လူနေမှုတန်ဖိုးမြှင့်တင်ပေးမယ့် လက်မှုထည်ပစ္စည်းတွေအကြောင်း

Posted in လူမှုဘဝ


စက်ရုံအများအပြားကနေ ထုတ်ကုန်ပစ္စည်း မျိုးစုံကိုမှ အရေအတွက် သိန်းနဲ့သောင်းချီ အဆက်မပြတ် ထုတ်လုပ်ရရှိနေတဲ့ ကမ္ဘာကြီးမှာ အချိန်၊ ကျွမ်းကျင်မှုနဲ့ အဓိပ္ပာယ် ပြည့်ဝနေတဲ့ လက်မှုပညာမြောက် ပစ္စည်းတွေကတော့ တန်ဖိုးမဖြတ်နိုင်စရာပါပဲ။ နေ့စဥ်ဘဝတွေကို ထူးခြားဆန်းသစ်စေတဲ့ ဒီလက်ရာမြောက် ပစ္စည်းတွေက ရိုးရှင်းပြီး အသုံးဝင်တဲ့ ပရိဘောဂပြုလုပ်တာ၊ အဝတ်အထည် ချုပ်လုပ်တာ၊ အိုးလုပ်တာ၊ အိမ်အလှဆင်ပစ္စည်းလေးတွေ ဖန်တီးတာ စသဖြင့် အားလုံးပါဝင်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ကိုယ်တိုင်ဖန်တီးလို့ရတဲ့ အခုလို လက်မှုထည်ပစ္စည်းတွေက ဘယ်လိုအသုံးဝင်ပြီး လူမှုဘဝတွေမှာ ဘယ်လိုအကျိုးကျေးဇူးရှိစေမလဲဆိုတာ ကြည့်ကြည့်ရ‌အောင်။

ယုံကြည်မှုနဲ့ ကျွမ်းကျင်မှု

လက်မှုပညာ မှန်သမျှက ကိုယ်ကိုယ်တိုင် အစကနေ အဆုံးအထိ အသေးစိတ်လုပ်ဆောင်ရတဲ့ လုပ်ငန်းစဥ်ဖြစ်တာကြောင့် ဖန်တီးရာမှာ စိတ်ရှည်သည်းခံရတာတွေ၊ ကြုံလာရတတ်တဲ့ ပြဿနာတွေ ဖြေရှင်းရတာတွေ၊ အသေးစိတ်လေးတွေကို အာရုံစိုက်လုပ်ဆောင်ရတာတွေကို သင်ကြားရရှိစေတာပါ။ ပစ္စည်းတွေ ဘယ်လိုအလုပ်လုပ်တယ်၊ အမှားဖြစ်လာရင် ဘယ်လိုပြင်ရမယ်၊ လိုချင်တဲ့ ဒီဇိုင်းကို ဘယ်လိုလက်တွေ့ကျအောင် ဖန်တီးရမယ် စသဖြင့် နောက်ကွယ်က ဖန်တီးလုပ်ဆောင်မှုတွေကို ကိုယ်တိုင်လုပ်ဆောင်ရင်း ဖြစ်စေ၊ ကျွမ်းကျင်သူတွေဆီက ဖြစ်စေ သိမြင်နိုင်တာ ဖြစ်ပါတယ်။ ဒီကနေ သေးငယ်တဲ့ ဖန်တီးမှုတွေ လုပ်ဆောင်လာနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ ကျွမ်းကျင်မှုနဲ့ ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းတွေပါ ရရှိနိုင်ပါတယ်။

အနုပညာ ခံစား၊ ဖန်တီးနိုင်တဲ့ လူနေမှုပုံစံ

လက်မှုထည်လုပ်ငန်းတွေ ဆိုတာဟာ အပေါ်ယံ မျက်စိပသာဒဖြစ်စေတဲ့ လှလှပပ ပစ္စည်းလေးတွေကို ဖန်တီး၊ သုံးစွဲဖို့ဆိုတာထက် အများကြီးပိုပါတယ်။ အနုပညာနဲ့ လက်မှုပညာတွေကို ခံစားရင်း ဖန်တီးနိုင်တာဟာ ဘဝမှာ ပိုမိုပျော်ရွှင်ရပြီး စိတ်ကျေနပ်စရာလည်း ကောင်းတယ်လို့ သုတေသနတွေအရ တွေ့ ရှိရပြီး StudyFinds.com ရဲ့ ဆောင်းပါးထဲမှာလည်း အသေးစိတ်ဖတ်ရှုလေ့လာနိုင်တာပါ။ ဒါကြောင့် DIY လုပ်တာ၊ ပန်းချီဆွဲတာ၊ သစ်သားထွင်းထုဖန်တီးတာ စတဲ့ အနုပညာနဲ့ သက်ဆိုင်တဲ့ ဖန်တီးမှုတွေက စိတ်ကျန်းမာရေးအတွက်ရော ဘဝနေထိုင်ရာမှာလည်း ကျေနပ်စရာ ကောင်းလာ‌တာကို ခံစားနိုင်လာမှာဖြစ်ပါတယ်။ ကိုယ်တိုင် လက်နဲ့ လုပ်ကိုင်ဖန်တီးရတဲ့အတွက် လက်ရှိအချိန်ကို အာရုံစိုက်နိုင်ပြီး နည်းပညာနဲ့ ဖုန်းတွေကို ခေတ္တအနား‌ပေးကာ အမှန်တကယ်ရှိတဲ့ အရာတစ်ခုနဲ့ အချိန်ကုန်ဆုံးနိုင်မှာ ဖြစ်ပါတယ်။

လက်မှုပညာရဲ့ ရေရှည် တည်တံ့ခိုင်မြဲမှု

အိမ်သုံး လက်မှုပစ္စည်းလေးတွေ ဖန်တီးရာမှာ အများအားဖြင့် သုံးပြီးသား ပစ္စည်းလေးတွေကို ပြန်လည်ပြင်ဆင်တာ၊ ပြန်လည်အသုံးပြုတာနဲ့ ပုံစံပြောင်းလဲ သုံးစွဲတတ်ကြတာကြောင့် စွန့်ပစ်ပစ္စည်းတွေကို လျော့နည်းစေပြီး အကျိုးရှိအောင် ပိုပြီး ဆင်ခြင်သုံးစွဲတတ်လာစေပါတယ်။ ပြန်လည် အလှဆင်ထားတဲ့ စားပွဲလေးတစ်လုံး သို့ အရောင် ပြောင်းလဲထားတဲ့ အဝတ်အစားလေးတစ်ထည်က ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ သူမတူတဲ့ ကိုယ်ပိုင်ဖန်တီးမှု ဖြစ်တာကြောင့် အသစ်ဝယ်ယူလိုက်တာထက် ပိုပြီးတောင် တန်ဖိုးရှိမှာပါ။ ဒါကြောင့် အခုလို လက်မှုပစ္စည်းလေးတွေ စတင်ဖန်တီးဖို့ စိတ်ကူးမိတယ်ဆို ကိရိယာပြည့်ပြည့်စုံစုံနဲ့ ကျွမ်းကျင်မှုတွေ မလိုအပ်ဘဲ အသေးအမွှားလေးတွေဖြစ်တဲ့ ပန်းအိုးလေးတွေ ပြန်လည်ဖန်တီးတာ၊ ကြယ်သီးအလှလေးတွေ ပြင်တပ်တာ စသဖြင့် ရိုးရိုးရှင်းရှင်း အလုပ်လေးတွေကနေ ကျွမ်းကျင်မှုတွေကို တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။

တကယ်တော့ လူနေမှုပုံစံကောင်းဆိုတာ လိုအပ်မဲ့ပစ္စည်းတွေကို ဒီတိုင်း ဝယ်ယူစုဆောင်းနေဖို့ မဟုတ်တဲ့အကြောင်း လက်မှုထည်လေးတွေက အလှပဆုံး သတိပေးနေပါတယ်။ တစ်ခုခုကို ကိုယ်တိုင် ဖန်တီး၊ ပြင်ဆင်ကာ အသစ်အဆန်းတွေ သင်ယူရင်း မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့အတူ လက်မှုထည်လေးတွေ ဖန်တီးတာ၊ အသုံးအဆောင်ဟောင်းလေးတွေကို ပြန်ပြင်သုံးတာက ငွေကြေးလည်း သက်သာပြီး အချိန်ကောင်းလေးတွေကိုလည်း မျှဝေခံစားနိုင်တာပေါ့။  


Share

Comments

Related Posts