
အများစုကတော့ အသက် ၃၀ ကျော်လာတဲ့အချိန်မှာ ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ ပတ်သက်လို့ ပိုပြီးလေးလေးနက်နက် စဉ်းစားတတ်လာလေ့ရှိပါတယ်။ တချို့ကတော့ လက်ရှိအလုပ်က ကိုယ့်အတွက် မပျော်ရွှင်တော့တာ ဖြစ်နိုင်သလို၊ တချို့ကျပြန်တော့လည်း အသစ်အဆန်းတစ်ခုကို စိတ်ဝင်စားလာပြီး တခြားအလုပ်အကိုင်တစ်ခုကို ပြောင်းလဲလုပ်ကိုင်ချင်တာမျိုးကြောင့် ဖြစ်လာရတာပဲဖြစ်ပါတယ်။ အကယ်၍ စာဖတ်သူကိုယ်တိုင်လည်း အလုပ်အကိုင်လမ်းကြောင်း ပြောင်းဖို့ စဉ်းစားနေပြီဆိုရင်တော့ ဒီအချက်လေးတွေက အထောက်အကူဖြစ်စေမှာပါ။

ဘာကြောင့် အလုပ်အကိုင်ပြောင်းချင်တာလဲ?
ဥပမာ - • အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို မျှတစွာ ဖြတ်သန်းချင်တာမျိုး
• အလုပ်အကိုင် အခွင့်လမ်းပိုရချင်တာမျိုး
• ကိုယ်တကယ်ကိုစိတ်ဝင်စားတဲ့အလုပ်ကိုပဲလုပ်ချင်တာမျိုး
• ပိုကောင်းတဲ့ အလုပ်ငန်းခွင်ကို ရှာဖွေချင်တာမျိုး
• စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တာမျိုး
• အလုပ်ကနေ ကိုယ့်ကိုကိုယ်ကျေနပ်အားရမှုပိုလိုချင်တာမျိုး
စသဖြင့် အလုပ်အကိုင်လမ်းကြောင်း ပြောင်းချင်လာစေတဲ့ အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ ဘယ်လိုအကြောင်းရင်းပဲဖြစ်ဖြစ် အလေးနက်ထားပြီး ကိုယ်တကယ် ဘာလိုချင်လဲဆိုတာ အချိန်ယူပြီး စဉ်းစားပေးဖို့တော့လိုတာပေါ့။
ရှိပြီးသားအတွေ့အကြုံတွေကို တန်ဖိုးထားပါ
အလုပ်အကိုင်အသစ်တစ်ခုကို စတင်တာဟာ အစကနေ ပြန်စရတာမဟုတ်ပါဘူး။ ကိုယ့်မှာရှိပြီးသား ဆက်သွယ်ပြောဆိုနိုင်မှု၊ အဖွဲ့လိုက်လုပ်ဆောင်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှု၊ အချိန်စီမံခန့်ခွဲနိုင်မှုနဲ့ ဦးဆောင်နိုင်မှု စတဲ့ ကျွမ်းကျင်မှုတွေကို အလုပ်အကိုင်အသစ်မှာလည်း ကောင်းကောင်းပြန်လည်အသုံးချလို့ရပါသေးတယ်။

အသစ်တွေကို လေ့လာဖို့ အဆင်သင့်ဖြစ်ပါစေ
အလုပ်အကိုင်ပြောင်းတဲ့အခါ ကျွမ်းကျင်မှုအသစ်တွေလည်း လိုအပ်ပါသေးတယ်။ Online သင်တန်းတွေတက်တာ၊ Workshop တွေတက်တာ၊ စာအုပ်တွေဖတ်တာ ဒါမှမဟုတ် ကိုယ်သွားချင်တဲ့အလုပ်နယ်ပယ်မှာ လက်ရှိလုပ်ကိုင်နေသူတွေဆီကနေ လေ့လာတာမျိုးတွေလည်း ပြုလုပ်နိုင်ပါသေးတယ်။ ဒါပေမဲ့ အရာအားလုံးကို တစ်ခါတည်း သိထားဖို့တော့ မလိုပါဘူး။ နည်းနည်းစီ နည်းနည်းစီ စတင်ပြီးလေ့လာပေးဖို့ပဲ လိုအပ်ပါတယ်။
အလုပ်မပြောင်းခင် ကြိုတင်စီစဉ်ပါ
အလုပ်အကိုင်ပြောင်းလဲခြင်းက ကိုယ့်ရဲ့ဝင်ငွေနဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုမျိုးတွေလည်းရှိနိုင်ပါတယ်။ ဒါကြောင့် လက်ရှိလုပ်နေတဲ့ အလုပ်ကနေ အလုပ်မထွက်ခင် ကိုယ့်ရဲ့ငွေကြေးအခြေအနေကို သေချာစဉ်းစားပြီး လက်တွေ့ကျတဲ့ အစီအစဉ်တစ်ခု ဦးဆုံးချမှတ်ပေးဖို့လိုအပ်ပါလိမ့်မယ်။ ကိုယ်ပိုင်စုဆောင်းထားတဲ့ငွေလုံလုံလောက်လောက်နဲ့ ရှင်းလင်းတဲ့အစီအစဥ်မျိုးရှိမယ်ဆိုရင်တော့ အလုပ်အကိုင်ပြောင်းလဲတဲ့ကာလကို စိတ်ဖိစီးမှုကင်းကင်းနဲ့ ဖြတ်သန်းနိုင်စေမှာပဲဖြစ်ပါတယ်။
ကိုယ့်ဘဝကို တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
တချို့က အသက် ၂၀ ကျော်မှာ ကိုယ်နှစ်သက်တဲ့အလုပ်ကို ရှာတွေ့လေ့ရှိကြသလို၊ တချို့ကျပြန်တော့လည်း အသက် ၃၀၊ ၄၀ ကျော်မှ ကိုယ်နဲ့တကယ်အံဝင်ခွင်ကျဖြစ်မယ့်အလုပ်ကို ရှာတွေ့တတ်ကြလေ့ရှိပါတယ်။ အလုပ်အကိုင်ပြောင်းလဲမှုမှာ အသက်အရွယ် ကန့်သတ်ထားတာမျိုးမရှိကြသလို၊ လူတိုင်းရဲ့ဘဝလမ်းကြောင်းတွေကလည်း မတူကြပါဘူး။ ဒါကြောင့် အသက် ၃၀ ကျော်တာဟာ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းရဲ့ အဆုံးမဟုတ်တဲ့အတွက် ပိုကောင်းတဲ့လမ်းကြောင်းအသစ်တစ်ခုရဲ့ အစတောင်ဖြစ်နိုင်ပါသေးတယ်။
စာဖတ်သူကိုယ်တိုင်လည်း အလုပ်အကိုင်လမ်းကြောင်း ပြောင်းဖို့ စဉ်းစားနေပြီဆိုရင်တော့ အခုဖော်ပြပေးသွားတဲ့အချက်လေးတွေကအထောက်အကူကောင်းဖြစ်စေမှာပါ။
Comments