
ကလေးငယ်တွေရဲ့ ပထမဆုံးကျောင်းတက်ရက် ဆိုတာဟာ သူတို့တွေအတွက်တင်မက ဖေဖေ၊ မေမေတွေအတွက်လည်း ဘဝရဲ့ အကြီးမားဆုံး မှတ်တိုင်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီလိုနေ့ရက်မျိုးကို အဆင်ပြေချောမွေ့တဲ့ အမှတ်တရကောင်းတစ်ခုဖြစ်သွားစေဖို့ကတော့ ကလေးငယ်တွေရဲ့ စိတ်လှုပ်ရှားမှုကို လျှော့ချပေးဖို့က အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။ ဒီအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေနဲ့ ပုံမှန်လည်ပတ်ဖို့ ထိန်းကျောင်းပေးမှုတွေကို မိဘတွေက ကြိုတင်လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
ပတ်ဝန်းကျင်အသစ်ကို ရင်းနှီးစေခြင်း
ကလေးငယ်တွေရဲ့ ပထမဆုံးကျောင်းတက်ရက်မှာ ကြောက်လန့်စိတ်၊ ဝမ်းနည်းစိတ် စတဲ့ စိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ချက်ကတော့ ပတ်ဝန်းကျင်အသစ်၊ နေရာအသစ်နဲ့ မရင်းနှီးတဲ့ အချက်ပါပဲ။ အိမ်နဲ့ ဆော့ကစားနေကျ ပတ်ဝန်းကျင်ကနေ မရင်းနှီးသေးတဲ့ ပတ်ဝန်းကျင်အသစ်တစ်ခုထဲ သွားနေရတော့မယ်ဆိုတဲ့ စိုးရိမ်ထိတ်လန့်မှုကို ကလေးငယ်တွေရဲ့ ပထမဆုံးကျောင်းတက်ရက်မှာ လျှော့ချပေးနိုင်မယ်ဆိုရင် သိသိသာသာပြောင်းလဲသွားပါလိမ့်မယ်။ အဲဒီအတွက်တော့ -
၁။ ကျောင်းတက်ရက်မတိုင်ခင်ကတည်းက ကျောင်းကို လိုက်ပြပါ။ ကလေးငယ်တွေအတွက် ကျောင်းစတက်တဲ့ရက်မှာ နေရာအသစ်ကြီးတစ်ခုလို့ မခံစားရဘဲ ရင်းနှီးတဲ့နေရာတစ်ခုဖြစ်နေစေဖို့ဆိုရင် ကျောင်းနဲ့ ကျောင်းပတ်ဝန်းကျင်ကို ကြိုတင်ပြီး လိုက်ပြထားသင့်ပါတယ်။
၂။ ဆရာ၊ ဆရာမတွေနဲ့ ကြိုတင်မိတ်ဆက်ပေးပါ။ ကလေးငယ်ကို ထားမယ့် ကျောင်းနဲ့ ဆရာ၊ ဆရာမတွေကို ခွင့်တောင်းလို့ရမယ်ဆိုရင် ကြိုတင်ပြီး မိတ်ဆက်ပေးထားသင့်ပါတယ်။ ဒါဆိုရင် ကလေးငယ်တွေအတွက် ဒီနေရာမှာ သူတို့ အားကိုးယုံကြည်လို့ရတဲ့ လူကြီးတွေရှိတယ်ဆိုတာကို သိသွားစေပါလိမ့်မယ်။
၃။ အိမ်မှာ အတူတူ ကြိုတင်ပြီး လေ့ကျင့်ပေးပါ။ ကျောင်းတက်တဲ့အခါ တွေ့ရမယ့် နေရာထိုင်ခင်းပုံစံ၊ စာသင်ရမယ့်ပုံစံ၊ ထမင်းဘူးနဲ့ စားမယ့်ပုံစံတွေကို ရင်းနှီးနေအောင် အိမ်မှာအတူတူ ကြိုတင်ပြီး လေ့ကျင့်ပေးထားမယ်ဆိုရင် ကျောင်းထဲရောက်တဲ့အခါ ပိုပြီး အဆင်ပြေစေပါလိမ့်မယ်။
ခွဲခွာမှုနဲ့ ရင်းနှီးစေခြင်း
ပထမဆုံး ကျောင်းတက်ချိန်မှာဖြစ်တဲ့ စိတ်ခံစားမှုတွေရဲ့ နောက်ကွယ်က နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ခွဲခွာရခြင်းပါပဲ။ အထူးသဖြင့် မိဘတွေနဲ့ အမြဲလက်ပွန်းတတီးနေလာရတဲ့ ကလေးငယ်တွေဆိုရင် ဒီလိုနေ့မှာ ဝမ်းနည်းအားငယ်စိတ်တွေ ပိုပြီး ဖြစ်တတ်ပါတယ်။ အဲဒီအတွက် -
၁။ ကလေးငယ်က တစ်ယောက်တည်းကို ကပ်နေတာမျိုး မဖြစ်ပါစေနဲ့။ စိတ်ချရတဲ့ ဆွေမျိုး၊ မိတ်ဆွေတွေ (ဥပမာ အဖိုးအဖွားတွေ) နဲ့ သတ်သတ်မှတ်မှတ် အချိန်တစ်ခုထားခဲ့ပြီး အတိအကျပြန်လာခေါ်တာမျိုး လေ့ကျင့်ထားပါ။ ဥပမာ “အမေ ဈေးသွားဝယ်မှာမို့လို့ နောက်ထပ်တစ်နာရီနေရင် ပြန်လာခဲ့မယ်နော်” ဆိုတာမျိုး ပြောပြီး တစ်နာရီဝန်းကျင်မှာ ပြန်သွားခေါ်ပေးပါ။ ဒါဆိုရင် ကျောင်းသွားတဲ့အခါမှာလည်း ကျောင်းချိန်ပြီးရင် ပြန်လာခေါ်မယ်ဆိုတဲ့ အလေ့အထကို ပျိုးထောင်ပြီးသားဖြစ်စေပါလိမ့်မယ်။
၂။ တစ်ယောက်တည်းမဟုတ်ဘူး ဆိုတာကို သိအောင်ပြောပြပါ။ ဖေဖေ၊ မေမေတွေ ငယ်ငယ်တုန်းကလည်း ဒီလိုမျိုး ကျောင်းတက်ခဲ့ရပြီး ကြောက်စရာ၊ လန့်စရာမဟုတ်ကြောင်းနဲ့ ဖြတ်သန်းခဲ့တဲ့ ပျော်စရာအကြောင်းအရာလေးတွေကို ပုံပြင်ဇာတ်လမ်းလေးတွေလို ပြောပြပေးပါ။ ဒါဆိုရင် ကလေးငယ်တွေအနေနဲ့ သူကိုယ်တိုင် စူးစမ်းလေ့လာလိုစိတ်က စိတ်လှုပ်ရှားမှုတွေကို အနိုင်ယူသွားပါလိမ့်မယ်။
၃။ မြန်မြန်နှုတ်ဆက်ပြီး ပြန်ပါ။ မိဘတွေအများစုက ကလေးငယ်တွေနဲ့အပြိုင် စိုးရိမ်နေတတ်ကြပြီး အကြာကြီးနှုတ်ဆက်နေတာတွေ၊ ကျောင်းတံခါးဝမှာ ရပ်စောင့်နေတာတွေ လုပ်တတ်ကြပါတယ်။ အဲဒါက တကယ်တော့ ကလေးငယ်တွေရဲ့ စိတ်ထဲမှာ စိတ်မချရတဲ့နေရာမို့လို့ အဖေ၊ အမေတွေက စောင့်ကြည့်နေရတာပဲဆိုတဲ့ စိတ်မျိုး ဖြစ်သွားစေပြီး စိတ်လှုပ်ရှားမှုတွေ ပိုဖြစ်စေပါတယ်။ ဒါကြောင့် အဲဒီအစား ပေါ့ပေါ့ပါးပါးလေးပဲ နှုတ်ဆက်ပြီး အရှေ့မှာပြောခဲ့သလို ကျောင်းဆင်းချိန် အတိအကျမှာ လာကြိုမယ့်အကြောင်း ပြောပြထားခဲ့ပါ။
သတိပြုရန် - ကလေးငယ်တွေအတွက် မိဘအုပ်ထိန်းသူတွေဟာ မှန်တစ်ချပ်လိုပါပဲ။ မိဘတွေ စိုးရိမ်နေတာကို မြင်ရရင် သူတို့လည်း လုံခြုံတယ်ဆိုတဲ့ ခံစားချက်ကို ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ပထမဆုံးကျောင်းတက်ရက်အတွက် ကလေးငယ်တွေသာမက မိဘတွေကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားမှုတွေကို လျှော့ချထားဖို့ အရေးကြီးပါတယ်နော်။
ဒါဆိုရင်တော့ သားသားမီးမီးတို့ရဲ့ ပထမဆုံးကျောင်းတက်ရက်ဟာ အဆင်ပြေချောမွေ့ပြီး ပျော်ရွှင်စရာကောင်းတဲ့ မှတ်တိုင်တစ်ခုဖြစ်လာဖို့ ရယ်ဒီပဲမဟုတ်လား။
Comments