
ဒီနေ့ခေတ် တိုက်ခန်းတွေမှာနေကြတဲ့ ကလေးအများစုက နေရာကျဉ်းကျဉ်းလေးထဲမှာ အချိန်ကုန်ရင်း ဖုန်းနဲ့ဂိမ်းထဲပဲ အမြဲနစ်မြုပ်နေကြတာ မဆန်းပါဘူး။ ဒါပေမဲ့လေ... ကလေးတစ်ယောက် ကျန်းမာသန်စွမ်းပြီး စိတ်ဓာတ်ရွှင်လန်းဖို့ဆိုတာ လေးဘက်နံရံကြားထဲမှာချည်းပဲ နေလို့မရပါဘူး။ မြေကြီး၊ သဲ၊ မြက်ခင်းတို့နဲ့ ထိတွေ့ခွင့်ရဖို့၊ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားဖို့က အရမ်းကို အရေးကြီးပါတယ်။
တိုက်ခန်းကျဉ်းထဲမှာပဲဖြစ်ဖြစ်၊ ပြင်ပမှာပဲဖြစ်ဖြစ် ကလေးတွေကို ဖုန်းနဲ့ဂိမ်းစွဲတာ လျှော့ချပေးရင်း သဘာဝနဲ့ထိတွေ့ပြီး လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်အောင် လက်တွေ့ဖန်တီးပေးနိုင်မဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

သဘာဝတရားနဲ့ မြေကြီးအထိအတွေ့လေးတွေ ဖန်တီးပေးဖို့အတွက်
၁။ ပန်းခြံ သို့မဟုတ် ကစားကွင်း ခေါ်သွားပေးပါ
တစ်ပတ်ကို (၂) ကြိမ်လောက်တော့ အနီးနားက ပန်းခြံတွေ သို့ သစ်ပင်ရှိတဲ့ ကစားကွင်းတွေကို သွားရင်းနဲ့ ဖိနပ်ချွတ်ပြီး မြက်ခင်းပေါ်၊ မြေကြီးပေါ် လမ်းလျှောက်ခိုင်းတာ၊ ပြေးလွှားခိုင်းတာမျိုး လုပ်ပေးပါ။ ဒါက ကလေးရဲ့ ခြေထောက်ကြွက်သားနဲ့ အရိုးအဆစ်တွေကို သန်မာစေရုံတင်မကဘဲ အာရုံကြောဖွံ့ဖြိုးမှုနဲ့ ဦးနှောက်စွမ်းရည်ကိုပါ အထောက်အကူပြုပါတယ်။ အပြင်ထွက်လို့ မနက်ခင်း သို့ ညနေခင်း နေရောင်ခြည်နဲ့ထိတွေ့ရတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကိုလည်း ရရှိစေတာပေါ့။
၂။ သဲ၊ မြေကြီးနဲ့ သဘာဝပစ္စည်းလေးတွေ ဆော့ခိုင်းပါ
သဲသေတ္တာလေးထဲမှာဖြစ်ဖြစ်၊ မြေကြီးပေါ်မှာဖြစ်ဖြစ် ဇွန်း၊ ခွက်၊ ပလတ်စတစ်ပန်းအိုးလေးတွေနဲ့ တူးဆွဆော့ကစားခိုင်းပါ။ သစ်ရွက်ကြွေလေးတွေ၊ ကျောက်ခဲလေးတွေ စုဆောင်းခိုင်းပြီး ပုံစံအမျိုးမျိုး ဖန်တီးခိုင်းတာမျိုးလည်း လုပ်လို့ရပါတယ်။ မြေကြီးထဲက အန္တရာယ်မရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေနဲ့ ထိတွေ့မှုက ကလေးရဲ့ ကိုယ်ခံအားစနစ်ကို ပိုကောင်းစေပြီး ဓာတ်မတည့်တာတွေကို လျှော့ချပေးနိုင်ပါတယ်။ သဲနဲ့မြေကြီးကို ပုံစံဖော်ဆော့တာတွေက ကလေးရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။
၃။ ဝရန်တာ သို့မဟုတ် အခန်းထဲမှာ အပင်လေးတွေ စိုက်ပျိုးပါ
တိုက်ခန်းဝရန်တာ သို့ ပြတင်းပေါက်နားမှာ အပင်အသေးလေးတွေ၊ ဟင်းသီးဟင်းရွက်လေးတွေ စိုက်ပျိုးပါ။ ကလေးကိုတော့ ရေလောင်းခိုင်းတာ၊ မြေဩဇာထည့်တာ၊ မြေကြီးဆွပေးတာတွေ လုပ်ခိုင်းလို့ရပါတယ်။ အပင်လေးတွေ အစေ့ကနေ အပင်ပေါက်လာတာကို စောင့်ကြည့်ရတာက ကလေးမှာ တာဝန်ယူလိုစိတ်နဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းတွေကို ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးရာရောက်ပါတယ်။

ဖုန်းသုံးချိန်နဲ့ ဂိမ်းဆော့ချိန်တွေကို ဖြည်းဖြည်းချင်း လျှော့ချနိုင်ဖို့ဆို
၁။ စခရင်ကြည့်ချိန် စည်းကမ်းသတ်မှတ်ပါ
အစာစားနေရင်း ဖုန်းနဲ့တီဗီကြည့်တာက အစာချေစနစ်ကို ထိခိုက်စေသလို၊ မိသားစုလိုက် စကားစမြည်ပြောတဲ့အလေ့အထကိုလည်း ပျက်စီးစေပါတယ်။ ဒါကြောင့် အစားစားချိန်ဆို ဖုန်း/တီဗီ လုံးဝမသုံးရဆိုတဲ့ စည်းကမ်းလေး ထားရှိပါ။ အိပ်ရာမဝင်ခင် (၁) နာရီအလိုမှာလည်း ဖုန်းကထွက်တဲ့ အလင်းကြောင့် အိပ်စက်ခြင်းကို အဟန့်အတားဖြစ်စေနိုင်လို့ ဖုန်းကြည့်တာ လုံးဝပိတ်ပင်ရပါမယ်။
ဖုန်းသိမ်းတော့မယ်ဆိုရင်လည်း ချက်ချင်း လုမပိတ်ဘဲ "ဖုန်းကြည့်ချိန် ပြီးတော့မယ်နော်" လို့ ၅ မိနစ်ကြိုပြောပေးတာက ကလေးဒေါသထွက်တာကို သက်သာစေပါတယ်။
၂။ မိဘတွေ ကိုယ်တိုင် စံပြဖြစ်ပါစေ
ကလေးတွေက မိဘပြောတာထက် လုပ်ပြတာကို ပိုအတုယူကြပါတယ်။ ဒါကြောင့် ကလေးရှေ့မှာ အကြောင်းမဲ့ ဆိုရှယ်မီဒီယာသုံးတာ၊ ဂိမ်းဆော့တာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ကလေးနဲ့အတူရှိချိန်မှာ ဖုန်းကိုခဏဖယ်ထားပြီး၊ ကလေးစကားလာပြောတဲ့အခါ ဖုန်းကြည့်ရင်း အင်း၊ အဲ မလုပ်ဘဲ မျက်လုံးချင်းဆုံပြီး သေချာနားထောင်ပေးပါ။ ဒါက ကလေးကို လုံခြုံမှုနဲ့ တန်ဖိုးထားခံရတယ်ဆိုတဲ့ ခံစားချက်ကို ရရှိစေပါတယ်။
၃။ ဖုန်းအစားထိုး အိမ်တွင်းကစားနည်းတွေ ဖန်တီးပေးပါ
ဖုန်းကိုပဲ ပိတ်ခိုင်းလိုက်ရုံနဲ့ ကလေးက ပျင်းသွားတတ်ပါတယ်။ အဲ့ဒီအစား ရုပ်ပုံစာအုပ်တွေ အတူတူဖတ်ပြတာ၊ ဇာတ်ကောင်လေးတွေအသံနဲ့ သရုပ်ဆောင်ပြတာမျိုး လုပ်ပေးနိုင်ပါတယ်။ အသက်အရွယ်နဲ့ကိုက်ညီတဲ့ ကတ်ပြားကစားနည်းတွေ၊ ပဟေဠိဆက်တာ၊ သစ်သားတုံးလေးတွေ ဆောက်တာမျိုးကို မိဘတွေကပါ ဝင်ကစားပေးပါ။ အဝတ်အစားခေါက်တာ၊ ကစားစရာသိမ်းတာလိုမျိုး အန္တရာယ်မရှိတဲ့ အိမ်အလုပ်လေးတွေမှာလည်း ဝင်ကူခိုင်းလို့ရပါတယ်။
ကလေးဆိုတာ လွတ်လွတ်လပ်လပ်နဲ့ သဘာဝကိုထိတွေ့ပြီး သင်ယူရတာကို အကြိုက်ဆုံးပါပဲ။ တိုက်ခန်းမှာနေရလို့ နေရာအခက်အခဲရှိပေမဲ့ မိဘတွေဘက်က နည်းနည်းလေး ဂရုစိုက်ပေးချိန်ပေးရုံနဲ့တင် ကလေးတွေ ဖုန်းစွဲလမ်းတာကို လျှော့ချပေးနိုင်ပြီး ကျန်းမာရွှင်လန်းတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာ အသေအချာပါပဲ။
ဒါကြောင့် ဒီနေ့ကစပြီး ဖုန်းတွေကို ခဏဘေးဖယ်ထားကာ ကလေးတွေနဲ့အတူ အပြင်ထွက်ကာ သဘာဝနဲ့ထိတွေ့ရင်း ပျော်ပျော်ရွှင်ရွှင် ဆော့ကစားလိုက်ကြရအောင်။
Comments