
မြန်မာတို့ရဲ့ စားပွဲဝိုင်းတွေမှာ လက်ဖက်သုပ်ပန်းကန်လေး တစ်ပန်းကန်ပါလာရင် ဘာစားစား ခံတွင်းတွေ့ပြီး ပြီးပြည့်စုံသွားတတ်တာ အားလုံးအသိပါပဲ။ အိမ်လာတဲ့ဧည့်သည်တွေကို ဧည့်ခံဖို့ပဲဖြစ်ဖြစ်၊ နေ့လယ်ခင်း မုန့်စားချိန်တွေမှာ အဆာပြေစားဖို့ဖြစ်ဖြစ် လက်ဖက်သုပ်လေးနဲ့ လက်ဖက်ရည်နွေးနွေးလေးတစ်ခွက်က အမြဲတမ်း နေရာယူထားတတ်ပါတယ်။ လက်ဖက်သုပ်ကလည်း အရသာရှိရုံတင်မကဘဲ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးများစွာ ရှိလို့နေတာပါ။ ဒါကြောင့် အခုလို လူတိုင်းကြိုက်ကြတဲ့ လက်ဖက်သုပ်လေးမှာ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိနေလဲဆိုတာနဲ့ ဘယ်လိုအချိန်မှာ ဘယ်လိုအစားအစာတွေနဲ့ တွဲဖက်စားသုံးရင် အကောင်းဆုံးဖြစ်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။

လက်ဖက်သုပ်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ
လက်ဖက်ခြောက် ဆိုတာ သာမန်အရွက်တစ်ရွက် မဟုတ်ဘဲ ခန္ဓာကိုယ်အတွက် အထောက်အကူပြုစေတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။
လက်ဖက်ရွက်တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ (Antioxidants) များစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဆဲလ်တွေပျက်စီးမှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။
လက်ဖက်သုပ်ထဲမှာ ပါဝင်တဲ့ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ သံပရာရည်တို့နဲ့အတူ လက်ဖက်ရဲ့ သဘာဝအစွမ်းသတ္တိတွေ ပေါင်းစပ်လိုက်တဲ့အခါ အစာခြေစနစ်ကို အားဖြည့်ပေးပြီး အစာကြေညက်မှုကို လွယ်ကူစေပါတယ်။ လက်ဖက်မှာ သူ့သဘာဝအတိုင်း ကဖင်းဓာတ်အနည်းငယ်လည်း ပါဝင်တာကြောင့် နေ့လယ်ခင်းတွေမှာ ဖြစ်တတ်တဲ့ အိပ်ငိုက်တာ၊ ပင်ပန်းနွမ်းနယ်တာတွေကို သက်သာစေပြီး ဦးနှောက်ကို လန်းဆန်းတက်ကြွစေပါတယ်။ သင့်တင့်မျှတတဲ့ ပမာဏနဲ့ စားသုံးပေးမယ်ဆိုရင် နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ အာနိသင်တွေ ရှိပါတယ်။
ဘယ်အချိန်မှာ ဘယ်လိုစားရင် အကောင်းဆုံးဖြစ်မလဲ
လက်ဖက်သုပ်ကို ဘယ်အချိန်မှာ စားသုံးဖို့အသင့်တော်ဆုံးလဲဆိုတော့ နေ့လယ်ပိုင်း သို့ နေ့လယ်စာနဲ့ ညနေစာကြား မုန့်စားချိန်မှာ စားတာ အကောင်းဆုံးဖြစ်ပါတယ်။ လက်ဖက်မှာ ပါဝင်တဲ့ ကဖင်းဓာတ်နဲ့ အာဟာရတွေဟာ နေ့ခင်းဘက် အလုပ်လုပ်ချိန်မှာ ခန္ဓာကိုယ်ကို စွမ်းအင်အသစ်တွေ ဖြစ်ပေါ်စေပြီး လန်းဆန်းတက်ကြွစေပါတယ်။
ညဘက်အိပ်ရာဝင်ခါနီးမှာတော့ လက်ဖက်သုပ်စားတာကို ရှောင်ရှားသင့်ပါတယ်။ လက်ဖက်မှာပါတဲ့ ကဖင်းဓာတ်နဲ့ လက်ဖက်သုပ်ထဲပါတဲ့ ဆီ၊ မြေပဲ၊ ပဲကြော်တွေက အစာခြေစနစ်ကို ညဘက်မှာ အလုပ်ပိုလုပ်စေတဲ့အတွက် အစာမကြေတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာနဲ့ အိပ်စက်တာကို ထိခိုက်စေနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ပိုညီညွတ်အောင် ဘယ်လို စားသုံးမလဲ
လက်ဖက်သုပ်ကို ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားချင်တယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို ချိန်ဆပြီး စားနိုင်ပါတယ်၊၊
- လက်ဖက်စားတဲ့အခါ ဆီအလွန်အကျွံ မပါအောင် ဆီစစ်ပြီး စားသုံးပြီး တာရှည်ခံဆား သို့ အချိုမှုန့်တွေ အလွန်အကျွံမပါအောင် ရှောင်ရှားပြီး စားဖို့ လိုပါတယ်။
- မြေပဲ၊ ပဲကြော်၊ နှမ်းဆီစတဲ့ အဆီအဆိမ့်နဲ့ ပရိုတင်းဓာတ်တွေက အရသာကို ပိုကောင်းစေပေမဲ့ ကိုယ်အလေးချိန်ထိန်းချင်သူတွေနဲ့ ကျန်းမာရေးလိုက်စားသူတွေအနေနဲ့ ပမာဏကို လျှော့စားသင့်ပါတယ်။
- ဒါကြောင့် လက်ဖက်သုပ်စားတဲ့အခါ သကြားပါဝင်မှုများတဲ့ အချိုရည်တွေအစား လက်ဖက်ရည်ကြမ်းနွေးနွေးလေးနဲ့ တွဲဖက်သောက်သုံးပေးတာက အစာကြေစေပါတယ်။
လက်ဖက်နဲ့ တွဲဖက်စားကောင်းတဲ့ အစားအစာတွေ
လက်ဖက်သုပ်က သူ့တစ်မျိုးတည်းတောင် စားကောင်းနေပေမဲ့ အခြားတွဲဖက်စားစရာလေးတွေနဲ့လည်း စားမြိန်စေပါသေးတယ်။
- မနက်စာ သို့ နေ့လယ်စာတွေမှာ လက်ဖက်သုပ်လေးကို ဘေးကနေ တို့စရာ၊ အဆာပြေအဖြစ် တွဲဖက်စားသုံးနိုင်ပြီး
- ပူပူနွေးနွေး ကောက်ညှင်းပေါင်းနဲ့ လက်ဖက်သုပ်က အလွန်လိုက်ဖက်ကာ ဗိုက်ဝစေတဲ့ အဆာပြေစာတစ်မျိုး ဖြစ်စေမှာပါ။
- လက်ဖက်သုပ်ထဲကို လတ်ဆတ်တဲ့ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့နဲ့ ကြက်သွန်ဖြူကို ပါးပါးလေးတွေ လှီးပြီးထည့်စားတာကလည်း အာဟာရ ပိုမိုပြည့်ဝစေမှာဖြစ်ပါတယ်။ လက်ဖက်နဲ့ တွဲစားလို့ကောင်းတဲ့ Recipe ပြုလုပ်နည်းလေးတွေကိုလည်း The GoodLife ရဲ့ မြန်မာအစားအစာ ချက်ပြုတ်နည်းတွေမှာ လေ့လာရင်း လိုက်ချက်စားကြည့်လို့ရတယ်နော်။
လက်ဖက်သုပ်ဆိုတာ မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှု အစားအစာတစ်ခုဖြစ်ပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီး ပိုင်ဆိုင်လို့နေပါတယ်။ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဖြစ်အောင် စားဖို့ဆိုရင်တော့ ညဘက်ထက် နေ့လယ်ပိုင်းတွေမှာ စားသုံးဖို့၊ ဆီနဲ့ ဆားပမာဏကို မျှတအောင် ထိန်းညှိဖို့နဲ့ ရေနွေးကြမ်းလေးနဲ့ တွဲဖက်စားသုံးဖို့ သတိပြုပေးမယ်ဆိုရင် အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်း ကိုက်ညီတဲ့ အကောင်းဆုံး အစားအစာတစ်ခုဖြစ်မှာ အမှန်ပါ။
Comments