
အစပ်အရသာဟာ အစားအစာတွေကို အရသာပိုမိုပေါ်လွင်စေပြီး စားချင်စဖွယ်ပိုဖြစ်စေသလို လူတစ်ဦးနဲ့တစ်ဦး အစပ်အရသာအပေါ် ခံနိုင်ရည်ချင်းမတူကြပါဘူး။ ဒါ့အပြင် အစပ်အစားအစာတွေကို အလွန်အကျွံစားသုံးခြင်းက အောက်ပါပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။
အစာအိမ်မအီမသာဖြစ်ခြင်း
အစပ်အစားအစာတွေကို အလွန်အကျွံစားမယ်ဆိုရင် အစာအိမ်ကို ထိခိုက်စေပြီး၊ ဗိုက်နာခြင်း၊ ဗိုက်ဖောင်းခြင်းနဲ့ အစာအိမ်မအီမသာဖြစ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

ရင်ပူခြင်း
အစပ်အစားအစာတွေက လူတချို့အတွက် ရင်ပူခြင်း ဒါမှမဟုတ် အစာအိမ်အက်ဆစ်ပြန်တက်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ရင်ဘတ် ဒါမှမဟုတ် လည်ချောင်းတစ်ဝိုက်မှာ ပူလောင်သလိုမျိုးတွေ ခံစားရစေနိုင်ပါတယ်။
အိပ်စက်မှုကို ထိခိုက်စေနိုင်ခြင်း
အိပ်ရာဝင်ခါနီးမှာ အစပ်အစားအစာတွေစားမယ်ဆိုရင် ရင်ပူခြင်း ဒါမှမဟုတ် အစာအိမ်မအီမသာဖြစ်ခြင်းတွေကြောင့် သက်သောင့်သက်သာမရှိဘဲ အိပ်ပျော်ဖို့ ခက်ခဲစေနိုင်ပါတယ်။
ရှိပြီးသား ကျန်းမာရေးပြဿနာတွေကို ပိုဆိုးစေနိုင်ခြင်း
အစာအိမ်အက်ဆစ်ပြန်တက်ခြင်း ဒါမှမဟုတ် အစာအိမ်ဟာထိခိုက်လွယ်တဲ့အခြေအနေမျိုးဆိုရင်တော့ အစပ်အစားအစာတွေက ဒီဝေဒနာတွေကို ပိုဆိုးစေနိုင်ပါတယ်။

ဒါဆိုရင် အစပ်အစားအစာတွေကို လုံးဝမစားသင့်တော့ဘူးလား ?
ဒီလိုတော့လည်း မဟုတ်ပြန်ပါဘူး။ အစပ်စားပြီး ကိုယ့်ခန္ဓာကိုယ်မှာ ပြဿနာတစ်စုံတစ်ရာ မဖြစ်ဘူးဆိုရင်တော့ အစပ်အစားအစာတွေကို လုံးဝရှောင်နေစရာမလိုပါဘူး။ အရေးကြီးတာက သင့်တင့်မျှတစွာ စားသုံးဖို့က အဓိကပဲဖြစ်ပါတယ်။ အစပ်အစားအစာတွေကို ပမာဏနည်းနည်းနဲ့ စားသုံးကြည့်ပြီး၊ ကိုယ့်ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်လဲဆိုတာ သတိထားကြည့်ပါ။ အထူးသဖြင့် အိပ်ရာဝင်ခါနီးမှာ အစပ်အစားအစာတွေစားခြင်းက မအီမသာဖြစ်စေတယ်ဆိုရင် ရှောင်ကြည်တာပိုကောင်းပါတယ်။
အစပ်အရသာကို အရသာခံစားဖို့အတွက်ပဲ စားသုံးပေးပြီး အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဥ်ပေးသွားမယ်ဆိုရင်တော့ ကိုယ်နှစ်သက်တဲ့အစားအစာတွေကိုလည်း စားသုံးဖြစ်သွားမယ်၊ ခန္ဓာကိုယ်ကျန်းမာရေးလည်း ထိခိုက်မှုလည်းကင်းသွားမှာ အမှန်ပါပဲ။
Comments