ကုန်ကျစရိတ်သက်သာစေတဲ့ မိုးရာသီခရီးသွားခြင်း

Posted in လူမှုဘဝ, ခရီးသွားခြင်း


မိုးတွင်းမှာ ခရီးသွားမယ် ပြောလိုက်တာနဲ့ အများစုကတော့ စိုစိုစွတ်စွတ်မိုးရေတွေ၊ ရွံ့ဗွက်တွေကြား သွားလာရ ကသီတာတွေပဲ တွေးမြင်မိကြမှာပါ။ ဒီလိုမိုးကာလမှာ တခြားခရီးသွားရာသီတွေထက် အပြင်ထွက်သွားလာရတာ သက်တောင့်သက်သာ မဖြစ်လှပေမဲ့ အခုလို ဝဿန်မိုးကာလမှာမှ ခရီးသွားလို့ ကောင်းရတဲ့ အနှစ်သာရကိုတော့ ခံစားမိကြသူတစ်ချို့ ရှိကြပါတယ်။ ဘာကြောင့်ဆို မသေချာတဲ့ ရာသီဥတုအခြေအနေတွေ ရှိပေမဲ့လည်း စရိတ်စက သက်သက်သာသာနဲ့ သွားနိုင်တဲ့ အကောင်းဆုံးအချိန်ဖြစ်ကာ စိမ်းလန်းသာယာတဲ့ သဘာဝအလှတရားတွေကို အေးအေးချမ်းချမ်းနဲ့ ခံစားနိုင်လို့ပါပဲ။ ဒါကြောင့် မိုးရာသီမှာ ကိုယ့်နိုင်ငံတွင်းက သာယာလှပတဲ့ နေရာတွေကို စူးစမ်းသွားလာဖို့ဖြစ်ဖြစ်၊ အေးအေးချမ်းချမ်းအနားယူဖို့ဖြစ်ဖြစ် သွားလည်သင့်တဲ့ နေရာအချို့နဲ့ ဘယ်လိုကုန်ကျစရိတ် သက်သက်သာသာနဲ့ ခရီးတစ်ခု စီစဥ်ကြမလဲဆိုတာ ကြည့်ကြည့်ကြအောင်။

မိုးရာသီမှာ ခရီးသွားရင် ဘာကြောင့်စရိတ်သက်သာနိုင်တာလဲ

မိုးတွင်း ခရီးသွားတာဟာ တခြားရာသီတွေမှာ ခရီးသွားလာတာထက် ကုန်ကျစရိတ်သက်သာစေတဲ့အပြင် တခြားအကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။

  • အခုလိုကာလမှာ ဟိုတယ်တွေနဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတော်တော်များများက ခရီးသွား နည်းပါးတတ်တဲ့ ကာလဖြစ်တာကြောင့် ဝန်ဆောင်မှုတွေကို သက်သက်သာသာနဲ့ စျေးလျော့ပေးတဲ့ အစီအစဥ်တွေ ရှိတဲ့အတွက် တခြားအချိန်တွေထက် ငွေကုန်ကြေးကျသိပ်မများစေဘဲ ခရီးသွားလာနိုင်ပါတယ်။
  • ရာသီဥတုပြင်းထန်နေတာမျိုး မဟုတ်ဘဲ လေအေးအေးနဲ့ မိုးဖွဲဖွဲလေးတွေက သွားရောက်လည်ပတ်တဲ့ နေရာဒေသမှာ ပူပြင်းခြောက်သွေ့မနေတော့ဘဲ သစ်ပင်ပန်းမန်တွေနဲ့ စိမ်းလန်းစိုပြေနေပြီး ပတ်ဝန်းကျင်ကို သာယာအေးမြနေစေပါတယ်။ 
  • နေ့ဒဓူဝ လုပ်ငန်းဆောင်တာတွေကနေ ခေတ္တရုန်းထွက်ပြီး အေးအေးချမ်းချမ်းနဲ့ ခရီးသွားလာချင်သူတွေအတွက်လည်း မိုးကာလက လူအသွားအလာနည်းပါးတဲ့အတွက် စိတ်အေးချမ်းသာစွာ အနားယူနိုင်တာမျိုးပါ။

ဘယ်လိုနေရာတွေ သွားသင့်လဲ

သဘာဝအလှအပတွေ ပေါများတဲ့ မြန်မာနိုင်ငံမှာ ရာသီမရွေးသွားလာလို့ကောင်းတဲ့ နေရာဒေသတွေထဲကမှ 

  • ဘားအံ - မိုးရာသီမှာ ခရီးသွားပြီဆိုတာနဲ့ တော်တော်များများ သွားရောက်လည်ပတ်တတ်ကြတဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့ကတော့ သူ့ရဲ့ သဘာဝတောတောင်ရေမြေ ရှုခင်းတွေကြောင့် ခရီးသွားနေရာတွေထဲ မပါမဖြစ်ပါပဲ။ သွားလာရလည်း လွယ်ကူတာကြောင့် ရန်ကုန်၊ မန္တလေးကနေ သွားရောက်လည်ပတ်မဲ့သူတွေအတွက်လည်း အချိန်အရမ်းမပေးရဘဲ အလွယ်တကူရောက်ရှိနိုင်တဲ့ နေရာတစ်ခုပါ။
  • ချောင်းသာ/ ငွေဆောင် - မိုးတွင်းမှာလည်း ကောင်းမွန်တဲ့ ခံစားချက်တစ်မျိုးပေးတဲ့ ကမ်းခြေဒေသတွေကလည်း ခရီးသွားလာသင့်တဲ့နေရာတွေထဲမှာ အပါအဝင်ပါ။ မိုးရာသီမှာ ပင်လယ်ကမ်းခြေတွေက အေးအေးချမ်းချမ်းနဲ့ ဆူညံသံတွေ သိပ်မရှိတဲ့အပြင် ကမ်းခြေတစ်လျှောက်မှာရှိတဲ့ တည်းခိုခန်းတွေကလည်း ဈေးနှုန်းချိုသာနေတတ်ပါတယ်။ 
  • အင်းလေး - “အင်းလေးမှာ ရွာတဲ့မိုး” သီချင်းထဲကလို ရှမ်းရိုးမတောင်တန်းတွေနဲ့ အင်းလေးကန်ရဲ့ က မိုးရာသီမှာ ပိုလွမ်းဆွေးစရာကောင်းလှတာပါ။ မိုးကာလဖြစ်တဲ့အတွက်လည်း ဟိူတယ်စျေးနှုန်းတွေ ပုံမှန်ထက်အနည်းငယ် သက်သာနေတတ်ပြီး မိုးစက်မိုးပေါက်တွေကြားက အင်းလေးကန် ရေပြင်အလှကို ခံစားရမဲ့ တစ်ခုတည်းသာ အချိန်ကာလလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် မိုးရာသီမှာ ကုန်ကျစရိတ်သက်သက်သာသာနဲ့ ခရီးသွားဖို့ စဥ်းစားထားတယ်ဆို ဟိုတယ်တွေ၊ ခရီးသွားအေဂျင်စီတွေရဲ့ မိုးရာသီလျော့စျေး Packages တွေကို ရှာဖွေစုံစမ်းပြီး သွားလာတာအကောင်းဆုံးဖြစ်တဲ့အပြင် လိုအပ်မဲ့ ထီး၊ မိုးကာနဲ့ ဦးထုပ် စတာတွေကိုလည်း အသင့်ယူဆောင်သွားဖို့ မမေ့နဲ့နော်။ 

ကဲ... ဒီလောက်ဆိုရင်တော့ မိုးရာသီရဲ့ သာယာအေးမြတဲ့ ရာသီဥတုနဲ့အတူ Budget လည်း ဖြစ်စေမယ့် ခရီးသွားအတွေ့အကြုံကောင်းတွေကို ဒီဆောင်းပါးလေးကတစ်ဆင့် ဖန်တီးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်နော်။ 


Share

Comments

Related Posts