ရွှေအိုရောင်ကြောင်လေးတွေရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာများ

Posted in အိမ်မွေးတိရစ္ဆာန်


အင်တာနက်ပေါ်မှာ လူပြောအများဆုံး ကြောင်လေးတွေကတော့ Ginger Cat လို့ခေါ်ကြတဲ့ ရွှေအိုရောင်ကြောင်လေးတွေပါပဲ။ ဘာကြောင့်လဲဆို‌တော့ ဒီကြောင်လေးတွေမှာ တူညီပြီး ထူးခြားတဲ့ စရိုက်လက္ခဏာတွေရှိကြပါတယ်။ ကမ္ဘာရဲ့ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ရွှေအိုရောင်ကြောင်လေးတွေကို တွေ့မယ်ဆိုရင် အခုပြောပြမယ့် တူညီတဲ့ အမူအကျင့်တွေကို မြင်တွေ့ရမှာပါ။

Ginger Cat တွေဟာ ဝဝတုတ်တုတ် ကြောင်ဝါကြီးတွေ ဖြစ်လေ့ရှိပါတယ်

ကမ္ဘာပေါ်မှာရှိတဲ့ ရွှေအိုရောင် Ginger Cat တွေအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ ထူးဆန်းစွာပဲ အထီးလေးတွေ ဖြစ်နေပါတယ်တဲ့။ ကြောင်အထီးတွေဟာ အရွယ်အစားပိုကြီးပြီး အကောင်ထွားထွားကြီးတွေ ဖြစ်တတ်တဲ့အတွက် ရွှေအိုရောင်ကြောင်‌လေးတွေကို မြင်ရင် အများစုက ဝဝတုတ်တုတ် ကြောင်ဝါကြီးတွေဖြစ်နေတာဟာ ထူးခြားတဲ့အချက်ပါပဲ။ ဥပမာ နာမည်ကျော် ကာတွန်းဇာတ်ကောင် ဂါဖီးလိုမျိုးပေါ့။

ဦးနှောက်ဆဲလ်တစ်ခုပဲ ရှိတဲ့ ကြောင်ကလေးတွေ

ဒါကတော့ လူတွေက ချစ်စနိုးနဲ့ ရယ်စရာအဖြစ် တင်စားပြောကြတဲ့ စကားဖြစ်ပါတယ်။ ဒီလိုပြောရတာကလည်း အကြောင်းရှိပါတယ်။ Ginger cat လေးတွေကို ကြည့်လိုက်ရင် ထူးထူးဆန်းဆန်း၊ ချောင်ကြိုချောင်ကြားနေရာတွေထဲ လျှောက်သွားနေတာ၊ နံရံကို ဒီတိုင်းကြီး စိုက်ကြည့်နေတာ၊ သူတို့ဘယ်လိုမှ မမှီနိုင်တဲ့နေရာကို ခုန်တက်နေတာ စသဖြင့် ထူးထူးဆန်းဆန်း အမူအကျင့်တွေကို လုပ်နေလေ့ရှိကြပါတယ်။ တချို့ဆိုရင် အကြောင်းပြချက်မရှိ လျှောက်အော်နေတတ်ပါသေးတယ်။

သူတို့ရဲ့ ဝါသနာဟာ လူတွေနဲ့ စကားပြောရတာပါ

Ginger cat လေးတွေရဲ့ ပိုင်ရှင်တွေ အကုန်လုံး တညီတညွတ်တည်း ပြောလေ့ရှိတဲ့အချက်ကတော့ လူတွေနဲ့ စကားပြောတတ်တာပါ။ အရှေ့မှာပြောတဲ့ လျှောက်အော်နေတယ်ဆိုတာကလည်း စကားပြောဖို့ အဖော်ရှာနေတာ ဖြစ်နိုင်ပါတယ်။ ပိုင်ရှင်နဲ့တင်မကဘဲ တခြားသူစိမ်းတွေနဲ့ပါ စကားပြောနေတတ်ပြီး တခါတရံမှာ သီချင်းဆိုသလိုမျိုး အသံတွေလည်း ထွက်တတ်ကြပါသေးတယ်။

စွမ်းအင်တွေပြည့်ဝနေတဲ့ ရွှေအိုရောင်လျှပ်စီးလေးများ

Tom & Jerry ကာတွန်းကားထဲမှာ လိမ္မော်ရောင်ကြောင်ကြီးတစ်ကောင် ရှိပြီး လျှပ်စီးလို လျှင်မြန်တဲ့ကြောင်ကြီးအဖြစ် ပုံဖော်ထားပါတယ်။ အဲဒါက တကယ်တော့ အကြောင်းမဲ့မဟုတ်ပါဘူး။ တကယ့်အပြင်မှာလည်း ရွှေအိုရောင်၊ လိမ္မော်ရောင် Ginger cat တွေဟာ အမြဲလိုလို energy တွေ ပြည့်ဝနေပြီး ဝုန်းဒိုင်းကျဲနေတတ်ပါတယ်။ ရုတ်တရက်ဆိုသလို လှမ်းကိုက်တာ၊ လက်နဲ့ လှမ်းရိုက်တာမျိုးတွေလည်း လုပ်တတ်ပါသေးတယ်။ အင်တာနက်ပေါ်မှာဆိုရင် အများဆုံးတွေ့ရမယ့် Ginger cat လေးတွေရဲ့ ဗီဒီယိုတွေက အဲဒီအမူအကျင့်တွေပါပဲ။

Ginger cat တွေဟာ သတ္တိခဲလေးတွေပါ

ပုံမှန်အားဖြင့် ကြောင်လေးတွေဟာ ထူးဆန်းတဲ့အရာတွေကိုဆိုရင် အဝေးကပဲ စောင့်ကြည့်ပြီး အခြေအနေမဟန်ဘူးထင်ရင် ပြေးတတ်ကြပါတယ်။ ဥပမာ ဖုန်စုပ်စက်လိုမျိုး အသံဆူတဲ့ စက်မျိုးတွေလာရင် ကြောင်လေးတွေက ကြောက်တတ်ကြပါတယ်။ Ginger cat လေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ ဖုန်စုပ်စက်ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အနီးနားကနေ စပ်စုတတ်ပြီးတော့ တခါတလေမှာ လက်နဲ့တောင် သွားရိုက်တတ်ပါသေးတယ်။ အပြင်မှာဆိုရင်လည်း ရဲရဲဝံ့ဝံ့ပဲ လျှောက်သွားနေတတ်ပါတယ်။ ဒါကြောင့်လည်း အရှေ့မှာပြောခဲ့သလိုမျိုး ထူးထူးဆန်းဆန်း၊ ချောင်ကြိုချောင်ကြားနေရာတွေမှာ သူတို့ကို မြင်ရတတ်တာပါပဲ။

ဒီစရိုက်လက္ခဏာတွေကတော့ Ginger cat လို့ခေါ်တဲ့ ရွှေအိုရောင်ကြောင်လေးတွေမှာ တွေ့ရတတ်တဲ့ ထူးထူးခြားခြား စရိုက်လက္ခဏာလေးတွေပဲဖြစ်ပါတယ်။ အရောင်နဲ့ စရိုက်လက္ခဏာဟာ သိပ္ပံနည်းအရ သက်သေပြနိုင်တဲ့ ဆက်စပ်မှုမဟုတ်ပေမဲ့လည်း ကမ္ဘာတစ်ဝန်းက Ginger cat ပိုင်ရှင်တွေကတော့ ဒီလိုတူညီတဲ့ စရိုက်လက္ခဏာလေးတွေကို ချစ်စဖွယ် တွေ့မြင်ရကြောင်း အမြဲတမ်း ပြောနေကြဆဲပါပဲ။


Share

Comments

Related Posts