
နှလုံးက သွေးကို ညှစ်ထုတ်လိုက်တဲ့အခါ သွေးကြောနံရံတွေအပေါ် သက်ရောက်လာတဲ့ ဖိအားကို သွေးပေါင်ချိန်လို့ ခေါ်ပါတယ်။ သွေးပေါင်ချိန်ကို ပုံမှန်အတိုင်း ထိန်းသိမ်းပေးခြင်းဖြင့် နှလုံး၊ ဦးနှောက်နဲ့ ကျောက်ကပ်တို့ရဲ့ ကျန်းမာရေးကောင်းမွန်စေတာမို့ သွေးပေါင်ချိန်ဟာ ကျန်းမာရေးအတွက် အလွန်အရေးပါနေရတာပဲဖြစ်ပါတယ်။

ဒါပေမဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ စိတ်ဖိစီးမှုများခြင်းနဲ့ အိပ်ရေးမဝခြင်းတို့ဟာ သွေးပေါင်ချိန်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါအလေ့အကျင့်လေးတွေကို ပြောင်းလဲလုပ်ဆောင်ပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ပုံမှန်တည်ငြိမ်နေအောင် ထိန်းသိမ်းလိုက်ရအောင် ... ။
၁။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးပေးပါ။
(ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသုံးခြင်းဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာမျိုးတွေနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ပိုမိုထည့်သွင်းစားသုံးပေးမယ်။ ငှက်ပျောသီး၊ ဟင်းနုနွယ်ရွက်နဲ့ ကန်စွန်းဥတို့လို ပိုတက်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးမယ် ဆိုရင်တော့ သွေးပေါင်ချိန်ကို ပုံမှန်အတိုင်းကျန်းမာတဲ့အနေအထားမှာ ရှိနေစေဖို့ အထောက်အကူဖြစ်စေမှာပါ။)
၂။ ဆား စားသုံးမှု လျှော့ချပေးပါ။
(ဆားအလွန်အကျွံ စားသုံးခြင်းဟာ သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် ဆားပါဝင်မှုများတဲ့ အစားအစာတွေ၊ အသင့်စားမုန့်တွေ၊ အသင့်စားခေါက်ဆွဲတွေနဲ့ စည်သွတ်ဘူးအစားအစာတွေကို လျှော့ချစားသုံးပြီး အစားအစာတွေမှာ ဆား အသုံးပြုမှုအစား သဘာဝဟင်းခတ်အမွှေးအကြိုင်တွေကို အသုံးပြုပေးစေလိုပါတယ်။)

၃။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးပါ။
(ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးတွေလုပ်ရန်မဟုတ်ပဲ ပုံမှန်လမ်းလျှောက်ပေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းနဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေကို တစ်နေ့ မိနစ် (၃၀) ခန့် ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် နှလုံးကျန်းမာနှင့် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။)
၄။ ကိုယ်အလေးချိန်ကို သင့်တင့်မျှတအောင် ထိန်းသိမ်းပါ။
(ကိုယ်အလေးချိန် အလွန်အကျွံများနေခြင်းဟာ သွေးပေါင်ချိန် မြင့်တက်မှုကိုအားပေးကြောင့် အာဟာရမျှတတဲ့ အစားအသောက်တွေ စားသုံးခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ကို သင့်တင့်မျှတစေဖို့ အထောက်အကူဖြစ်စေပါတယ်။)
၅။ အိပ်ရေးဝဝ အိပ်စက်အနားယူပေးပါ။
(တစ်နေ့ကို ၇ နာရီမှ ၉ နာရီခန့် ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းဖြင့် သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေပါတယ်။)

၆။ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်မယ့် အလေ့အကျင့်မျိုးတွေကို လုပ်ဆောင်ပေးပါ။
(စိတ်ဖိစီးမှုများခြင်းဟာ သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်တာကြောင့် အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်းနဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းခြင်းတို့က စိတ်ဖိစီးမှုကို လျှော့ချတဲ့နေရာ ထိရောက်စေပါတယ်။)
၇။ သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာပေးပါ။
(သွေးပေါင်ချိန် မြင့်တက်နေခြင်းဟာ သိသာတဲ့ လက္ခဏာမျိုးတွေ မပြတတ်တာကြောင့် သွေးပေါင်ချိန်ကို နေ့စဥ်ပုံမှန်တိုင်းတာစစ်ဆေးပေးဖို့ အထူးလိုအပ်ပါတယ်။)
အချုပ်အားဖြင့်ဆိုသော် သွေးပေါင်ချိန်ကို ပုံမှန်တည်ငြိမ်နေအောင် ထိန်းသိမ်းဖို့အတွက် နေထိုင်မှုပုံစံကို အကြီးအကျယ် ပြောင်းလဲဖို့ မလိုအပ်ပါဘူး။ အထက်မှာဖော်ပြပေးသွားတဲ့ အချက်လေးတွေကို သေသေချာချာဂရုစိုက်ပေးရုံနဲ့ ကျန်းမာရေးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ သွေးပေါင်ချိန်ကို ဂရုစိုက်ထိန်းသိမ်းခြင်းဟာ နှလုံးကျန်းမာရေးနဲ့ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ ကျန်းမာရေးကို စောင့်ရှောက်ခြင်းမျိုးပဲ ဖြစ်ပါတယ်။
ဒါကြောင့် ပိုမိုကျန်းမာတဲ့ မနက်ဖြန်တွေအတွက် ဒီနေ့ကစပြီး ကျန်းမာတဲ့ အလေ့အကျင့်ကောင်းလေးတွေကို စတင်လိုက်ကြရအောင်။
Comments