တွေးစရာတွေအရမ်းများလာရင်

Posted in ကျန်းမာရေး, စိတ်ကျန်းမာရေး


တခါတလေ ဘယ်ကစလို့စရမှန်းကိုမသိလောက်အောင် ခေါင်းထဲမှာတွေးစရာတွေအရမ်းများလာတဲ့အခြေအနေမျိုးတွေကြုံရလေ့ရှိစမြဲပါ။ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ မိသားစုတာ၀န်တွေ၊ ကိုယ့်ဘ၀မှတ်တိုင်တွေနဲ့ တချို့သော အလုပ်ကိစ္စမျိုးတွေ... အဲ့လိုကိစ္စသေး‌သေးလေးတွေအများကြီးခေါင်းထဲမှာစုပြုံလာတဲ့အခါမှာတော့ ခေါင်းရှုပ်လာပြီး ဘာမှမဟုတ်တဲ့ကိစ္စလေးတွေကိုတောင်မဖြေရှင်းနိုင်တော့တာမျိုး၊ ဆုံဖြတ်ချက်ချဖို့ခက်လာတာမျိုး၊ စိတ်ပျော်ရွှင်မှုကင်းလာတာမျိုးတွေရှိလာပြီး စိတ်ဖိစီးမှုများလာပါတော့တယ်။

ဒါကြောင့် ခေါင်းထဲမှာပြည့်ကြပ်လာတဲ့ တွေးစရာတွေကို အခုပြောပြပေးသွားမယ့် နည်းလမ်းတွေထဲက တစ်နည်းနည်းနဲ့ရှင်းကြည့်လိုက်ရအောင်...။


ခေါင်းထဲကအတွေးတွေကိုအပြင်ထုတ်ကြည့်မယ်

ခေါင်းထဲမှာမှတ်ရတာတွေအရမ်းများလာတဲ့အခါ စိတ်ရှုပ်ထွေးလာပါတော့တယ်။ ဒီတော့ မနက်တိုင်းမှာအချိန်(၅)မိနစ်လောက်ပေးပြီး ဒိုင်ယာရီစာအုပ်တစ်အုပ် ဒါမှမဟုတ် မှတ်စရာတစ်ခုခုမှာ ကိုယ့်လုပ်စရာလေးတွေကိုရေးချမယ်၊ မှတ်ထားလိုက်မယ်ဆိုရင် ခေါင်းထဲမှာ အများကြီးမှတ်နေစရာမလိုတော့ဘူးပေါ့။ အနည်းဆုံး ကိုယ်လုပ်ရမယ့် ကိစ္စလေးတွေတစ်ခုချင်းစီကိုလုပ်ဖို့လည်း လစ်လပ်သွားတာမျိုးမရှိတော့ဘူးလေ။


ဘယ်ဟာအရေးကြီးဆုံးဖြစ်မလဲ

တစ်နေ့တာအတွက် ကိုယ်လုပ်ရမယ့်ကိစ္စတွေထဲကမှ အရေးကြီးဆုံးကိစ္စ (၃)ခုလောက်ကိုအရင်ဦးစားပေးလုပ်ကြည့်မယ်။ ပြီးမှကျန်တဲ့ ကိစ္စသေးသေးလေးတွေကိုလုပ်လိုက်မယ်ဆိုရင် အများကြီးကိုတစ်ပြိုင်တည်းဟိုတစ်စဒီတစ်စလုပ်နေလို့ အပြီးမသတ်နိုင်တာထက်စာရင် ကိုယ့်ကိုကိုယ်စိတ်ကျေနပ်မှုအများကြီးရှိစေမှာပါ။

ဒစ်ဂျစ်တယ်ပစ္စည်းအသုံးပြုတာတွေအတွက် စည်းကမ်းထားပါ

မလိုအပ်တဲ့ အသိပေးစာအလန်းမ် တွေကိုပိတ်ထားမယ်၊ အီးမေးလ်စစ်တာတွေ၊ ဆိုရှယ်မီဒီယာအသုံးပြုတာတွေအတွက် အချိန်သတ်မှတ်ပြီးအသုံးပြုမယ်။ အိပ်ခါနီး ဖုန်းသုံးတာတွေကိုရှောင်မယ်ဆိုရင်တော့ စိတ်ရှင်းရှင်းနဲ့ လုပ်စရာရှိတာတွေကို ပိုပြီးအာရုံစိုက်နိုင်လုပ်လာမှာပါ။

ကိုယ်ပိုင်သီးသန့်နေရာလေးတွေသန့်ရှင်းပါစေ (စာကြည့်စားပွဲ၊ အိပ်ခန်း၊ အိပ်ရာ)

တစ်ခါတစ်လေ ပစ္စည်းတွေရှုပ်ပွနေတဲ့စာကြည့်စားပွဲကိုကြည့်လိုက်ရင် ကြည့်နေရင်းနဲ့ကိုယ်ကိုယ်တိုင်စိတ်ရှုပ်လာတဲ့အခါမျိုးလည်းရှိဖူးမှာပါ။  ဒီတော့ ကိုယ့်အလုပ်နေရာလေးရယ်၊ အခန်းလေးရယ်၊ တခြားကိုယ်ပိုင်သီးသန့်နေရာလေးတွေကို သန့်ရှင်းရေးလုပ်ရင်းနဲ့ တစ်ခါတည်း ခေါင်းထဲမှာရှုပ်နေတဲ့ အတွေးတွေကိုပါရှင်းပြီးသားဖြစ်သွားစေမှာပါ။


ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ

ဒါက ခန္ဓာကိုယ်ကျန်းမာရေးအတွက်တင်မဟုတ်ပဲ ခေါင်းထဲမှာပြည့်ကြပ်နေတဲ့ အတွေးတွေကိုပါရှင်းထုတ်ဖို့ အတွက်အကူညီကောင်းကောင်းဖြစ်စေမှာအသေချာပါပဲ။ လမ်းပဲလျှောက်လျှောက်၊ စက်ဘီးပဲစီးစီး၊ ကိုယ်နှစ်သက်တဲ့သီးချင်းလေးနဲ့ပဲကက စိတ်ဖိစီးမှုကိုလျော့နည်းပြီး ခေါင်းထဲကအတွေးတွေကိုပါရှင်းထုတ်ပြီးသား ဖြစ်စေမှာပါ။


အ‌ပေါ်မှာဖော်ပြသွားတဲ့နည်းလမ်း (၅)ခုထဲကကိုယ့်အတွက်သင့်တော်ပြီး၊ အဆင်ပြေစေဆုံးဖြစ်စေမယ့် နည်းလမ်း (၁)ခုကိုရွေးချယ်ပြီးပုံမှန်လုပ်ပေးသွားရင်း ခေါင်းတွေကအတွေးလည်း ပိုမိုရှင်းလင်းသွားစေမယ်လို့မျှော်လင့်မိပါတယ်။


Share

Comments

Related Posts