ကြိုတင်ကာကွယ် မိုးရာသီ ခြင်အန္တရာယ်

Posted in ကျန်းမာရေး, အထွေထွေကျန်းမာရေး


မကြာမီကာလမှာဆိုရင် မုတ်သုံလေဝင်ရောက်ပြီး မိုးရာသီကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ မိုးရာသီမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေရဲ့ အကြောင်းအရင်းတွေထဲမှာ ခြင်ပေါက်ဖွားမှုကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် မိုးမကျခင် ခြင်ပေါက်ဖွားမှုကို ကြိုတင်ကာကွယ်ထားဖို့က အရေးကြီးတဲ့ ပြင်ဆင်မှုတစ်ခုပါပဲ။ ဘယ်အရာတွေပြင်ဆင်ကြမလဲဆိုတာ အတူတူစဥ်းစားကြည့်လိုက်ရအောင်။

ခြင်‌တွေ ဘယ်လိုပေါက်ဖွားသလဲ?

အားလုံးသိကြတဲ့အတိုင်း ခြင်တွေဟာ တည်ငြိမ်တဲ့ရေထဲမှာ ဥချပြီး သားလောင်းတွေအဖြစ် ပေါက်ဖွားတဲ့ သဘာဝရှိပါတယ်။ အများအားဖြင့် ရေအိုင်တွေ၊ ပိတ်ဆို့နေတဲ့ ရေမြောင်းတွေ စတဲ့ ရေများများရှိမယ့် နေရာတွေမှာ ပေါက်ဖွားတတ်ကြတယ်လို့ သိထားကြပေမဲ့ တကယ်တမ်းမှာတော့ ခြင်ကျားလို မျိုးစိတ်တွေဆိုရင် အံ့သြစရာကောင်းစွာနဲ့ သန့်ရှင်းပြီးနည်းပါးတဲ့ ရေတွေထဲမှာတောင် ပေါက်ဖွားနိုင်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အိမ်တွင်းအိမ်ပြင်ကစပြီး ခြင်ပေါက်ဖွားနိုင်တဲ့နေရာတွေကို အခုကတည်းက စတင်ပြုပြင်သန့်ရှင်းထားသင့်ပါတယ်။

ခြင်တွေ ပေါက်ဖွားပုန်းခိုနိုင်တဲ့ အိမ်ပတ်ဝန်းကျင်မှ နေရာများ

ခြင်တွေဟာ ပေါက်ဖွားဖို့အတွက် ရေလိုအပ်သလို ပုန်းခိုဖို့အတွက် စိုစွတ်ပြီး မှောင်တဲ့နေရာတွေကို ရွေးချယ်လေ့ရှိကြပါတယ်။ အိမ်မှာဆိုရင် ဘယ်လိုနေရာတွေဖြစ်မလဲဆိုတာ စဥ်းစားကြည့်ရအောင်။

ရေပုံး၊ ရေအိုး၊ ရေလှောင်ကန်များ

အိမ်အတွက် သောက်ရေ၊ သုံးရေတွေ ထားတဲ့ အိုးတွေ၊ ပုံးတွေ၊ ကန်တွေဟာ ဖုံးအုပ်မထားဘူးဆိုရင် ခြင်တွေပေါက်ဖွားဖို့အတွက် နေရာကောင်းတစ်ခုဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီနေရာတွေမှာ အဖုံးအကာရှိနေဖို့ လိုအပ်ပါတယ်။

ပန်းအိုးများ

အထူးသဖြင့် မြန်မာလူမျိုးတွေမှာ ဘုရားပန်းအိုးထိုးတဲ့ အလေ့အထရှိတဲ့အတွက် ဒီလို ပန်းအိုးတွေကလည်း ခြင်တွေပေါက်ဖွားဖို့အတွက် အခွင့်ကောင်းတစ်ခုပါပဲ။ ဒါ့အပြင် အပြင်က ပန်းအိုးတွေအောက်မှာလည်း ရေဝပ်တတ်တဲ့အတွက် အဲဒီမှာလည်း ခြင်တွေပေါက်ဖွားနိုင်ပါတယ်။ ဘုရားပန်းအိုးတွေကိုတော့ အနည်းဆုံး နှစ်ရက်၊ သုံးရက်တစ်ခါလောက် ရေလဲပေးဖို့ မမေ့ပါနဲ့။ အပြင်က ပန်းအိုးတွေကိုတော့ ရေမဝပ်နိုင်အောင် နေရာ၊ အနေအထားသေချာ ပြုပြင်ထားသင့်ပါတယ်။

ရေယိုမှုကြောင့် ဖြစ်တဲ့ ရေအိုင်ငယ်များ

အဲကွန်းရဲ့ ရေထွက်တဲ့ပိုက်ကြောင့် ဒါမှမဟုတ် ရေပိုက်တွေကနေ ရေယိုတာကြောင့် ရေအိုင်လေးတွေဖြစ်နေတတ်ပါတယ်။ လူအများစုကတော့ အင်မတန်သေးငယ်တဲ့ ရေအိုင်လေးတွေဆိုပြီး ဂရုမစိုက်တတ်ကြပေမဲ့ အရှေ့မှာပြောခဲ့သလိုပါပဲ၊ ခြင်တွေရဲ့ ပေါက်ဖွားနိုင်စွမ်းက ဒီလိုရေအိုင်ငယ်လေးတွေမှာတောင် ရှိနေတတ်ပါတယ်။ ဒါကြောင့် ဒီနေရာတွေကိုလည်း ကြိုတင်ပြုပြင်ထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ ရေခဲသေတ္တာအောက်မှာ ရေခွက်ခံထားတတ်တယ်ဆိုရင် အဲဒီနေရာကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့။

အမှိုက်များ

အမှိုက်တွေဆိုတာကတော့ အင်မတန်ကျယ်ပြန့်ပြီး များပြားတဲ့ ပစ္စည်းတွေပါဝင်တဲ့အတွက် ခြင်‌ပေါက်ဖွားမှုကို သွယ်ဝိုက်ပြီး အားပေးသလို ဖြစ်နေတတ်ပါတယ်။ ဥပမာ တာယာအဟောင်းတွေ၊ ဘူးခွံအဟောင်းတွေ၊ ရေဝပ်နိုင်တဲ့ အမှိုက်ကန်တွေ စသဖြင့် ဒီနေရာတွေဟာ ခြင်ပေါက်ဖွားဖို့ နေရာကောင်းတွေပါပဲ။ ဒါကြောင့် အမှိုက်တွေကို စနစ်တကျပစ်ဖို့လိုပြီး ရေမဝပ်အောင် ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။

ရေဝပ်နိုင်သော ရေမြောင်း၊ ရေအိုင်၊ သစ်ပင်များ

ပိတ်ဆို့နေတဲ့ ရေမြောင်းတွေ၊ ရေဝပ်နေတဲ့ ရေအိုင်တွေကတော့ အကြီးမားဆုံး အန္တရာယ်တွေပါပဲ။ တခါတလေမှာတော့ သစ်ပင်တွေအောက် ဒါမှမဟုတ် သစ်ပင်ရဲ့ အခေါင်းပေါက်တွေထဲမှာလည်း ရေဝပ်နေတတ်ပါတယ်။ ဒါကြောင့် မိုးမကျခင် ရေမြောင်းတွေကို ရေစီးရေလာကောင်းအောင် ပြုပြင်တာ၊ ရေဝပ်နိုင်တဲ့ မြေနေရာတွေကို မြေဖို့တာ၊ သစ်ပင်သစ်ကိုင်းတွေကို ပြုပြင်တာတွေ လုပ်ထားသင့်ပါတယ်။

အဝတ်ဗီရို၊ အဝတ်ပုံများ

အဝတ်ဗီရိုတွေ ဒါမှမဟုတ် အဝတ်တွေ ပုံထားတဲ့နေရာတွေကတော့ ခြင်တွေ ပေါက်ဖွားနိုင်တာမဟုတ်ပေမဲ့ ခြင်တွေ ခိုအောင်းနေဖို့ အကောင်းဆုံးနေရာတွေဖြစ်ပါတယ်။ ဒါကြောင့် အဝတ်တွေကို အပြင်မှာ ပုံထားတာမျိုး မလုပ်ဘဲ ပုံမှန်လျှော်ဖွပ်သိမ်းဆည်းပြီး အဝတ်ဗီရိုတွေကိုတော့ သေချာပိတ်ထားသင့်ပါတယ်။ လိုအပ်မယ်ဆိုရင် ဆေးဖြန်းတာမျိုး ပုံမှန်လုပ်ပါ။

ဒါကတော့ ကိုယ့်ရဲ့ အိမ်တွင်းအိမ်ပြင်ကို ခြင်တွေ ပေါက်ဖွားခိုအောင်းတာတွေ မရှိအောင် ကြိုတင်ပြင်ဆင်ဖို့အတွက်ဖြစ်ပါတယ်။ အိမ်ရဲ့ဝန်းကျင်တစ်ဝိုက်မှာရှိတဲ့ ရေမြောင်း၊ ရေကန်တွေ၊ ချုံနွယ်ပိတ်ပေါင်းတွေကို ရှင်းလင်းဖို့အတွက်တော့ အိမ်နီးနားချင်းတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး ကြိုတင်လုပ်ဆောင်ထားသင့်ပါတယ်။ ဒါတွေ ကြိုတင်ပြင်ဆင်ထားမှသာ ခြင်အန္တရာယ်ကင်းစင်ပြီး ကျန်းမာပျော်ရွှင်နိုင်တဲ့ မိုးရာသီလေးကို အေးအေးချမ်းချမ်းဖြတ်သန်းနိုင်ကြမှာဖြစ်ပါတယ်‌နော်။


Share

Comments

Related Posts