လေးညှင်းပွင့်ရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးအဝဝ

Posted in ကျန်းမာရေး


လူတော်တော်များများက လေးညှင်းပွင့်ဆိုရင် ဟင်းလျာချက်ပြုတ်ရာမှာ အသုံးပြုတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး (ဒါမှမဟုတ်) သွားကိုက်၊ သွားနာတာမျိုးနဲ့ ခံတွင်းရနံ့ မကောင်းတဲ့အခါတွေမှာ ငုံထားလို့ရတဲ့ ခံတွင်းကျန်းမာရေးဆိုင်ရာ တိုင်းရင်းဆေးတစ်မျိုးအနေနဲ့ပဲ သိထားကြပါတယ်။ ဒါပေမဲ့လည်း တကယ့် လေးညှင်းပွင့်ရဲ့ အစွမ်းအာနိသင်တွေကတော့ အဆိုပါ နှစ်မျိုးထက်မက အများကြီး ကြီးမားကျယ်ပြန့်သလို ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း ဘက်ပေါင်းစုံက အကျိုးပြုနေပါတယ်။ ဒါကြောင့် ရှေးနှစ်ပေါင်းများစွာကတည်းက တိုင်းရင်းဆေးပညာမှာ လေးညှင်းပွင့်ကို ရောဂါကုသတဲ့နေရာတွေမှာ ထိရောက်စွာ အသုံးပြုခဲ့ကြတာပါ။  ဒီလို ရိုးရှင်းတဲ့ ဟင်းခတ်အမွှေးအကြိုင်နဲ့ ခံတွင်းကျန်းမာရေးဆေးဝါး အဆင့်ထက်ကျော်လွန်တဲ့ လေးညှင်းပွင့်ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ကျန်းမာရေးကို ဘယ်လိုနည်းလမ်းတွေနဲ့ အကျိုးပြုနေသလဲဆိုတာ အောက်ပါအချက်လေးတွေမှာ အတူတူ လေ့လာကြည့်လိုက်ရအောင်။ 

၁။ (Antioxidants) ဓာတ်ကြွယ်ဝစွာ ပါဝင်ခြင်း 

လေးညှင်းပွင့်မှာ Eugenol လို့ခေါ်တဲ့ Antioxidants ပမာဏ မြင့်မားစွာ ပါဝင်နေပါတယ်။ Eugenol ရဲ့လုပ်ဆောင်ချက်ကတော့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဆဲလ်တွေကို ပျက်စီးစေတဲ့ ဖရီးရယ်ဒီကယ် (Free Radicals) ဓာတ်များကို တိုက်ဖျက်ပေးပါတယ်။ မြင့်မားတဲ့ Eugenol ပါဝင်မှုကြောင့် ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ် (Free Radicals) ဓာတ်များနည်းပါးသွားခြင်းအကျိုးဆက်အနေနဲ့  နာတာရှည်ရောဂါများဖြစ်တဲ့ နှလုံးရောဂါ၊ ကင်ဆာရောဂါနှင့် ဆီးချိုရောဂါတို့ ဖြစ်ပွားနိုင်ခြေလျော့ကျသွာတဲ့အပြင် မလိုလားအပ်တဲ့ ဘက်တီးရီးယား ရောဂါပိုးမွှားများ ပေါက်ဖွားမှုကိုလည်း ထိန်းချုပ်ပေးထားနိုင်ပါတယ်။  

၂။ အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းဗိုက်မအီမသာဖြစ်ခြင်းကို သက်သာစေခြင်း 

လေးညှင်းပွင့်ရဲ့ နောက်ထပ် ကောင်းကျိုးတခုကတော့ အစာချေစနစ်ကို ကောင်းမွန်စေတာပါ။  လေးညှင်းပွင့်ထဲမှာ ယူဂျီနော (Eugenol) နဲ့ သဘာဝအမျှင်ဓာတ် (Fiber) ပါဝင်နေခြင်းက အစာချေအင်ဇိုင်းများ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်တဲ့အတွက် အစာချေဖျက်မှုကို မြန်ဆန်စေပါသည်။ ဒါ့အပြင် ဗိုက်အောင့်ခြင်း၊ လေထခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်းတို့ကို သက်သာစေနိုင်တဲ့အပြင် အစာအိမ်အနာ (Stomach Ulcer) ဖြစ်ပွားမှုကိုလည်း သဘာဝအတိုင်း ကာကွယ်ပေးနိုင်သော (Gastroprotective)တို့လို အစွမ်းသတ္တိများစွာ ပါဝင်နေပါသည်။ 

၃။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း 

သွေးတွင်းသကြားဓာတ် လွန်ကဲပြီး ဆီးချိုဝေဒနာ ခံစားနေရရသူများအနေနဲ့လည်း လေးညှင်းပွင့်ကို ပုံမှန် သုံးဆောင်ပေးခြင်းက ကျန်းမာရေးအပေါ် များစွာ အကျိုးဖြစ်ထွန်းစေပါတယ်။ ဘာကြောင့်လဲဆိုတော့ လေးညှင်းပွင့်မှာ ပါဝင်တဲ့ နိုဂျယ်ရီဆင်း (Nigericin) တို့လို ဒြပ်ပေါင်းများက ဆဲလ်များအတွင်းသို့ သွေးတွင်းသကြားဓာတ် စုတ်ယူမှုကို အားပေးပြီး အင်ဆူလင် (Insulin) ထွက်ရှိမှုကို မျှတအောင် ကူညီပေးတဲ့အတွက် သွေးတွင်းသကြားဓာတ်ကို လိုအပ်တဲ့ ပမာဏအတိုင်းအတာအတွင်း ရောက်အောင် ထိန်းညှိပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ 

၄။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောင်ရမ်းမှုများကို လျှော့ချပေးခြင်း 

လေးညှင်းပွင့်မှာ Vitamin C၊ Vitamin K နှင့် မဂ္ဂနီးစ် (Manganese) စတဲ့ အာဟာရဓာတ်များစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို သဘာဝအတိုင်း သန်မာလာစေပါသည်။ သူ့မှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ (Anti-inflammatory) နဲ့ ပဋိဇီဝ (Antibacterial) ဓာတ်တွေကြောင့်လည်း အဆစ်အမြစ်ရောင်ရမ်းခြင်း၊ အအေးမိချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းတို့ကို မြန်ဆန်စွာ သက်သာပျောက်ကင်းစေနိုင်ပါတယ်။  

၅။ ခံတွင်းကျန်းမာရေးကို ထိရောက်စွာ အထောက်အကူပြုခြင်း 

လေးညှင်းပွင့်၏ လူသိအများဆုံး အချက်ကတော့ ခံတွင်းသန့်ရှင်းရေးနှင့် သွားကျန်းမာရေးပံ ဖြစ်တယ်။ ပါဝင်တဲ့ ပဋိဇီဝ (Antibacterial) အစွမ်းကြောင့် လေးညှင်းပွင့်ကို နေ့စဥ် မှန်မှန်လေး ငုံထားပေးခြင်းကနေ ခံတွင်းအတွင်းရှိ ဘက်တီးရီးယားများကို သေစေနိုင်ပြီး ခံတွင်းအနံ့ဆိုးထွက်ခြင်းနှင့် သွားဖုံးရောင်ခြင်း တို့ကို သက်သာစေပါသည်။ သွားကိုက်တဲ့အခါမှာလည်း လေးညှင်းဆီကို ဂွမ်းစဖြင့် တို့ပြီး သွားပေါ်တင်ပေးခြင်းဖြင့် နာကျင်မှုကို သဘာဝအတိုင်း အမြန်ဆုံး သက်သာစေမှာပါ။  

ယခုလို လေးညှင်းပွင့်ရဲ့  အံ့သြလောက်စရာ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများကို သိရှိသွားပြီဖြစ်တဲ့အတွက် ဝယ်ယူရလွယ်ကူပြီး အလွယ်တကူ ဆောင်ထားနိုင်တဲ့ လေးညှင်းပွင့်လေးတွေကို ရေနွေးကြမ်းထဲတွင် ခတ်သောက်ခြင်း၊ ဟင်းလျာများတွင် ပုံမှန် ထည့်သွင်းချက်ပြုတ်ခြင်း နှင့် ခံတွင်းသန့်ရှင်းရေးအတွက် ပုံမှန် အသုံးပြုခြင်းကနေ မိမိနှင့် မိသားစု၏ ကျန်းမာရေးကို အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး စောင့်ရှောက်လိုက်ကြရအောင်နော်။   



Share

Comments

Related Posts