
ကိုယ်က အိမ်မှာ တစ်ခုခုစားတော့မယ်ဆို အနားရောက်ရောက်လာပြီး မျက်လုံးဝိုင်းလေးတွေနဲ အစာတောင်းတတ်တဲ့ ပါပီလေးတွေ၊ ပူစီလေးတွေ ရှိတတ်ကြတယ်မလား။ ဒီအခါ ကိုယ်စားနေတဲ့အထဲက နည်းနည်းဖဲ့ကျွေးတာမျိုး လုပ်တတ်ကြပေမဲ့ ကိုယ်စားတဲ့အစားအစာနဲ့ သူတို့လေးတွေ တည့်မတည့် တစ်ခါတစ်လေ စဥ်းစားရခက်တတ်တာပါ။ တိလေးတို့နဲ့ မတည့်တဲ့ အစားအစာတွေက သူတို့အတွက် အဆိပ်အတောက်ဖြစ်စေနိုင်ပြီး တစ်ချို့အစားအစာတွေကတော့ ကိုယ့်မီးဖိုချောင်မှာပဲ အလွယ်တကူရရှိနိုင်တဲ့အပြင် ဘေးကင်းပြီး အာဟာရဖြစ်တဲ့ အစားအစာတွေလည်း ရှိတာကြောင့် ချင့်ချိန်ကျွေးတတ်ဖို့ လိုပါတယ်။ ဒါကြောင့် တိလေးတို့ အာဟာရဖြစ်ဖြစ်နဲ့ ဝေမျှစားလို့ရမဲ့ အစားအစာတစ်ချို့အကြောင်းကို ဒီဆောင်းပါးလေးကတစ်ဆင့် မျှဝေသွားမယ်နော်။

တိလေးနဲ့ ဝေမျှစားနိုင်တဲ့ အစားအစားတွေ
ကိုယ်တွေ စားတဲ့ အစားအစာတော်တော်များများကို တိလေးတို့နဲ့ တူတူစားနိုင်ပေမဲ့ သဘာဝအရသာရှိပြီး အရွယ်အစားသေးငယ်တဲ့ အစားအစာမျိုးတွေက သူတို့လေးတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။
ဖရုံသီးပြုတ် - တိလေးတို့ရဲ့ အစာခြေစနစ်အတွက် အထူးကောင်းမွန်တဲ့ ဖရုံသီးက အမျှင်ဓာတ်လည်း ကြွယ်ဝတာမလို့ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေပါတယ်။ ဒါပေမဲ့ သကြားအချိုဓာတ်တွေမပါတဲ့ ဖရုံသီးပြုတ် သက်သက် ဖြစ်ဖို့တော့ လိုပါမယ်။
ဘလူးဘယ်ရီသီး - အားလုံးသိကြတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ ဘလူးဘယ်ရီသီးကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် သေချာပေါက် တိလေးနဲ့တူတူ စားပေးသင့်တဲ့ အသီးတစ်မျိုးပါပဲ။
အသားပြုတ်အမျိုးမျိုး - ကြက်သား သို့ အမဲသား စတဲ့ ပရိုတင်းဓာတ်အပြည့်အဝ ရစေတဲ့ အသားတွေကို ကြက်သွန်နီအနှစ်တွေ၊ ဆားတွေ၊ အဆီတွေ မပါဘဲ ပြုတ်ပြီး ကျွေးနိုင်ပါသေးတယ်။
မုန်လာဥနီ - တဂျွတ်ဂျွတ်နဲ့ ကိုက်ဝါးရတဲ့ မုန်လာဥနီကလည်း တိလေးတို့အတွက် သွားကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ကယ်လိုရီနည်းပြီး ဗီတာမင် အေ ကြွယ်ဝပါတယ်။
ဒိန်ချဉ် - အူလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ Probiotics တွေပါတဲ့ ဒိန်ချဥ်ကလည်း တိလေးတို့အတွက် ကောင်းမွန်တဲ့ အစားအစာပါပဲ။ ဒါပေမဲ့ ဓာတ်မတည့်တာတွေတော့ မဖြစ်ရအောင် သကြားမပါတဲ့ ဂရိဒိန်ချဉ် ကျွေးတာ အကောင်းဆုံးပါ။

ဒီလိုမျှဝေစားတဲ့ အကျိုးကျေးဇူးတွေအနေနဲ့
အာဟာရဓာတ် ပိုမိုရရှိစေတယ် - သဘာဝအတိုင်းဖြစ်တဲ့ လတ်လတ်ဆတ်ဆတ်အစားအစာတွေက ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် တိလေးတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။
အစာခြေစနစ်ကို အားကောင်းစေတယ် - လူတွေစားတဲ့အတိုင်း အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ အစုံစားပေးတာက ရေဓာတ်နဲ့ အမျှင်ဓာတ် ကောင်းကောင်းရတာကြောင့် ဝမ်းမှန်စေပါတယ်။
သဘာဝ အစားအစာကို ပိုနှစ်သက်တတ်လာတယ် - တိလေးတို့ နေ့တိုင်းစားနေကျ အစာခြောက်တွေထက် ဒီလိုလတ်ဆတ်တဲ့ အစားအစာတွေကို တိပိုင်ရှင်တို့က ရောနှောကျွေးပေးမယ်ဆို သူတို့လေးတွေ စားချင်စိတ်ကို မြှင့်တင်ပေးနိုင်မှာပါ။
ဂရုပြုသင့်တာကတော့ တိလေးတို့ကို ကျွေးမဲ့အစားအစာတွေမှာ ကိုယ်တွေစားနေကျ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ဆီနှင့် တခြားဟင်းခတ်အမွှေးအကြိုင်တွေ မပါဝင်အောင် ဂရုစိုက်ပေးရမှာပါ။ ပြီးတော့ အလွန်အကျွံမကျွေးမိစေဘဲ ပမာဏကို ထိန်းညှိကာ အနည်းငယ်စီသာ ကျွေးတတ်ဖို့ လိုပါမယ်။ အစားအစာအသစ်တစ်ခု ပထမဆုံးအကြိမ် ကျွေးကြည့်တိုင်း သူတို့လေးတွေနဲ့ တည့်မတည့်ကို တစ်ရက်ခန့် စောင့်ကြည့်ဖို့ အကြံပြုရင်း ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဘေးကင်းစိတ်ချရတဲ့ အစားအစာလေးတွေ မျှဝေကျွေးမွေးကြရအောင်ပါ။
Comments