
မိုးရာသီရောက်လာပြီဆိုတော့ နွေမှာလောက် အပူချိန်မပြင်းထန်တော့ဘဲ အနည်းငယ် အေးမြလာပြီဆိုပေမဲ့လည်း ရာသီအကူးအပြောင်းမှာတော့ ကလေးလူကြီးမရွေး ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာလေးတွေတော့ ဂရုပြုထားသင့်တာပါ။ အထူးသဖြင့် ကလေးငယ်လေးတွေမှာ မိုးတွင်းရဲ့ စိုထိုင်းဆမြင့်မားမှုကြောင့် သူတို့လေးတွေရဲ့ နူးညံ့တဲ့ အသားရည်ကို ထိခိုက်စေနိုင်တဲ့အပြင် အရေပြားယားယံတာ၊ မှိုပိုးဝင်တာ စတဲ့ ပြဿနာတွေ အဖြစ်များစေနိုင်ပါတယ်။ ဒီလိုဖြစ်ပြီဆို နောက်ဆက်တွဲပြဿနာတွေနဲ့ ကလေးငယ်ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာကြောင့် အချိန်မီ ကာကွယ်ကုသပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အခုဆောင်းပါးလေးမှာတော့ စိုထိုင်းဆများတဲ့ မိုးတွင်းကာလမှာ သားသားမီးမီးတို့ရဲ့ နူးညံ့ကျန်းမာတဲ့ အသားရည်လေးတွေအတွက် ဆောင်ရန်၊ ရှောင်ရန်လေးတွေ တချို့ကို ပြောပြပေးသွားမှာဖြစ်လို့ အဆုံးထိဖတ်ကြည့်လိုက်နော် ဖေဖေမေမေတို့ရေ …

အဖြစ်များတတ်တဲ့ မိုးတွင်းရဲ့ အရည်ပြားပြဿနာလေးတွေ
ပုံမှန်ထက် များနေတတ်တဲ့ မိုးရာသီရဲ့ စိုထိုင်းဆက အထူးသဖြင့် အဝတ်အစားတွေမှာ ကိန်းအောင်းနေတတ်ပါတယ်။ ဒီအဝတ်အစားတွေကြောင့် ကလေးတွေရဲ့ အသားရည်မှာ လေဝင်လေထွက် မကောင်းစေဘဲ အစိုဓာတ်တွေ ပိတ်မိကာ တဖြည်းဖြည်းနဲ့ ယားယံတာ၊ အနီကွက်လေးတွေဖြစ်တာ၊ မှိုစွဲတာတွေ၊ ပိုးမွှား ပေါက်ပွားတာတွေ ဖြစ်စေတတ်တာပါ။ နောက်ထပ်အကြောင်းရင်းတွေကတော့
အနှီးတွေ စိုစွတ်နေတာ - ဆီးနဲ့ အညစ်အကြေးတွေ ရှိနေတဲ့ အနှီးနဲ့ Diapers တွေကို အချိန်ကြာကြာ ဝတ်ဆင်ထားမိတာက ကလေးအသားရည်ရဲ့ pH level ကို ပြောင်းလဲစေပြီး မှိုနဲ့ ပိုးမွှား ပေါက်ပွားမှုကို အားပေးစေပါတယ်။
မသင့်လျော်တဲ့ အဝတ်အစားတွေ ဝတ်ဆင်မိတာ - လေဝင်လေထွက် မကောင်းတဲ့၊ အရည်အသွေးမကောင်းတဲ့ အဝတ်အစားထူထူတွေက အထဲမှာ အပူဓာတ်တွေ အောင်းနေစေပြီး အပူဖုတွေ ဖြစ်ပေါ်တတ်ပါတယ်။ နောက်ပြီး မိုးတွင်းကြောင့် အဝတ်အစားတွေ အခြောက်နှေးစေတဲ့အတွက် သေချာရေမခြောက်တဲ့ အဝတ်တွေ၊ အနှီးတွေ ဝတ်ဆင်မိရင်လည်း အရည်ပြားပြဿနာတွေ အဖြစ်များတတ်ပါတယ်။
ပြင်းထန်တဲ့ ဆပ်ပြာရည်/ အမှုန့်တွေ သုံးစွဲတာ - နူးညံ့တဲ့ အသားရည်လေးတွေရဲ့ သဘာဝအစိုဓာတ်ကို ကုန်ခမ်းစေနိုင်တဲ့ ဆပ်ပြာအမျိုးအစားတွေက ကလေးအသားရည်ကို ဓာတ်မတည့်တာတွေ ဖြစ်စေတဲ့အပြင် အသားရည်ခြောက်တာ၊ ယားယံတာတို့ ဖြစ်စေပြီး အရေပြားကို ပိုမိုထိခိုက်စေပါတယ်။

ဒီလိုအရည်ပြားပြဿနာတွေကို ဘယ်လို သက်သာအောင် လုပ်ကြမလဲ
နုနယ်တဲ့ ကလေးငယ်တွေမှာ အရည်ပြားယားယံတာ၊ အနီကွက်လေးတွေ ဖြစ်ချင်နေပြီဆို
အခြောက်ခံပေးပါ - ကလေးကို အနှီးလဲပြီးတဲ့အချိန် သို့ ရေချိုးပြီးတဲ့အချိန်တိုင်း အစိုဓာတ်ကိန်းအောင်းနေနိုင်တဲ့ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံကြားလေးတွေကို ခြောက်သွေ့အောင် ပုတ်ပြီး သုတ်ပေးပါ။ အတင်းအကြပ် ရေခြောက်အောင် ပွတ်တိုက်တာမျိုးကိုတော့ ရှောင်ကြဉ်ပါ။
လေဝင်လေထွက်ကောင်းအောင် လုပ်ပါ - တစ်နေ့တာလုံး အနှီးနဲ့မစည်းဘဲ ကလေးအသားရည်လေး လေဝင်လေထွက်ကောင်းအောင် အချိန်ပေးပြီး ခဏထားပေးပါ။ ချည်ထည် အဝတ်အစားလေးတွေကို ဦးစားပေး ဝတ်ဆင်စေပါ။
လက်သည်း ညှပ်ပေးပါ - ကလေးတွေ ယားယံတဲ့အခါ ကုတ်မိတတ်ပြီး အရေပြား ပွန်းပဲ့ကာ ယားယံတာတွေ ပိုဆိုးမသွားစေဖို့ လက်သည်း တိုတို ညှပ်ပေးထားပါ။
အေးမြအောင် လုပ်ပေးပါ - သန့်ရှင်းတဲ့ ရေအေးအေးလေးထဲမှာ စိမ်ထားတဲ့ ပဝါကို ကလေးရဲ့ ယားယံတဲ့ နေရာတွေမှာ အသာအယာ ကပ်ပေးတာကလည်း သက်သာစေမဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် ကလေးရဲ့ အနီကွက်တွေ၊ အစက်အပြောက်လေးတွေ မသက်သာဘဲ ရက်ရှည်လာမယ်ဆို ကလေးအထူးကုဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပြသဖို့ အရေးကြီးပါတယ်။
ကလေးငယ်တွေမှာ အသားရည်ပြဿနာတွေ ကြုံရတဲ့အခါ အုပ်ထိန်းသူတွေအနေနဲ့ စိတ်ပူတတ်ကြပေမဲ့ ဒီလို မိုးတွင်းကာလမှာတော့ ဒါတွေဟာ အဖြစ်များတတ်တဲ့ အရေပြားပြဿနာတွေပါပဲ။ အပေါ်မှာ ပြောပြသွားတဲ့ နည်းလမ်းတွေနဲ့အတူ မှန်ကန်တဲ့ ကုသ၊ကာကွယ်မှုတွေသာ အမြဲရှိမယ်ဆို အခုလို မိုးရာသီကာလအပြင် ရာသီမရွေး ကိုယ့်ကလေးငယ်ကို အကောင်းဆုံး စောင့်ရှောက်ပေးနိုင်မှာ ဖြစ်ပါတယ်။
Comments