
နွေရာသီကိုရောက်လာတဲ့အခါမှာ လူတွေရဲ့ ခန္ဓာကိုယ်က ရေဓာတ်များပြီး ပေါ့ပေါ့ပါးပါးဖြစ်မယ့် အစားအသောက်တွေကို ပိုပြီး တောင့်တလာပါတယ်။ ကျန်းမာရေးအတွက်လည်း နေအပူဒဏ်ကို ခံနိုင်ရည်ရှိပြီး ခန္ဓာကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးမယ့် အစားအသောက်တွေက အရေးကြီးပါတယ်။ အဲဒီအတွက် အကောင်းဆုံးကတော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ များများစားဖို့ပါပဲ။ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ အများကြီးထဲမှာမှ ပိုပြီးထိရောက်မယ့် ရွေးချယ်မှုဖြစ်အောင် ဒီနေ့ဆောင်းပါးလေးမှာ ပြောပြပေးသွားမှာပါ။
ရေဓာတ်ဖြည့် ဟင်းသီးဟင်းရွက်၊ အသီးအနှံများ
နွေရာသီမှာဆိုရင် ရေဓာတ်ဆုံးရှုံးမှုက ပိုများလာမှာဖြစ်တဲ့အတွက် ရေဓာတ်ဖြည့်ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် ရေများများသောက်တာ တစ်ခုတည်းက ရေဓာတ်ဖြည့်ပေးနိုင်တာ မဟုတ်ပါဘူး။ ဟင်းသီးဟင်းရွက်တွေထဲမှာဆိုရင် သခွားသီးဟာ ရေပါဝင်မှု ၉၅ ရာခိုင်နှုန်းအထိရှိပါတယ်။ ဒါမှမဟုတ်ရင် နံနံပင်တွေမှာလည်း ရေဓာတ်ပါဝင်မှုများတဲ့အတွက် နွေရာသီအတွက် ကောင်းမွန်တဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ပါဝင်ပါတယ်။ အသီးအနှံတွေထဲမှာဆိုရင်တော့ ဖရဲသီးနဲ့ လိမ္မော်သီးလိုမျိုး အရည်ရွှမ်းတဲ့အသီးတွေဟာ နွေရာသီအတွက် အကောင်းဆုံးဖြစ်ပါတယ်။
နေလောင်ဒဏ်ကို ကုသပေးမယ့် ဟင်းသီးဟင်းရွက်၊ အသီးအနှံများ
နွေရာသီမှာ နေရောင်ခြည်က ခရမ်းလွန်ရောင်ခြည်ပြင်းအားများတဲ့အတွက် နေရောင်နဲ့ထိတွေ့ရတဲ့အခါ အရေပြားဆဲလ်တွေကို ပျက်စီးစေပါတယ်။ အဲဒီလို နေလောင်ဒဏ်ကို ကုသပေးတဲ့နေရာမှာတော့ ခရမ်းချဉ်သီးက အကောင်းဆုံး ဟင်းသီးဟင်းရွက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အသီးအနှံတွေထဲမှာတော့ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီလိုမျိုး ဘယ်ရီသီးတွေက နေလောင်ထားတဲ့ အရေပြားကို ကုသပေးတဲ့နေရာမှာ အထောက်အပံ့အများကြီး ပေးနိုင်ပါတယ်။ ဆဲလ်အသစ်တွေ တိုးပွားဖို့အတွက်တော့ မက်မွန်သီးက အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။
ခန္ဓာကိုယ်ကို အေးမြစေတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံများ
နွေရာသီမှာ နေရောင်နဲ့ မထိတွေ့ဘူးဆိုရင်တောင်မှ ခန္ဓာကိုယ်အပူချိန်က ပုံမှန်ထက် မြင့်မားနေတတ်ပါတယ်။ အဲဒီအတွက် ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးပြီး အေးမြစေဖို့အတွက် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးသင့်ပါတယ်။ ဒီလို ဟင်းသီးဟင်းရွက်တွေမှာ ရေဓာတ်တွေ များများပါဝင်သလို အမျှင်ဓာတ်ပါဝင်မှုကလည်း အစာချေစနစ်ကို ကောင်းမွန်စေတဲ့အတွက် အစာချေဖျက်ခြင်းကြောင့်ထွက်လာတဲ့ အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ပူဒီနာနဲ့ ရှောက်ပန်းသီးလိုမျိုး အေးမြစေတဲ့ အသီးအရွက်တွေကိုလည်း ရွေးချယ်စားသုံးသင့်ပါတယ်။
အခုပြောခဲ့တာတွေကတော့ နွေရာသီမှာ ကျန်းမာနေဖို့အတွက် အထောက်အပံ့ပေးနိုင်မယ့် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေပဲဖြစ်ပါတယ်။ အဲဒါအပြင် နွေရာသီအတွက် အကြံပြုချင်တာကတော့ ရေများများသောက်ဖို့၊ အပြင်သွားတဲ့အခါ ထီး၊ ဦးထုပ်တွေယူသွားကြဖို့နဲ့ အပြင်က ပြန်လာတဲ့အခါ ရေချိုးတာ၊ ရေလောင်းတာမျိုး ချက်ချင်းမလုပ်ကြဖို့ပါပဲ။
Comments