လန်းဆန်းတဲ့နွေအတွက် လတ်ဆတ်တဲ့ Salad များ

Posted in အစားအစာ


အခုလို နွေရာသီမှာ ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအသောက်တွေထဲက အကောင်းဆုံးတစ်ခုကတော့ အရွက်သုပ် (Salad) တွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ Salad တွေဟာ လတ်ဆတ်တဲ့ အသီးအရွက်တွေနဲ့ အဓိကထား ပြုလုပ်ရတာဖြစ်တဲ့အတွက် နွေရာသီလို အပူချိန်မြင့်မားတဲ့ ကာလတွေအတွက် ခန္ဓာကိုယ်ရဲ့ အေးမြမှုနဲ့ ရေဓာတ်ဖြည့်တင်းတဲ့ စနစ်တွေကို အထောက်အပံ့ပေးနိုင်တာကြောင့်ပါပဲ။ အသေးစိတ်ကို ဆက်ပြီး ဖတ်ကြည့်လိုက်ရအောင်နော်။

သဘာဝရဲ့ ရေဓာတ်ဖြည့် အကျိုးဆောင်များ

Salad တွေမှာ ပါဝင်လေ့ရှိတဲ့ အသီးအရွက်တွေဟာ ရေဓာတ်အများကြီးပါဝင်တဲ့ အသီးအရွက်တွေဖြစ်ပါတယ်။ ဥပမာ သခွားသီးနဲ့ ဆလပ်ရွက်တွေမှာဆိုရင် ရေဓာတ် ၉၆ ရာခိုင်နှုန်းလောက်ထိ ပါဝင်ပြီး ခရမ်းချဉ်သီးမှာဆိုရင် ၉၄ ရာခိုင်နှုန်းအထိပါဝင်ပါတယ်။ ဒီလို ရေဓာတ်အပြည့်အဝပါဝင်တဲ့ အသီးအရွက်တွေကို ရောပြီး သုပ်ထားတာဖြစ်တဲ့အတွက် သဘာဝအတိုင်း ရေဓာတ်ဖြည့်ပေးတဲ့ အကောင်းဆုံးအကျိုးဆောင်တွေ ဖြစ်နေပါတယ်။ ဒါကြောင့် ရေဓာတ်ဆုံးရှုံးမှုများတဲ့ နွေရာသီကို ရင်ဆိုင်ဖို့အတွက်လည်း အကောင်းဆုံးအစားအသောက်တစ်ခု ဖြစ်ပါတယ်။

ခန္ဓာကိုယ်ကို အပူမပေးတဲ့ အစားအသောက်

ပုံမှန်အားဖြင့် အစားအသောက်တစ်ခု စားလိုက်လို့ အစာအိမ်က အစာချေဖျက်တဲ့အခါမှာ အလုပ်လုပ်ရသလောက် ပမာဏအတိုင်း အပူတွေ ထွက်လာပါတယ်။ Salad လို ရိုးရှင်းပြီး သဘာဝနဲ့ နီးစပ်တဲ့ အသီးအရွက်တွေပါဝင်တဲ့ အစားအသောက်တွေဟာ ချေဖျက်ဖို့ လွယ်ကူပြီး တခြားအစားအသောက်တွေနဲ့ ယှဉ်ရင် အပူထွက်တာ အရမ်းနည်းပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အပူမပေးတဲ့ အစားအသောက်ဖြစ်သလို အရှေ့မှာပြောခဲ့တဲ့အတိုင်း ရေဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်တဲ့အတွက် နွေရာသီမှာတောင် ခန္ဓာကိုယ်ကို အေးမြနေစေပါလိမ့်မယ်။

အခြားကျန်းမာရေးကောင်းကျိုးများ

နွေရာသီမှာ ချွေးထွက်များတဲ့အခါ ခန္ဓာကိုယ်ထဲက ဓာတ်ဆားတွေကိုပါ ဆုံးရှုံးစေပါတယ်။ အဲဒီအတွက် လတ်ဆတ်တဲ့ Salad တွေကို စားခြင်းအားဖြင့် လိုအပ်တဲ့ ဓာတ်ဆားတွေကို သဘာဝအတိုင်း ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါ့အပြင် မုန်လာဥနီနဲ့ ခရမ်းချဥ်သီးလိုမျိုး အသီးအရွက်တွေမှာဆိုရင် နွေရာသီရဲ့ ပြင်းထန်တဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်မယ့် antioxidant တွေပါဝင်ပါတယ်။ နောက်ထပ် ကောင်းကျိုးတစ်ခုကတော့ ပူတဲ့ရာသီတွေမှာ အစာစားပြီးတဲ့အချိန် အားကုန်သလို ခံစားရစေတဲ့ “food coma” မျိုး မဖြစ်စေဘဲ လန်းဆန်းနေစေတာပဲဖြစ်ပါတယ်။

ပြီးပြည့်စုံတဲ့ Salad ဖြစ်စေဖို့

  • အာဟာရတွေ ပြည့်စုံဖို့အတွက် အစေ့အဆန်တွေ ထည့်စားပါ။
  • အချိုကြိုက်ရင် ဖရဲသီး၊ သရက်သီးတို့လို လတ်ဆတ်တဲ့ အသီးတွေ ထည့်လို့ရပါတယ်။
  • သံလွင်ဆီ ထည့်စားမယ်ဆိုရင် အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က များများစုပ်ယူနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

ဒါဆိုရင်‌တော့ နွေရာသီနဲ့ လိုက်ဖက်တဲ့ Salad တွေအကြောင်း သိသွားကြပြီလို့ထင်ပါတယ်။ ရေတို၊ ရေရှည် ကျန်းမာရေးကောင်းကျိုးတွေ ရနိုင်တဲ့အတွက် ရွေးချယ်သင့်တဲ့ အစားအသောက်တစ်ခုအဖြစ် ပြောပြလိုက်ရပါတယ်။

တကယ်လို့ ကိုယ်ကိုယ်တိုင် ဘယ်လိုလုပ်ရမလဲ မသိဘူး ဒါမှမဟုတ် အချိန်မရဘူးဆိုရင်တော့ marketplace by City Mart ဆိုင်ခွဲတွေမှာ လတ်ဆတ်တဲ့ Salad တွေကို အမျိုးအစားစုံလင်စွာ ဝယ်ယူရရှိနိုင်ပါတယ်နော်။


Share

Comments

Related Posts