
ကိုရီးယားရုပ်ရှင်နဲ့ ယဥ်ကျေးမှုတွေကတစ်ဆင့် လူသိများပြီး အစားများလာကြတဲ့ ကင်မ်ချီဟာဆိုရင် မြန်မာပါးစပ်နဲ့လည်း ကိုက်ညီပြီး အရံဟင်းတစ်ခုအနေနဲ့ နှစ်သက်စွာ စားလာတတ်ကြတာ တွေ့ရမှာပါ။ ကင်မ်ချီက ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး အစာခြေစနစ်ကို အထောက်အကူပြုတာကြောင့် ဘယ်လိုဟင်းလျာနဲ့ပဲစားစား လိုက်ဖက်နေပြီးတော့ အိမ်မှာ ကင်မ်ချီရှိတာနဲ့ ထမင်းကြော်ကြော်၊ ဟင်းနဲ့တွဲ ချက်ချက်၊ ဟင်းချိုလုပ် သောက်သောက် အဆင်ပြေနေရောပါပဲ။ အစားများကြတဲ့ မုန်ညင်းကင်မ်ချီကို Supermarket တွေမှာလည်း လုပ်ပြီးသား အလွယ်တကူဝယ်လို့ ရနေပေမဲ့လည်း ကိုယ်တိုင် အိမ်မှာပဲ စိတ်တိုင်းကျ အစပ်အဟပ်တည့်အောင် ပြုလုပ်ချင်သူတွေအတွက်ရော၊ ကိုရီးယားကင်မ်ချီ အရသာစစ်စစ် စားချင်သူတွေအတွက်ပါ အသုံးတည့်စေမဲ့ ပြုလုပ်နည်းလေးတစ်ခု မျှဝေချင်ပါတယ်။ ဒါဆို ပိုပြီး လတ်ဆတ်သန့်ရှင်းပြီး ဘေးဥပဒ်ဖြစ်စေတဲ့ တာရှည်ခံဆေးတွေလည်း မပါဝင်တာကြောင့် အိမ်သားတိုင်းအတွက် စိတ်ချရပြီး အရသာရှိရှိစားနိုင်မှာ အမှန်ပါပဲ။

ပါဝင်ပစ္စည်း
မုန်ညင်းကင်မ်ချီ စလုပ်ဖို့ ပါဝင်ပစ္စည်းတွေ ဝယ်မယ်ဆို တော်တော်များများက ကိုရီးယားဟင်းခတ်အမွှေးအကြိုင်တွေ သုံးမှ ကိုရီးယားကင်မ်ချီ အရသာစစ်စစ်ရမယ်လို့ ထင်မိကြမှာပါ။ တစ်ခါတစ်လေမှာလည်း ဒီပစ္စည်းတွေက ရှာရခက်တတ်ကြတာမလို့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ဒေသထွက်ပစ္စည်းတွေနဲ့လည်း သေချာပေါက် အရသာရှိအောင် ဖန်တီးလို့ ရပါသေးတယ်။ အိမ်မှာ ကင်မ်ချီလုပ်ဖို့ ပါဝင်ပစ္စည်းတွေ စဝယ်တော့မယ်ဆို City Mart မှာ ဖြစ်ဖြစ်၊ စျေးမှာဖြစ်ဖြစ်
- စားမယ့် မိသားစုဝင် အရေအတွက်အလိုက် မုန်ညင်းထုပ်အကြီး ၁ထုပ် သို့ ၂ထုပ်၊
- ဒီမုန်ညင်းထုပ်တွေကို ရေဆေးဖို့နဲ့ အစိုဓာတ်မရှိအောင် နှပ်ထားမယ့် ဆားကြမ်းနဲ့
- အနှစ်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊
- အရသာပြည့်စုံဖို့ ငရုတ်သီးအမှုန့် (အရောင်တင်မှုန့်)၊ ငံပြာရည်၊ သကြားနည်းနည်းနဲ့အတူ
- မုန်လာဥနီ၊ ကြက်သွန်မြိတ်တို့နဲ့ အရောင်ရော၊ အရသာရော စားချင်စဖွယ်ဖြစ်အောင် အကုန်လုံး စုဆောင်းဝယ်ယူထားပေးရမှာ ဖြစ်ပါတယ်။

ပြုလုပ်နည်း
၁။ မုန်ညင်းထုပ်ကို အနေတော်အရွယ်လေးတွေလှီးပြီး ဆားကြမ်းနဲ့ အနှံ့နယ်ကာ ၂ နာရီမှ ၃ နာရီခန့် ထားပါ။ မုန်ညင်းဖတ်တွေ နွမ်းသွားပြီဆို ရေနဲ့ ၃ ခါ၊ ၄ ခါခန့် ပြန်ဆေးပြီး ရေစစ်ထားပါ။
၂။ ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူနီ နဲ့ ဂျင်းကို ညက်နေအောင် ထောင်းပါ။ အဲ့ထဲကို ငံပြာရည်၊ သကြားနဲ့ ငရုတ်သီးမှုန့်တို့ ထည့်ပြီး အနှစ်ဖြစ်အောင် သေချာမွှေပေးပါ။
၃။ ဇလုံအကြီးတစ်ခုထဲမှာ ရေစစ်ထားသော မုန်ညင်းထုပ်၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်တို့နှင့် အနှစ်တွေကို သေချာနှံ့အောင် နယ်ပေးပါ။ ပြီးရင် သန့်ရှင်းတဲ့ သိမ်းစရာ ဖန်ပုလင်း သို့ ဗူးထဲမှာ လေဟာနယ်မရှိနေအောင် ဖိသိပ်ထည့်ပြီး သိမ်းလိုက်ပါ။
၄။ ကင်မ်ချီ သိပ်ထားတဲ့ ဗူးကို အခန်းအပူချိန်မှာ ၂၄ နာရီလောက် ထားပြီး အချဉ်ဖောက်ပါ။ အမြှုပ်လေးတွေ ထလာရင် ရေခဲသေတ္တာထဲကို ပြောင်းထည့်သိမ်းပြီးရင် နောက်ရက်တွေမှာ အေးအေးလေး စစားလို့ရပါပြီ။

လျှို့ဝှက်ချက်
ကိုရီးယားအရသာစစ်စစ် ရမယ့် ကင်မ်ချီကောင်းကောင်း ဖြစ်ဖို့ဆို အားလုံးသိထားသင့်တဲ့ Pro Tips လေးတွေလည်း ဝေမျှချင်ပါတယ်။
- မုန်ညင်းထုပ်ကို ဆားနယ်ပြီးရင် ရေနဲ့ အနည်းဆုံး ၃ ခါလောက် ပြန်ဆေးဖို့ လိုပါတယ်။ မုန်ညင်းဖတ်က အရမ်းငန်နေရင် အချဉ်ဖောက်တဲ့အခါ အရသာပျက်သွားနိုင်လို့ပါ။
- ကင်မ်ချီ သိပ်တဲ့အခါ ဆန်မှုန့် သို့မဟုတ် ကောက်ညှင်းမှုန့်ကို ရေနဲ့ကျိုပြီး ကော်ရည်အေးအေးလေး ထည့်နယ်ပေးပါ။ ဒါမှ ငရုတ်သီးအနှစ်တွေက မုန်ညင်းထုပ်ဖတ်မှာ ကပ်နေစေပြီးတော့ အချဉ်ဖောက်တာကို ပိုကောင်းမွန်စေကာ အရသာကို ပိုလေးစေပါတယ်။
- ပြီးတော့ ပန်းသီး သို့မဟုတ် သစ်တော်သီးကို ခြစ်ပြီး အနှစ်ထဲထည့်ပါ။ ဒီအသီးတွေရဲ့ သဘာဝအချိုဓာတ်က ငံပြာရည်ရဲ့ အငန်ဓာတ်ကို ထိန်းပေးရုံတင်မကဘဲ ကင်မ်ချီကို ပိုပြီး လတ်လတ်ဆတ်ဆတ်ဖြစ်စေပါတယ်။
- နောက်ပြီး ကိုရီးယားအရသာစစ်စစ်ရဖို့ဆို ပုစွန်ခြောက်မှုန့် အနည်းငယ်လည်း ထည့်ပေးရင် ကင်မ်ချီရဲ့ အရသာကို ပိုမိုနက်ရှိုင်းစေကာ တစ်ခါစားပြီး ခဏခဏပြန်စားချင်နေမှာပါ။
ဒီလောက်ဆိုရင်တော့ အရသာရှိရှိနဲ့ စိတ်ချလက်ချ အေးဆေးစားလို့ကောင်းမယ့် မုန်ညင်းကင်မ်ချီလုပ်နည်းလေးကို သိသွားပြီဆိုတော့ အိမ်မှာ စပြီး လုပ်ကြည့်လို့ရပြီ ထင်တယ်နော်။ ဒီလုပ်နည်းထက် ပိုပြီး စားမြိန်စေမယ့် နည်းလမ်းကောင်းလေးတွေ ရှိတယ်ဆိုလည်း ကောမန့်မှာ မျှဝေခဲ့ဖို့ မမေ့နဲ့နော်။
Comments