ကလေးငယ်တွေကို တစ်ကိုယ်ရည်သန့်ရှင်းရေး ဒီလိုသင်ကြားပေးပါ

Posted in မိဘအုပ်ထိန်းခြင်း


ကလေးငယ်တွေရဲ့ ငယ်စဉ်အခါမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ကိုယ်တိုင်လုပ်တတ်ဖို့ သင်ကြားပေးတာဟာ သူတို့ရဲ့ တစ်ဘဝတာအတွက် ကျန်းမာရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ဖို့အတွက် သင်ပေးရာရောက်ပါတယ်။ အဲဒီလိုသင်ပေးတဲ့နေရာမှာလည်း ကလေးငယ်တွေအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်မနေစေဘဲ ထမင်းစားရေသောက်သလို အကျင့်ကောင်းတစ်ခု ဖြစ်သွားစေဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ကလေးငယ်တွေကို သင်ကြားပေးကြမလဲဆိုတာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

လက်ဆေးတတ်အောင် ဘယ်လိုသင်ကြားပေးမလဲ

ပထမဆုံးအနေနဲ့ လက်တွေက အသုံးအများဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်ပြီး မသန့်ရှင်းတဲ့လက်တွေဟာ ပိုးမွှားတွေ ကူးစက်ပျံ့နှံ့ဖို့ အခွင့်အလမ်းအများဆုံးဖြစ်တဲ့အတွက် နေမကောင်းဖြစ်တတ်ကြောင်း ပြောပြပေးပါ။ ပြီးရင်တော့ အစာမစားခင်၊ အစာစားပြီး၊ အပြင်မှာ ဆော့ကစားပြီးချိန်၊ အိမ်သာသွားပြီးတဲ့အချိန်တွေနဲ့ နှာချေချောင်းဆိုးပြီးတဲ့ အချိန်မျိုးတွေမှာ လက်ကို သေချာဆေးသင့်ကြောင်း ပြောပြရပါမယ်။ တစ်ခါတည်း လက်ဆေးတတ်တဲ့အကျင့်ကိုလည်း အတူတူလုပ်ဆောင်ပေးပါ။ လက်ဆေးဖို့ သတ်မှတ်ထားတဲ့ စံကြာချိန်ဖြစ်တဲ့ စက္ကန့် ၂၀ ကို ပေါ့‌ပေါ့ပါးပါးနဲ့ စွဲစွဲမြဲမြဲဖြစ်အောင် ကလေးငယ်တွေ ကြိုက်တတ်တဲ့ သီချင်းလေးတွေဆိုရင်း သင်ကြားပေးနိုင်ပါတယ်။ အပေါ်ယံမဟုတ်ဘဲ လက်သည်းကြားတွေနဲ့ လက်ကြားတွေအထိ သေချာပွတ်တိုက်ဆေးကြောဖို့ကိုလည်း သင်ပေးဖို့ မမေ့ပါနဲ့နော်။

သွားနဲ့ ခံတွင်း သန့်ရှင်းရေးအတွက် ဘယ်လိုသင်ကြားပေးမလဲ

သွားနဲ့ ခံတွင်း သန့်ရှင်းဖို့ကလည်း အရေးကြီးကြောင်း၊ သွားပိုးစားတာတွေ၊ သွားကိုက်သွားနာဖြစ်တာတွေက မကောင်းကြောင်း ရှင်းပြပါ။ ပြီးရင် တစ်ရက်ကို နှစ်ကြိမ် သွားတိုက်တတ်ဖို့ သင်ကြားပေးတဲ့နေရာမှာ မိဘတွေလည်း တစ်ခါတည်း အတူတူလိုက်ပြီးတော့ လုပ်ပြသင့်ပါတယ်။ ဒါ့အပြင် သွားတိုက်တံတွေကိုလည်း အနည်းဆုံး သုံးလတစ်ခါ လဲပေးသင့်ကြောင်းပြောပြပြီး သားသားမီးမီးတွေ ကြိုက်တတ်တဲ့ သွားတိုက်တံလှလှလေးတွေကို သုံးလတစ်ခါ လဲပေးပါ။ ဒါဆိုရင် တစ်ခါတည်း အကျင့်လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

ခြေသည်း၊ လက်သည်းသန့်ရှင်းရေးအတွက် ဘယ်လိုသင်ကြားပေးမလဲ

ခြေသည်း၊ လက်သည်းတွေဟာ ဘက်တီးရီးယားတွေ ခိုအောင်းနိုင်တဲ့ နေရာဖြစ်ကြောင်း ကလေးငယ်တွေကို ပြောပြပေးပါ။ ငယ်ရွယ်စဉ်မှာတော့ ကိုယ်တိုင်ညှပ်ဖို့ မဖြစ်နိုင်သေးပေမဲ့ ဘယ်လိုညှပ်ရတယ်ဆိုတာကိုတော့ မိဘတွေက လုပ်ပြသင့်ပါတယ်။ နောက်ပြီး လက်သည်းကိုက်တတ်တဲ့အကျင့် မရှိလာဖို့ သတိပြုတားမြစ်ရမှာဖြစ်ပြီး အစာစားတဲ့အခါ လက်သည်းတွေအထိ သန့်ရှင်းနေအောင်လည်း ဂရုပြုသင်ကြားပေးသင့်ပါတယ်။

အဝတ်အစားသန့်ရှင်းရေးအတွက် ဘယ်လိုသင်ကြားပေးမလဲ

တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုတာ ခန္ဓာကိုယ်တင်မဟုတ်ဘဲ ကိုယ်ဝတ်တဲ့ အဝတ်အစားတွေလည်း ပါဝင်ပါတယ်။ ကလေးငယ်တွေကို ဝတ်ပြီးသား အဝတ်အစားတွေနဲ့ လျှော်ပြီးသား အဝတ်အစားတွေကို ခွဲခြားထားတတ်ဖို့ သင်ပေးပါ။ အတွင်းခံအဝတ်အစားတွေ၊ ခြေအိတ်တွေဆိုရင် တစ်ရက်ထက်ပိုပြီး မဝတ်ဖို့လည်း ပြောပြထားရပါမယ်။

Tip: အရေးကြီးဆုံးအချက်ကတော့ မိဘတွေက ရှေ့ကနေ ဦးဆောင်ပြီး စံပြအဖြစ် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကလေးငယ်တွေဟာ မိဘတွေရဲ့ အကျင့်တွေ တော်တော်များများကို ပုံတူကူးသွားတတ်တဲ့ သဘာဝကြောင့်ပါပဲ။


Share

Comments

Related Posts