
အီစွပ်ရဲ့ ပုံပြင်တစ်ပုဒ်ရှိပါတယ်။ ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်ကြီး ဆိုကရေးတီးဟာ သူ့အတွက် အင်မတန်သေးငယ်တဲ့ အိမ်လေးတစ်လုံး ဆောက်လုပ်နေခဲ့ပါတယ်။ ဘေးက ဖြတ်သွားဖြတ်လာတွေ၊ အိမ်နီးနားချင်းတွေက အိမ်သေးသေးလေးကို မြင်တဲ့အခါ ဆရာကြီးကို ပြောကြပါတယ်။ “ဘာကြောင့် ဆရာကြီးလိုလူမျိုးအနေနဲ့ ဒီလိုအိမ်သေးသေးလေး ဆောက်နေရသလဲ၊ အိမ်က သေတ္တာလောက်ပဲ ရှိတယ်၊ အခန်းတွေက ကျဥ်းလွန်းတယ်” စသဖြင့်ပေါ့။ ဆရာကြီး ဆိုကရေးတီး သူတို့ကို ပြန်ပြောတဲ့ စကားတစ်ခွန်းကတော့ “ဒီအိမ်သေးသေးလေးနဲ့ ဆန့်မယ့် မိတ်ဆွေအစစ်အမှန်တွေ ရှိဖို့ပဲ ဆန္ဒရှိပါတယ်” တဲ့။
အဓိကပြောချင်တဲ့ အကြောင်းအရာကတော့ မိတ်ဆွေစစ်ဆိုတာ ရှားပါးကြောင်းနဲ့ သူစိမ်းတွေ၊ ရန်သူတွေနဲ့ ပြည့်နေတဲ့ အိမ်ကြီးအိမ်ကောင်းထက် မိတ်ဆွေအစစ်အမှန် နည်းနည်းပဲရှိတဲ့ အိမ်သေးသေးလေးက ပိုကောင်းတယ် ဆိုတာပါပဲ။ ဒီပုံပြင်လေးက ကြာခဲ့ပြီဆိုပေမဲ့ လက်တွေ့ဘဝကို ထင်ဟပ်နေဆဲပါ။ အထူးသဖြင့် လူတစ်ဦးနဲ့တစ်ဦး သိကျွမ်းဖို့ အင်မတန်လွယ်ကူလာတဲ့ ဒီနေ့ခေတ်မှာ ပိုပြီးတော့ သိသာလာပါတယ်။ လူတွေဟာ ကမ္ဘာကြီးတစ်ခုလုံးကို လက်လှမ်းမှီဖို့ ကြိုးစားရင်း၊ လူမှုစက်ဝိုင်းတွေကို ချဲ့ထွင်ဖို့ ကြိုးစားရင်း စစ်မှန်ခြင်းတွေနဲ့ ဝေးကွာလာတတ်တာကြောင့်ပါပဲ။
ဒီနေ့ခေတ်မှာ လူမှုအသိုက်အဝန်းကျယ်ပြန့်တာဟာ အောင်မြင်ဖို့အတွက် အရေးပါတဲ့ အချက်တစ်ခုဖြစ်လာတာ မှန်ပါတယ်။ ဒါပေမဲ့ လူတွေက ကိုယ့်ကို သတိထားမိတယ်၊ သိကျွမ်းတယ် ဆိုတာနဲ့ လူတိုင်းကို ထုတ်ပြလို့မရတဲ့ ကိုယ့်အကြောင်းတွေကို သိနားလည်တဲ့ လူတစ်စုနဲ့ဟာ မိုးနဲ့မြေလို ကွာခြားနေမှာပါ။ ကိုယ်ဘယ်မှာ အလုပ်လုပ်နေတယ်ဆိုတာကို သိတဲ့လူ အယောက်ငါးရာ နဲ့ အဲဒီအလုပ်မှာ ကိုယ်ဘယ်လိုတွေ ရုန်းကန်နေရတယ်ဆိုတာကို သိနားလည်ပြီး မျှဝေခံစားပေးနိုင်တဲ့ လူငါးယောက်နဲ့ ကွာခြားသလိုမျိုးပေါ့။
လူတိုင်းကတော့ ကိုယ့်ဘဝကို ထဲထဲဝင်ဝင် နားလည်ပေးမယ်၊ မျှဝေခံစားပေးမယ်လို့တော့ မျှော်လင့်လို့ မရပါဘူး။ ဒါကလည်း လူတွေရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ လေ့လာချက်တွေအရ လူတစ်ယောက်ဟာ ဘဝမှာ အလွန်ဆုံး တခြားလူအယောက် ၁၅၀ နဲ့ပဲ ခိုင်မာတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ပါတယ်တဲ့။ ကိုယ်ကိုယ်တိုင်လည်း စဉ်းစားကြည့်ပါ။ ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်လှုပ်ရှားနေတဲ့အချိန်မှာ ကိုယ့်မိသားစု၊ လက်တွဲဖော်၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းတွေ အားလုံးကို တစ်ချိန်တည်း အာရုံစိုက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အရေးကြီးတာကတော့ အဲဒီလူတွေအများကြီးထဲမှာမှ အပြန်အလှန် နားလည်မှုရှိတဲ့၊ မျှဝေခံစားပေးနိုင်တဲ့ အသိုက်အဝန်းလေးတွေကို ထိန်းသိမ်းထားဖို့ပါပဲ။ အဲဒါက ကိုယ့်မိသားစုဝင်တွေ ဖြစ်ကောင်းဖြစ်နိုင်သလို သူငယ်ချင်းမိတ်ဆွေတွေထဲကလည်း ဖြစ်နိုင်ပါတယ်။
ဒီလိုမျိုး ကျဉ်းမြောင်းပေမဲ့ နက်ရှိုင်းတဲ့ လူမှုစက်ဝိုင်းလေးတွေကို “inner circle” လို့ ခေါ်ကြပါတယ်။ ဘဝမှာ inner circle ထဲက လူတွေနဲ့ အပြန်အလှန် မိတ်ဆွေစစ်တွေဖြစ်နေခြင်းက ကံကောင်းခြင်းတစ်မျိုးပါပဲ။ အဲဒီလိုမဟုတ်ဘဲ အပေါ်ယံဆက်ဆံရေးတွေ၊ ဆိုရှယ်မီဒီယာပေါ်က တုန့်ပြန်မှုတွေကိုပဲ အာရုံစိုက်နေမယ်ဆိုရင်တော့ ဒုက္ခရောက်တဲ့အခါ ကူရာကယ်ရာမဲ့တဲ့ ဘဝကို ရင်ဆိုင်ရပါလိမ့်မယ်။
ဒါကြောင့် ခေတ်နဲ့အညီ လူမှုအဝန်းအဝိုင်းတွေကို လိုသလို ချဲ့ထွင်ရမှာ မှန်ပေမဲ့ ကိုယ့်ရဲ့ အနက်ရှိုင်းဆုံးတစ်နေရာက မိတ်ဆွေစစ်တွေကို မေ့ထားလို့တော့ မရပါဘူး။ ကိုယ်တိုင်ကလည်း အမြဲတမ်း ထိန်းသိမ်းတည်ဆောက်နေဖို့တော့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အိမ်လေးက ဘယ်လောက်ပဲ သေးသေး၊ ကြီးကြီး၊ မိတ်ဆွေစစ်တွေနဲ့ပဲ ပြည့်နှက်နေမယ်ဆိုရင်တော့ အကောင်းဆုံးပဲ မဟုတ်လား။
Comments