
အခုခေတ် ကလေးတွေကို ကြည့်လိုက်ရင် ကျောင်းစာ၊ အိမ်စာ၊ ကျူရှင်တွေနဲ့တင် တစ်နေ့တာကုန်လွန်နေရပြီး ကလေးတို့သဘာဝ လွတ်လပ်စွာ ဆော့ကစားဖို့ အချိန်မရှိသလောက် ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ လူမှုဆက်ဆံရေးတို့အတွက် ဆော့ကစားခြင်းဟာလည်း အရေးကြီးပြန်တာပါ။ ဒါကြောင့် ကလေးရဲ့ စာကြည့်ချိန်နဲ့ ဆော့ကစားချိန်တွေမှာ စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းနေအောင် မေမေတို့ ဘယ်လို မျှတစွာ ဖန်တီးပေးလို့ရမလဲဆိုတာ လေ့လာကြည့်ကြရအောင်။

၁။ "စာကြည့်ချိန်" ရော "အနားယူချိန်" ကိုပါ တန်ဖိုးထားပါ
ကလေးငယ်တွေ နေ့စဥ်နဲ့အမျှ ကျောင်းစာနဲ့ အိမ်စာတွေချည်းပဲ လုပ်နေတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ မွန်းကြပ်စေပြီး ဖွံ့ဖြိုးမှုကို နှောင့်နှေးစေတဲ့အပြင် ကျောင်းဆင်းဆင်းချင်း အနားမယူရဘဲ စာချက်ချင်းထိုင်လုပ်တာမျိုးက ဦးနှောက်ကို ပင်ပန်းစေပါတယ်။ ဒါကြောင့် ကျောင်းကပြန်ရောက်ချိန်မှာ ခဏ မုန့်စား၊ အနားယူစေပြီးမှ စာကြည့်ခိုင်းတာက ကလေးအတွက် အာရုံစိုက်ရ ပိုမိုလွယ်ကူစေမှာပါ။ မေမေတို့အနေနဲ့ ကလေး ငယ်စဉ်မှာ ပျော်ရွှင်မှု ရရှိဖို့နဲ့ ပညာရေးမှာလည်း ထူးချွန်ဖို့ စနစ်တကျ အချိန်ဇယားလေး ရေးဆွဲပြီး ချိန်ညှိပေးဖို့ လိုအပ်ပါတယ်။
၂။ ဆော့ကစားခြင်းဟာလည်း သင်ယူမှုတစ်မျိုးပါပဲ
ကလေးငယ်တွေအတွက် ဆော့ကစားခြင်းဆိုတာ အချိန်ဖြုန်းတာ တီထွင်ဖန်တီးနိုင်စွမ်း၊ ပေါင်းသင်းဆက်ဆံရေးနဲ့ စိတ်ဖိစီးမှု လျှော့ချရေးတို့အတွက် အလွန်အရေးပါတဲ့ သင်ယူမှုတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ၁ နာရီမှ ၂ နာရီအထိ ကျောင်းစာနဲ့ မဆိုင်တဲ့ ကစားချိန် သီးသန့် ထားပေးသင့်ပါတယ်။ နေ့စဥ် အချိန်ဇယားမှာ ဒီလို စာကြည့်ချိန်နဲ့ ကစားချိန်ကို မျှမျှတတ ထည့်သွင်းပေးထားတာကြောင့် ကလေးရဲ့ စိတ်ကို ပေါ့ပါးလန်းဆန်းစေပြီး စာကြည့်တဲ့အခါမှာလည်း အာရုံစူးစိုက်နိုင်စွမ်းကို ပိုမိုတိုးတက်စေမှာပါ။

၃။ ရလဒ်ထက် ကြိုးစားမှုကို ဦးစားပေး ချီးကျူးပေးပါ
အမှတ်ကောင်းကောင်း ရဖို့ တစ်ခုတည်းကိုပဲ အမြဲ ဖိအားပေးနေရင် ကလေးမှာ စိုးရိမ်စိတ်တွေ များလာပြီး စာကို စိတ်မပါဘဲ လုပ်ရတာမျိုး ဖြစ်လာတတ်ပါတယ်။ စာမေးပွဲ ရလဒ်က အရေးကြီးတယ်ဆိုပေမဲ့လည်း ကလေးရဲ့ နေ့စဉ် ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ချီးကျူးပေးဖို့လည်း လိုတာပါ။ မိဘတွေရဲ့ ချစ်ခြင်း၊ ဂရုစိုက်ခြင်းနဲ့ နားလည်ပေးခြင်းတွေက ကလေးကို စိတ်ပေါ့ပါးလန်းဆန်းစေပြီး စာလေ့လာရာမှာ ပိုမို အာရုံစူးစိုက်နိုင်စွမ်း ရှိလာစေပါလိမ့်မယ်။
ကလေးငယ်တွေအတွက် စာတစ်ခုတည်းကိုပဲ အဓိကမထားဘဲ ဆော့ကစားချိန်နဲ့ စာလုပ်ချိန် မျှတနေမှသာ ဦးနှောက်နဲ့ ခန္ဓာကိုယ်က ပိုပြီး ကျန်းမာဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် သားသားမီးမီးတို့ရဲ့ အနာဂတ်မှာ ပညာရေးအတွက် ဖိအားအလွန်အကျွံမဖြစ်စေဘဲ ကျန်းမာပျော်ရွှင်တဲ့ ကလေးငယ်လေးများ ဖြစ်လာစေဖို့ ဖေဖေ၊ မေမေတို့က မေတ္တာနဲ့ ပံ့ပိုးပေးလိုက်ကြရအောင်နော်။
Comments