မိုးရာသီကျန်းမာရေးအတွက် အကောင်းဆုံး ဆေးဖက်ဝင်အပင်များ

Posted in ကျန်းမာရေး, အိမ်တွင်းကုထုံးများ


မိုးဝင်ပြီဆို ရာသီဥတုက စိမ်းစိမ်းစိုစိုနဲ့ အနည်းငယ်အေးမြလာသလို ရှိပေမဲ့လည်း ရာသီအပြောင်းအလဲကြောင့် မတူညီတဲ့ ကျန်းမာ‌ရေးပြဿနာအမျိုးမျိုး ကြုံလာရတတ်ပါတယ်။ စိုထိုင်းဆများပြီး အပူချိန်အပြောင်းအလဲတွေကြောင့် ရာသီတုပ်ကွေးဖြစ်တာ၊ အအေးမိတာ၊ အဆစ်အမြစ်ကိုက်ခဲတာ၊ အစာခြေစနစ် နှေးကွေးတာ စတဲ့ လက္ခဏာတွေကို လူကြီး၊ လူငယ်မရွေး ခံစားရတတ်တာပါ။ ဒါတွေကို ခံနိုင်ရည်ရှိစေဖို့ ရှေးပဝေသဏီကတည်းက သဘာဝအတိုင်း ပေါက်ရောက်တဲ့ ဆေးဖက်ဝင်အပင်တွေကို ဖော်စပ်ပြီး အသုံးပြုလာကြတာကြောင့် သာမာန် နေထိုင်မကောင်းဖြစ်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မိုးတွင်းမှာ ခံစားရတတ်တဲ့ နေထိုင်မကောင်းဖြစ်မှုတွေကို သဘာဝဆေးဖက်ဝင်အပင်တွေက ဘယ်လိုကုသပျောက်ကင်းစေလဲ၊ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ဘယ်လိုလုပ်ဆောင်ပေးလဲ ဆိုတာ ဗဟုသုတရဖွယ် ဖတ်ကြည့်ကြည့်လိုက်ရအောင်။

မိုးရာသီမှာ သဘာဝ ဆေးဖက်ဝင်အပင်တွေက ဘယ်လိုအသုံးတည့်နေလဲ

စိုစွတ်အေးမြတဲ့ မိုးရာသီလေထုက ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတာကြောင့် သဘာဝကပေးတဲ့ ဆေးဖက်ဝင်အပင်တွေကပဲ လူကို ပြန်လည်ကျန်းမာစေပြီး အနွေးဓာတ်ပေးစွမ်းကြပါတယ်။ ဒါ့အပြင်

  • ပုံမှန်ကာလတွေထက် အေးစက်စိုစွတ်တဲ့ ရာသီဥတုမှာ အစာခြေစနစ် နှေးကွေးတတ်တာကြောင့် ဆေးဖက်ဝင်အပင်တွေက အစာကြေညက်မှုကို အားပေးစေပါတယ်။
  • ရာသီအပြောင်းအလဲတွေမှာ အလွယ်တကူ ဖြစ်ပွားတတ်တဲ့ အအေးမိဖျားနာတာတွေကို သဘာဝအတိုင်း ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
  • မိုးမိပြီး အအေးမိတာတွေအတွက် ခန္ဓာကိုယ်အတွင်း အပူချိန်ကျဆင်းမှုကို ထိန်းညှိပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်။ 

မိုးရာသီနဲ့ အလိုက်ဖက်ဆုံး ရိုးရာဆေးဖက်ဝင်အပင်များ

အခုလို မိုးတွင်းမှာ ကျန်းမာရေးကို အကောင်းဆုံးထိန်းသိမ်းပေးပြီး သာမာန်ဖျားနာမှုတွေကို ကုသပေးနိုင်တဲ့ ဆေးဖက်ဝင်အပင်တွေကတော့  

ဂျင်း - မိုးရာသီအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးဖက်ဝင်ပစ္စည်းဖြစ်ပြီး ရောင်ရမ်းမှုတွေ လျှော့ချပေးကာ လေနာတာ၊ အအေးမိတာတွေကို သက်သာစေပါတယ်။ ဒါကြောင့် ဂျင်းပြုတ်ရည် သောက်ပေးတာက ခန္ဓာကိုယ်ကို နွေးထွေးစေပြီး အကျိုးကျေးဇူးတွေ များလှတာပါ။

စပါးလင် - ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်နိုင်စွမ်းရှိပြီး ကိုယ်လက်ကိုက်ခဲတာနဲ့ အစာမကြေဖြစ်တာတွေကို သက်သာစေတဲ့အတွက် ဟင်းရည်တွေမှာလည်း ထည့်သွင်းချက်ပြုတ်ကြပါတယ်။

နနွင်း - သဘာဝ ပိုးသတ်ဆေးနှင့် ရောင်ရမ်းမှုလျော့ကျစေတဲ့ ဆေးတစ်မျိုးဖြစ်သောကြောင့် လည်ချောင်းနာတာနဲ့ အဆစ်အမြစ်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။

ကြက်သွန်ဖြူ - ကိုယ်ခံအားကို အပြည့်အဝ မြှင့်တင်ပေးနိုင်ပြီး ရာသီအလိုက် ပျံ့နှံ့ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်ပေးရာမှာ အဓိက အခန်းကဏ္ဍအနေနဲ့ ပါဝင်နေတာပါ။

နေ့စဉ်ဘဝမှာ ဘယ်လိုအသုံးချကြမလဲ

ဒီလို ဆေးဖက်ဝင်ပစ္စည်းတွေအများစုက မီးဖိုချောင်တိုင်းမှာ ရှိတတ်တာကြောင့် အခုလို အလွယ်တကူပဲ အိမ်မှာ ဖန်တီးအသုံးချနိုင်တာပါ။ 

  • ဂျင်း၊ စပါးလင် တို့နဲ့ ဆေးဖက်ဝင် လက်ဖက်ရည်ကြမ်း ပြုလုပ်ပြီး ပူပူနွေးနွေးသောက်သုံးပေးတာက ရင်ကျပ်ချောင်းဆိုးတာတွေ၊ အအေးမိတာတွေကို သက်သာစေပါတယ်။
  • ကြက်သွန်ဖြူ၊ ဂျင်းနဲ့ နနွင်းတို့ကို ဟင်းရည်ထဲ ထည့်သွင်းချက်ပြုတ်တာကလည်း မိုးရာသီအတွက် အကောင်းဆုံး အာဟာရကို ရရှိစေမှာပါ။

ဒီလောက်ဆိုရင်တော့ မိုးရာသီရဲ့ အေးမြတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး ကိုယ်နဲ့ ကိုယ့်မိသားစု ကျန်းမာရေးကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်ဖို့ သဘာဝအတိုင်း ရရှိနိုင်တဲ့ ရိုးရာဆေးဖက်ဝင်အပင်တွေအကြောင်း တော်တော်များများသိရှိသွားမယ်လို့ မျှော်လင့်ပါတယ်နော်။ 


Share

Comments

Related Posts