ဆေးပေါင်းခတဲ့ညမှာ မယ်ဇလီဖူး သုပ်စားတဲ့အခါ

Posted in အစားအစာ


လပြည့်ညမှာ မိသားစုတွေ စုံစုံညီညီနဲ့ ဆေးဖက်ဝင် မယ်ဇလီဖူးလေးတွေ သုပ်စားရင်း စကားတွေဖောင်ဖွဲ့ပြောတတ်ကြတဲ့ တန်ဆောင်တိုင်အချိန်အခါလေးတွေက လူတိုင်းရဲ့ ငယ်ဘဝမှာ အမှတ်တရကောင်းလေးတွေအဖြစ် ရှိခဲ့ဖူးကြမှာပါ။ မယ်ဇလီဖူးသုပ်ဆိုတာကလည်း ပတ်ဝန်းကျင်က လူကြီးသူမတွေက တန်ဆောင်မုန်းည ဆေးပေါင်းခချိန်မှာ ဆေးဖြစ်ဝါးဖြစ် ကျွေးတတ်ကြတာကြောင့် သူ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို တစ်စွန်းတစ်စ ကြားဖူးနားဝရှိထားကြမှာပါ။ ဒီတစ်ခေါက် ဆောင်းပါးလေးမှာတော့ မယ်ဇလီဖူးရဲ့ သဘောသဘာဝတွေနဲ့ ဘယ်လိုအချိန်မှာ ဘယ်လိုလုပ်စားတာအကောင်းဆုံး ဖြစ်မလဲဆိုတာ ဗဟုသုတအနေနဲ့ ပိုမိုသိထားရအောင် ဖော်ပြပေးလိုက်ပါရစေ။ 

မယ်ဇလီဖူးဆိုတာ

ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်တဲ့ မယ်ဇလီပင်မှာ သူ့ရဲ့ အရွက်နဲ့ အသီးကို ဆေးဖော်စပ်တာမှာရော၊ ဆေးဖက်ဝင် ဟင်းချို၊ အသုပ်အနေနဲ့ပါ စားသုံးနိုင်ပါတယ်။ မယ်ဇလီဖူးသုပ်မှာကတော့ သူ့ရဲ့ အစိမ်းရောင် အဖူးအလုံးလေးတွေကို အဝါရောင်လေးတွေသန်းအောင် ပြုတ်ပြီး အတို့အမြုပ်အနေနဲ့ စားတာဖြစ်ဖြစ်၊ သုပ်စားတာဖြစ်ဖြစ် အမျိုးမျိုးလုပ်စားနိုင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်း တစ်ပုံတစ်ပင်ပါ။ အထူးသဖြင့် ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်ညမှာဆို နက္ခတ်၊ ကြယ်တာရာတွေ စုံစုံညီညီထွက်ပေါ်လာတဲ့အတွက် သူ့ရဲ့ အာနိသင် ပိုအစွမ်းထက်ပြီး အနာရောဂါတွေ ပျောက်ကင်းနိုင်တာမလို့ အိမ်မှာ သုပ်စားကြတာဖြစ်ဖြစ်၊ အိမ်နီးနားချင်းတွေကို ဝေပေးတာဖြစ်ဖြစ် အလှူပေးတတ်ကြတာပါ။ 

မယ်ဇလီဖူးသုပ်စားတဲ့အခါ

လတ်ဆတ်တဲ့ မဲဇလီ အဖူးလေးတွေနဲ့ အရွက်နုလေးတွေကို အခါးသက်သာအောင် အရင်ဆုံး ရေသေချာဆေးပြီး ၃ကြိမ်လောက် ပြုတ်ထားပေးသင့်ပါတယ်။ မဲဇလီဖူးကို တစ်ချို့ကတော့ ထောင်းပြီးမှ တခါတည်းပြုတ်ကြတာရှိသလို ပြုတ်ပြီးမှ အအေးခံ၊ ရေစစ်ပြီး ခြောက်နေအောင် ထောင်းပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်းနဲ့ ဆီကျက်ချက်ထားပြီး အသုပ်သုပ်ဖို့အတွက် ကြက်သွန်နီ ပါးပါးလေးတွေနဲ့ မြေပဲလှော်ထောင်း၊ နှမ်းလှော်၊ ပဲမှုန့်၊ ပုဇွန်ခြောက်မှုန့် တို့ပါ တခါတည်းပြင်ဆင်ထားနိုင်ပါတယ်။ 

အားလုံးပြီးသွားရင် မဲဇလီဖူးလေးတွေနဲ့ အားလုံးကို သမအောင်နယ်ကာ သံပုရာသီးနည်းနည်း ညှစ်ပြီး ကြက်သွန်ကြော်၊ နှမ်းလေးတွေ ဖြူးကာ သုံးဆောင်နိုင်ပါပြီ။

ကျန်းမာရေးအကျိုးကျေးဇူးတွေက

မယ်ဇလီဖူးမှာ Vitamin C, D, E, K အပါအဝင် Protein ၊ Antioxidants နဲ့ အဆီဓာတ်တွေ ပါဝင်တဲ့အပြင် ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်ညမှာ စားသုံးမယ်ဆို အာဟာရဓာတ်တွေ ပိုမိုရရှိနိုင်တာပါ။ မယ်ဇလီဖူးမှာက

  • အစာခြေစနစ်ကို ကျန်းမာစေကာ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။
  • အရေပြားပေါ်က အမာရွတ်၊ အမဲစက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးတာကြောင့် ကိုယ်အနံ့ပြင်းတာတွေကို သက်သာစေမှာပါ။
  • အမျိုးသမီးတွေအတွက် ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ ဘက်တီးရီးယား ပေါက်ဖွားမှုကို ဟန့်တားပေးပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေပြီး ရာသီမှန်စေပါတယ်။
  • သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်လို့ ဆီးချိုသမားတွေနဲ့ပါ သင့်တော်ပါတယ်။

တန်ဆေးလွန်ဘေးအနေနဲ့ အလွန်အကျွံမစားမိရင် ဝမ်းသွားနိုင်ပြီး ရောဂါအခံတစ်ခုခုရှိသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်နော်။ 

ဒီလောက်ဆိုရင်တော့ ဆေးဖက်ဝင်တဲ့ မယ်ဇလီဖူးရဲ့အကြောင်းနဲ့ သူ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ပိုမိုသိရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ သူနဲ့ ပတ်သတ်တဲ့ တခြားစိတ်ဝင်စားစရာအချက်လေးတွေရှိရင်လည်း ကောမန့်မှာ ဝင်ရောက်ဆွေးနွေးခဲ့ကြဦးနော်။ 


Share

Comments

Related Posts