ရာသီ‌အေးအေး ဟင်းနွေးနွေး

Posted in အစားအစာ


အပြင်မှာ မိုးစက်လေးတွေ တဖွဲဖွဲကျပြီး ရာသီဥတုက အေးအေးလေးဖြစ်နေတဲ့အချိန်မျိုးမှာ ထမင်းဟင်းပူပူနွေးနွေးလေးဖြစ်ဖြစ်၊ ဟင်းရည်ပူပူ၊ ခေါက်ဆွဲပြုတ်ပူပူလေးပဲဖြစ်ဖြစ် စားလိုက်သောက်လိုက်ရတဲ့ အရသာဟာ လောကစည်းစိမ်တစ်ခုပါပဲ။ တကယ်တော့ ဒီလို ရာသီအေးအေးနဲ့ ဟင်းနွေးနွေးရဲ့ လိုက်ဖက်မှုဟာ အရသာတစ်ခုတည်းတင်မဟုတ်ပါဘူး။ ကျန်းမာရေးအရလည်း ခန္ဓာကိုယ်အတွက် ရာသီနဲ့လိုက်ဖက်တဲ့ ကောင်းကျိုးတွေကို ပေးစွမ်းနိုင်ပါတယ်။

ခန္ဓာကိုယ်အပူချိန်ထိန်းညှိ‌ပေးခြင်း

မိုးရာသီမှာဆိုရင် ပြင်ပအပူချိန်က အေးမြစွတ်စိုတဲ့အတွက် ခန္ဓာကိုယ် အပူချိန်လည်း လျော့ကျလာလေ့ရှိပါတယ်။ အဲဒီအချိန်မှာ Peripheral Vasoconstriction လို့ခေါ်တဲ့ အရေပြားတွေ၊ ခြေဖဝါး၊ လက်ဖဝါးတွေက သွေးကြောတွေ ကျဉ်းမြောင်းသွားပြီး အပူချိန်လျော့သွားတဲ့ ဖြစ်စဉ်မျိုး ဖြစ်တတ်ပါတယ်။ ဒါက ခန္ဓာကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး ခြေတွေလက်တွေနဲ့ ခန္ဓာကိုယ်ပြင်ပကိုတော့ အေးလာစေတဲ့အတွက် ခြေလက်ထုံကျဉ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအခါမျိုးမှာ ပူနွေးတဲ့ အစားအသောက်တွေက ခန္ဓာကိုယ်အတွက် လုံလောက်တဲ့အပူချိန်ကို ထိန်းညှိဖို့ ကူညီပေးနိုင်ပြီး သွေးကြောတွေကို ပုံမှန်အတိုင်းလည်ပတ်စေတဲ့အတွက် သက်သောင့်သက်သာဖြစ်စေပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ကိုယ်ခံအားဆဲလ်တွေကိုလည်း မြန်မြန်နဲ့များများ ပို့ဆောင်ပေးနိုင်ပါတယ်။

အစာချေစနစ်ကို ကူညီပေးခြင်း

မိုးရာသီလို အေးမြစွတ်စိုတဲ့ကာလတွေမှာ “ဝမ်းမီး” လို့ တင်စားပြောလေ့ရှိကြတဲ့ အစာချေစနစ်ဟာလည်း ပုံမှန်ထက် အေးနေတတ်ပါတယ်။ အဲဒါကြောင့် အစာချေဖျက်မှုက သာမန်ထက် ကြာရှည်နှေးကွေးတတ်ပြီး လူကိုလည်း လေးလံစေပါတယ်။ ဒီနေရာမှာ ပူပူနွေး‌နွေး အစားအသောက်တွေကို စားလိုက်မယ်ဆိုရင် အစာချေစနစ်ကို ပိုမိုကောင်းမွန်လာစေမှာဖြစ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း မြန်မြန်ဆန်ဆန်ရရှိစေပါတယ်။ ဒါ့အပြင် စွပ်ပြုတ်လိုမျိုး ပူပူနွေးနွေးချက်ပြုတ်ထားတဲ့ အစားအသောက်တွေဟာ စုပ်ယူရလွယ်တဲ့ သတ္တုဓာတ်တွေ၊ အာဟာရဓာတ်တွေလည်း ပိုမိုပါဝင်လေ့ရှိပါတယ်။

အသက်ရှူလမ်းကြောင်းကို ကာကွယ်ပေးခြင်း

လေထဲကနေ ပြန့်ပွားတဲ့ ဓာတ်မတည့်ဖြစ်စေတဲ့အရာတွေ၊ ရောဂါပိုးမွှားတွေဟာ မိုးရာသီမှာ ပိုပြီးများပြားလေ့ရှိပါတယ်။ ဒါကြောင့်လည်း မိုးရာသီမှာ တုပ်ကွေးမိတာ၊ ဖျားနာတာစတဲ့ ပြဿနာတွေက ပိုပြီးဖြစ်လေ့ရှိတာပါ။ ဒါတွေကို ကာကွယ်ဖို့အတွက်ဆိုရင် အသက်ရှူလမ်းကြောင်းက ကောင်းမွန်နေဖို့ အရေးကြီးပါတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ပူပူနွေးနွေးအစားအသောက်တွေက အသက်ရှူလမ်းကြောင်းကို ပွင့်သွားစေနိုင်သလို ခန္ဓာကိုယ်ရဲ့ သဘာဝ အသက်ရှူလမ်းကြောင်းကာကွယ်‌ရေးစနစ်ဖြစ်တဲ့ နှာရည်စနစ်ကိုလည်း ပိုပြီး အလုပ်လုပ်စေပါတယ်။

ဒီလို ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေတင် မကပါဘူး။ အရှေ့မှာပြောခဲ့သလိုပဲ မိုးရွာနေတဲ့အချိန် ပူပူနွေးနွေးအစားအသောက်တွေကို စားလိုက်ရတဲ့ ခံစားချက်က စိတ်ကိုလည်း နွေးထွေးသွားစေပါတယ်။ ဒါ့အပြင် အာရုံစူးစိုက်မှု ကောင်းမွန်စေတာ၊ စိတ်ကို တည်ငြိမ်စေတာ၊ ကောင်းကောင်းအိပ်ပျော်စေတာ စတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

မိုးရာသီဟင်းလျာများအတွက် အကြံပြုချက်

ထပ်ဆောင်းအနေနဲ့ မိုးရာသီမှာ လိုက်ဖက်တဲ့ ပူပူနွေးနွေးအရသာလေးအပြင် ကျန်းမာရေးကောင်းကျိုးတွေပါ ရရှိစေမယ့် ပါဝင်ပစ္စည်းလေးတွေကို ဟင်းချက်ရာမှာ ထည့်သုံးနိုင်ဖို့အတွက် အကြံပြုလိုက်ရပါတယ်။

  • ဂျင်း၊ ငရုပ်ကောင်း - သွေးလည်ပတ်မှု ကောင်းမွန်စေ
  • အမြစ်ဟင်းသီးဟင်းရွက်များ (ဥပမာ - မုန်လာဥနီ) - အစာချေစနစ် ကောင်းမွန်စေ
  • အဆီနည်းသော ပရိုတင်းများ (ဥပမာ - ကြက်သား၊ ပဲအမျိုးမျိုး) - ကိုယ်ခံအား ကောင်းမွန်စေ

Share

Comments

Related Posts