Buy One, Get One (BOGO) နဲ့ Buy One, Take One (BOTO) ရဲ့ ကွာခြားချက်များ

Posted in လူမှုဘဝ


ဈေးဝယ်တဲ့အခါမှာ Buy One, Get One ဒါမှမဟုတ် Buy One, Take One ဆိုပြီး တစ်ခုဝယ်ရင် တစ်ခုလက်ဆောင်ရတဲ့ promotion တွေကို မကြာခဏ မြင်ဖူးကြမယ်လို့ထင်ပါတယ်။ Buy One, Get One ကိုတော့ အတိုကောက် BOGO လို့ခေါ်ပြီး Buy One, Take One ကိုတော့ BOTO လို့ ခေါ်ကြပါတယ်။ ဒီနှစ်ခုက တူသယောင်ရှိပေမဲ့ တကယ်တမ်းမှာတော့ ကွဲပြားပါတယ်။ သူတို့နှစ်ခုကြားက ကွဲပြားမှုလေးတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားမှာပါ။

Buy One, Get One (BOGO)

Buy One, Get One ကတော့ Buy One, Take One ထက် လူတွေနဲ့ ပိုပြီးရင်းနှီးတဲ့ promotion အမျိုးအစားတစ်ခုဖြစ်ပါတယ်။ အများအားဖြင့် Buy One, Get One FREE ဒါမှမဟုတ် Buy One, Get One 50% OFF ဆိုတဲ့ ပုံစံမျိုးကို မြင်ရလေ့ရှိပါတယ်။ အဓိပ္ပာယ်ကိုတော့ အလွယ်အနေနဲ့ တစ်ခုဝယ်ရင် တစ်ခုလက်ဆောင် ဒါမှမဟုတ် တစ်ခုဝယ်ရင် နောက်တစ်ခုကို တစ်ဝက်လျှော့ဈေးနဲ့ရမယ် လို့ ပြောကြပါတယ်။ ဒါပေမဲ့ အဲဒီ “နောက်တစ်ခု” ဆိုတာကို အသေးစိတ်သတ်မှတ်ထားတာရှိပါတယ်။ အဲဒါကတော့ မူရင်းဝယ်လိုက်တဲ့ပစ္စည်းနဲ့ ဆက်စပ်တဲ့ပစ္စည်းတစ်ခု ဒါမှမဟုတ် အဲဒီမူရင်းပစ္စည်းနဲ့ ဈေးနှုန်းချင်းမကွာတဲ့ ပုံစံကွဲပစ္စည်းနောက်တစ်ခုကို ဆိုလိုတာဖြစ်ပါတယ်။ ပိုပြီးရှင်းရှင်းလင်းလင်းဖြစ်အောင် ဥပမာလေးတွေ ပြောပြပေးပါမယ်။

Buy One အနေနဲ့ ဝယ်လိုက်တာက တစ်သိန်းတန် ဖိနပ်တစ်ရံ ဆိုပါစို့။ အဲဒါဆိုရင် Get One Free အနေနဲ့ ရမယ့်ပစ္စည်းဟာ အဲဒီဖိနပ်အမျိုးအစားထဲက အရောင်ကွဲ၊ ဒီဇိုင်းကွဲဖြစ်နိုင်ပြီး တစ်သိန်းထက်မကျော်တဲ့ ဈေးထဲကပဲ ရနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ Get One 50% OFF ဆိုရင် နောက်ဖိနပ်တစ်ရံကို တစ်ဝက်လျှော့ဈေးရမှာပါ။ နောက်ထပ် ဥပမာတစ်ခုကတော့ ရေချိုးဆပ်ပြာတစ်ဘူးဝယ်ရင် မျက်နှာသုတ်ပုဝါတစ်ထည်ရနိုင်တာမျိုး၊ ခေါင်းလျှော်ရည်တစ်ဘူးဝယ်ရင် အဲဒီခေါင်းလျှော်ရည်ရဲ့ ဘူးသေးတစ်ဘူး ရတာမျိုး ဖြစ်ပါတယ်။ ဒါကတော့ Buy One, Get One (BOGO) ရဲ့ အလုပ်လုပ်ပုံပါ။

Buy One, Take One (BOTO)

Buy One, Take One ကလည်း တစ်ခုဝယ်ရင် နောက်တစ်ခုထပ်ရတာပါပဲ။ ဒါပေမဲ့ ဒီမှာရနိုင်တဲ့ “နောက်တစ်ခု” ကတော့ BOGO မှာလိုမျိုး ဈေးနှုန်း၊ ပုံစံကွာခြားတဲ့ ပစ္စည်းမျိုးမဟုတ်ဘဲ တစ်ပုံစံတည်း ထပ်တူကျတဲ့ ပစ္စည်းဖြစ်ပါတယ်။ ဥပမာ ပန်းသီးတစ်လုံးဝယ်မယ်ဆိုရင် အဲဒီပန်းသီးနဲ့ ‌ဈေးနှုန်း၊ အမျိုးအစား တူညီတဲ့ နောက်ထပ်ပန်းသီးတစ်လုံးပဲ ရမှာဖြစ်ပါတယ်။ တခြားအသီးတွေ၊ ဈေးနှုန်းမတူတဲ့ ပန်းသီးအမျိုးအစားတွေ ရမှာမဟုတ်ပါဘူး။

BOGO နဲ့ BOTO တို့ရဲ့ ရည်ရွယ်ချက်

နှစ်မျိုးလုံးမှာ တူညီနေတဲ့အချက်ကတော့ ဈေးဝယ်သူကို လျှော့ဈေးပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဥပမာ Buy One, Take One Free ကို သင်္ချာနည်းအရ ကြည့်မယ်ဆိုရင် အဲဒီပစ္စည်းကို တစ်ဝက်လျှော့ဈေးချလိုက်တာနဲ့ အတူတူပါပဲ။ ၅၀ ရာခိုင်နှုန်းလျှော့ဈေးအစား BOGO, BOTO နည်းတွေကို သုံးလိုက်ခြင်းအားဖြင့် ဈေးဝယ်သူအနေနဲ့ ပစ္စည်းများများကို ဈေးသက်သက်သာသာနဲ့ ရနိုင်သလို ရောင်းချသူအနေနဲ့လည်း ရောင်းအားကို ထိန်းသိမ်းရာရောက်တဲ့ win-win စနစ်တစ်ခုဖြစ်လာစေပါတယ်။ ဒီကနေ ထပ်ဆင့် Buy One, Get Two ဒါမှမဟုတ် Buy Two, Get One စသဖြင့် တခြား promotion ပုံစံတွေလည်း ပြုလုပ်လေ့ရှိကြပါတယ်။

ဒါဆိုရင်တော့ Buy One, Get One (BOGO) နဲ့ Buy One, Take One (BOTO) တို့အကြောင်းကို သေချာသိသွားမယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ခါ ဒီလိုမျိုး promotion တွေမှာ ‌ဈေးဝယ်ရင် ဘယ်လို “နောက်တစ်ခု”တွေရလဲဆိုတာ သေချာကြည့်ခဲ့နော်။


Share

Comments

Related Posts