ဆယ်ကျော်သက်လေးတွေနဲ့ ဆက်ဆံရေးကောင်း ဘယ်လိုတည်ဆောက်ကြမလဲ

Posted in မိဘအုပ်ထိန်းခြင်း



သင်ဟာ ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ မိဘတစ်ဦးဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်အထောက်အကူဖြစ်စေမှာပါ။ ဆယ်ကျော်သက်အရွယ်ဟာ စိတ်ရော၊ ခန္ဓာကိုယ်ပါ အပြောင်းအလဲအများဆုံးဖြစ်သည့်အလျှောက် ထိန်းရအလွန်ခက်တဲ့အရွယ်တွေပါပဲ...။နောက်ပြီး  ဒီလိုကာလဟာ သူတို့လေးတွေအတွက် စိန်ခေါ်မှုကာလတစ်ခုဖြစ်သလို သားသမီးနဲ့ မိဘကြားရင်းနှီးမှုပိုမိုတိုးတက်စေဖို့အတွက် အခွင့်လမ်းတစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ သင်ဟာ ဆယ်ကျော်သက် ကလေးတစ်ယောက်ရဲ့ မိဘတစ်ဦးဆိုရင် အခုဖော်ပြပေးသွားမယ့် အချက်လေးတွေက သင့်အတွက်အကောင်းဆုံးအထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။


ခံစားချက်ကိုလေးစားပါ

ဆယ်ကျော်သက်အရွယ်လေးတွေဟာ ကြီးပြင်းလာတာနဲ့အမျှ စိတ်ခံစားချက်အပြောင်းအလဲတွေ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ တစ်ခဏအတွင်းမှာပဲ ပျော်ရွှင်နေနိုင်သလို စိတ်ရှုပ်ထွေးတာ၊ စိတ်တိုတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ခံစားချက်တွေကို အပြစ်မတင်ဘဲ၊ မဝေဖန်ဘဲ နားလည်ပေးဖို့ အချိန်ပေးပါ။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို လက်ခံပေးပြီး၊ လေးစားပေးတယ်လို့ ခံစားရတဲ့အခါ မိဘအပေါ် ယုံကြည်မှု ပိုမိုခိုင်မာလာပြီး၊ ကိုယ့်အတွေးအမြင်နဲ့ ခံစားချက်တွေကိုလည်း ပိုမိုပွင့်လင်းစွာ မျှဝေပြောဆိုလာနိုင်ပါတယ်။


နားထောင်ပေးပါ

ဆယ်ကျော်သက်အရွယ်လေးတွေဟာ ကိုယ်ပိုင်အတွေးအခေါ်ကို ဖော်ပြဖို့ကြိုးစားလာတဲ့ အရွယ်လေးတွေပဲဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေဘက်ကဖြစ်စေချင်တာကို အလျင်စလိုမလုပ်ဘဲ သူတို့ပြောတာလေးတွေကို ဦးစားပေးနားထောင်ပေးပါ။ ဒါမှပဲ မိဘတွေက သူတို့စကားကို အမှန်တကယ် အလေးပေးနားထောင်ပေးတယ်လို့ ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် ပိုမိုယုံကြည်မှုရှိလာစေမှာပါ။


ပွင့်ပွင့်လင်းလင်းပြောဆိုပါ 

နေ့စဥ် မိနစ်အနည်းငယ်လောက်ပဲဖြစ်ဖြစ် အချိန်ပေးပြီး သူတို့လေးတွေရဲ့ သူငယ်ချင်းတွေအကြောင်း၊ ဝါသနာတွေ ဒါမှမဟုတ် သူတို့ကြိုက်တဲ့ ဂိမ်းတွေအကြောင်းကို မေးမြန်းပြောဆိုပေးတာမျိုးလေးတွေ လုပ်ပေးပါ။ ဒီလို နေ့စဥ်ပုံမှန်စကားပြောဆိုပေးတာမျိုး‌လေးတွေက သူတို့လေးတွေအတွက်လုံခြုံစေတယ်လို့ခံစားလာစေပြီး၊ မိဘနဲ့သူတို့လေးတွေကြား ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေးမျိုးကိုတည်ဆောက်ပေးနိုင်ပါတယ်။


ယုံကြည်ပေးပါ 

ကလေးတွေဟာ ကြီးပြင်းလာတာနဲ့အမျှ ကိုယ်တိုင်လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့် ပိုမိုလိုချင်လာကြပါတော့တယ်။ ဒါကြောင့် အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဆုံးဖြတ်ချက်လးတွေကို ကိုယ်တိုင်လွတ်လွတ်လပ်လပ်ချစေခြင်းဖြင့် သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုတိုးမြင့်လာစေပြီး တာဝန်ယူတတ်တဲ့ အလေ့အကျင့်ကောင်းတွေကိုလည်း တဖြည်းဖြည်းဖွံ့ဖြိုးလာစေမှာပါ။


စည်းကမ်းတွေကို အတူသတ်မှတ်ပါ

သူတို့အရွယ်ကလေးတွေအတွက် မိဘရဲ့လမ်းညွှန်မှုနဲ့ စည်းကမ်းတွေက အရမ်းကိုအရေးကြီးပါတယ်။ အိမ်တာဝန်တွေ၊ ဖုန်းအသုံးပြုချိန်တွေ၊ အိပ်စက်ချိန်နဲ့ တခြားသူတွေအပေါ် လေးစားမှုရှိတဲ့ အပြုအမူတွေ စတဲ့ရှင်းလင်းတဲ့ စည်းကမ်းမျိုးလေးတွေ အတူသတ်မှတ်ပြီး တသမတ်တည်းလိုက်နာစေကာ ဘာကြောင့် ဒီစည်းကမ်းလေးတွေက လိုအပ်တာလဲဆိုတာကိုပါ နားလည်အောင်ရှင်းပြပေးတာမျိုးလုပ်ပေးမယ်ဆိုရင်တော့ သူတို့လေးတွေကိုယ်တိုင်လည်း မျှတမှုရှိပြီး၊ အကြောင်းအကျိုးစီလျှော်တယ်လို့ နားလည်ခံစားစေမှာပါ။

အခုဖော်ပြပေးသွားတဲ့ အချက်လေးတွေက သင်နဲ့ ဆယ်ကျော်သက်အရွယ်ရှိတဲ့ သင့်ကလေးကြား ဆက်ဆံရေးကိုအထောက်အကူဖြစ်စေပြီး အကျိုးရှိစေမယ်လို့ မျှော်လင့်မိပါတယ်။


Share

Comments

Related Posts