
အားလုံးကြားဖူးနေကျ မြန်မာစကားပုံလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ “ရယ်သောသူ အသက်ရှည်၏” ဆိုတာပါ။ အချိန်ကာလကြာရှည်စွာ တည်ရှိလာတဲ့ ဒီစကားပုံလေးရဲ့ နောက်ကွယ်မှာ ခေတ်သစ်သိပ္ပံပညာက အားပေးထောက်ခံနေတဲ့ အချက်အလက်တွေလည်း အများကြီးရှိလာပါပြီ။ အဲဒီအချက်အလက်တွေအရ ဘာကြောင့် ရယ်သောသူ အသက်ရှည်သလဲ၊ ဟာသတွေနဲ့ ရယ်မောခြင်းက စိတ်ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုနေလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားမှာပါ။
ကျယ်ပြန့်တဲ့ လေ့လာမှုတွေကို နှစ်ရှည်လုပ်ခဲ့ကြတဲ့ ရလဒ်တွေမှာ ရယ်မောခြင်းနဲ့ အသက်ရှည်ခြင်းရဲ့ ဆက်စပ်မှုတွေကို တွေ့ရှိခဲ့ကြပါတယ်။ နော်ဝေနိုင်ငံက လူပေါင်း ၅၃,၀၀၀ ကျော်နဲ့ ပြုလုပ်ခဲ့တဲ့ ၁၅ နှစ်တာ စမ်းသပ်လေ့လာမှုရဲ့ တွေ့ရှိချက်ကတော့ ဟာသဉာဏ်ရွှင်တဲ့သူတွေမှာ နှလုံးရောဂါနဲ့ ရောဂါပိုးကူးစက်တာကြောင့် သေဆုံးနိုင်ချေဟာ ၇၃ ရာခိုင်နှုန်းအထိလျော့ကျနိုင်တယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံက ပြုလုပ်ခဲ့တဲ့ Yamagata လေ့လာမှုမှာလည်း အနည်းဆုံးတစ်ပတ်ကို တစ်ကြိမ်ပဲ ရယ်မောတဲ့သူတွေကတောင် မရယ်မောတဲ့သူတွေထက် အသက်ပိုရှည်ကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာတွေ့ရှိချက်တွေရဲ့ နောက်ကွယ်မှာတော့ ဟာသ၊ ရယ်မောခြင်းနဲ့ စိတ်ကျန်းမာရေးရဲ့ ကြီးမားတဲ့ ဆက်စပ်မှုတွေရှိနေပါတယ်။ အဓိကအချက်ကတော့ စိတ်ဖိစီးမှုဟာ ရောဂါဖြစ်နိုင်ချေ၊ သေဆုံးနိုင်ချေတွေကို သိသိသာသာမြင့်မားစေပြီး ဟာသနဲ့ ရယ်မောခြင်းတွေက စိတ်ဖိစီးမှုတွေကို အကောင်းဆုံးလျှော့ချပေးနိုင်တဲ့ ဆေးတစ်လက်ဖြစ်နေတာကြောင့်ပါပဲ။
စိတ်ကို အနားပေးတဲ့ ခလုပ်
စိတ်ဖိစီးမှုတွေကို ခံစားရတဲ့အခါမှာ လူ့ခန္ဓာကိုယ်က Cortisol ဆိုတဲ့ ဟော်မုန်းကို ထုတ်လွှတ်ပါတယ်။ Cortisol မြင့်မားလာရင် သွေးကြောတွေ ထိခိုက်တာ၊ အိပ်မပျော်တာနဲ့ ကိုယ်ခံအားကျဆင်းတဲ့ သက်ရောက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ရယ်မောခြင်းကတော့ အဲဒီလို စိတ်ဖိစီးမှုဟော်မုန်းတွေကို ချက်ချင်းလျော့ကျစေပြီး Endorphins (နာကျင်မှုသက်သာစေတဲ့ ဟော်မုန်း) နဲ့ Dopamine (ပျော်ရွှင်မှုဟော်မုန်း) တွေကို ထုတ်လွှတ်ပေးပါတယ်။ အဲဒါက စိတ်နဲ့ ခန္ဓာကိုယ်ကို အနားရစေပြီး ပုံမှန်လည်ပတ်စေပါတယ်။
နှလုံးကျန်းမာရေး
စိတ်ဖိစီးမှုတွေဟာ သွေးကြောတွေကို ကျဉ်းမြောင်းစေပြီး သွေးတွင်းဖိအားကို တိုးလာစေတဲ့အတွက် နှလုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။ မယ်ရီလန်းတက္ကသိုလ်ရဲ့ ဆေးပညာစင်တာက ပြုလုပ်ခဲ့တဲ့ သုတေသနမှာတော့ ဟာသကားတွေကြည့်ပြီး ရယ်မောတဲ့အခါမှာ သွေးကြောတွေကို ပြေလျော့စေပြီး ကျယ်ဝန်းလာစေတယ်လို့ တွေ့ရှိထားပါတယ်။ အပြန်အလှန်အားဖြင့်လည်း ဒါဟာ ဦးနှောက်ကို အောက်ဆီဂျင်ရောက်ရှိမှု ပိုကောင်းစေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို ကောင်းမွန်စေပြီး မှန်မှန်ကန်ကန်ဖြစ်စေပါတယ်။
Allostatic Load သက်ရောက်မှု
Allostatic Load ဆိုတာကတော့ ပြင်းထန်တဲ့စိတ်ဖိစီးမှုတွေကြောင့် ခန္ဓာကိုယ် တဖြည်းဖြည်း ပျက်စီးယိုယွင်းစေမှုကို ဖော်ပြတဲ့ ဆေးပညာအသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။ Allostatic Load မြင့်မားလာတာနဲ့အမျှ ခန္ဓာကိုယ်ဟာ လျှင်လျှင်မြန်မြန် အိုမင်းရင့်ရော်လာပြီး အသက်အရွယ်အလိုက် ရောဂါတွေကို ခံနိုင်ရည်လျော့ကျစေပါတယ်။ တစ်နည်းပြောရမယ်ဆိုရင်တော့ ဒါက အသက်တိုစေတာပါပဲ။ ရယ်မောခြင်းကတော့ စိတ်ဖိစီးမှုတွေကို လျော့ကျစေသလို Allostatic Load တွေကိုလည်း ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ရယ်သောသူ အသက်ရှည်၏ ဆိုတဲ့စကားက ဒီမှာ တိုက်ရိုက်ပေါ်လွင်လာပါတယ်။
သတိပြုရမှာကတော့ ဒီလိုမျိုး ကောင်းကျိုးတွေပေးနိုင်တဲ့ ရယ်မောခြင်းဆိုတာက ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ရယ်မောခြင်းတွေကပဲ အကျုံးဝင်တာဖြစ်ပါတယ်။ ဟာသတွေမှာလည်း ဘယ်သူ့ကိုမှ မထိခိုက်တဲ့ ဟာသတွေကပဲ ဒီလိုသက်ရောက်မှုတွေရှိတာဖြစ်ပါတယ်နော်။ ဒါဆိုရင်တော့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အသက်ရှည်ရှည်နေရဖို့ အတူတူရယ်မောလိုက်ကြရအောင်လား။
Comments