ခြင်တွေ မပေါက်ဖွားအောင် ကာကွယ်ထားမယ်၊ ရေတင်/ရေကျန်တဲ့နေရာတွေကို ရှင်းလင်းမယ်၊ အဝတ်အစားတွေကို လုံခြုံအောင် ဝတ်ဆင်ထားမယ်၊ အရည်အသွေးကောင်းတဲ့ ခြင်ဆေးနဲ့ ခြင်ပြေးလိမ်းဆေးတွေ ဆောင်ထား၊ လိမ်းထားမယ်ဆို ခြင်အန္တရာယ်ကနေ တတ်နိုင်သလောက် ကာကွယ်ထားနိုင်မှာပါ။
Comments