
ပူပြင်းတဲ့ နေ့လယ်ခင်းတွေမှာ ရေခဲရေ တစ်ဝသောက်လိုက်ရတာဟာ ကိုယ်ရောစိတ်ပါ အေးမြလန်းဆန်းသွားတဲ့ ခံစားချက်ကို ကောင်းကောင်းသိကြမှာပါ။ ဒါပေမဲ့ အမှန်တကယ်မှာတော့ အခုလိုပူအိုက်တဲ့အချိန်မှာ ရင်ထဲအေးသွားစေတဲ့ ရေခဲရေက ကျန်းမာရေးအတွက် ကောင်းကျိုးတွေလည်း ရှိသလို ထင်မထားမိတတ်ကြတဲ့ ဆိုးကျိုးတွေပါ ဒွန်တွဲနေတတ်ပါတယ်။ လူကြီးသူမတွေ ပြောသလို ထမင်းစားရင်း ရေခဲရေမသောက်နဲ့၊ နေပူထဲက ပြန်လာရင် ရေခဲရေ မသောက်နဲ့ ဆိုတာတွေကရော အမှန်လား၊ ကြားဖူးနေကျ ရေခဲရေနဲ့ ပတ်သတ်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို အခုဆောင်းပါးမှာ အဖြေရှာကြည့်လိုက်ရအောင်။

ခန္ဓာကိုယ်အပေါ် ရေခဲရေရဲ့ ကောင်းကျိုး၊ ဆိုးကျိုး
ရေအသက် တစ်မနက် ဆိုသလို ရေဓာတ်ပြည့်နေဖို့ သတိရတိုင်း ရေသောက်ပေးဖို့ အရေးကြီးပေမဲ့ ရေဆိုတိုင်း ရေခဲရေချည်း သောက်နေလို့ မဖြစ်သေးတာပါ။ ရေခဲရေမှာ ကျန်းမာရေးဆိုးကျိုးအနေနဲ့
- သွေးကြောတွေ ကျုံ့သွားစေတယ် - ကိုယ်တွင်းကို ရုတ်တရက် အေးတဲ့ ရေနဲ့ အချိုရည်တွေ သောက်လိုက်တာက အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ သွေးကြောတွေကို ရုတ်တရက်ကျုံ့သွားစေပြီး စားထားတဲ့ အာဟာရတွေ စုပ်ယူတဲ့ လုပ်ငန်းစဥ်ကို နှေးကွေးစေပါတယ်။
- ဇီဝကမ္မဖြစ်စဥ် နှေးကွေးစေတယ် - ရေခဲရေသောက်ပြီးတဲ့အခါ ခန္ဓာကိုယ်အတွင်းပိုင်း အပူချိန်ကို ပြန်လည်ထိန်းညှိပေးဖို့ စွမ်းအင်တွေ ပိုသုံးရတာကြောင့် အစာခြေစနစ်ကိုပါ နှေးလာစေတာပါ။
- အဆီတွေကို ခဲသွားစေတယ် - အဆီပါတဲ့ အစားအစာတွေ စားရင်း ရေခဲရေ တွဲသောက်မိတဲ့အခါ ဗိုက်ထဲမှာ အစားအစာတွေရဲ့ အဆီတွေပါ ခဲသွားပြီး အစာခြေအင်ဇိုင်းတွေ အလုပ်လုပ်ဖို့ ခက်ခဲကာ လေပွတာ၊ ဗိုက်တင်းတာ၊ အစာမကြေတာတွေ ဖြစ်စေတတ်ပါတယ်။
- အာရုံကြောတွေ ထိခိုက်စေတယ် - အေးစက်တဲ့ ရေနဲ့ အချိုရည်တွေကို ခပ်မြန်မြန် သောက်မိတဲ့အခါ ခေါင်းတွေကျိန်းသွားတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီလိုအသောက်များလာတယ်ဆို ခေါင်းကိုက်တာ၊ လည်ချောင်းကြွက်သားတွေ တင်းပြီး လည်ချောင်းနာတာတွေပါ ဖြစ်တတ်ပါတယ်။
ဆိုးကျိုးတွေချည်း မဟုတ်ဘဲ တန်ဆေးလွန်ဘေးဆိုသလို သတိနဲ့ သောက်သုံးမယ်ဆို ကျန်းမာရေးကောင်းကျိုးတွေလည်း အနည်းငယ်ရှိလို့နေတာပါ။
- ကိုယ်တွင်းအပူချိန်ကို အမြန်ထိန်းညှိပေးတယ် - ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ၊ ပူပြင်းတဲ့ ရာသီဥတုတွေစတဲ့ အခြေအနေတွေမှာ ရေခဲရေ အနည်းငယ်သောက်လိုက်တာက ကိုယ်တွင်းအပူချိန်ကို အမြန်ဆုံးထိန်းညှိပေးပြီး ကိုယ်အပူချိန်လွန်ကဲတာတွေ ကာကွယ်ပေးပါတယ်။
- လေ့ကျင့်ခန်းတွေ ပိုကောင်းကောင်းလုပ်နိုင်တယ် - ရေအေးအေးကို လေ့ကျင့်ခန်းလုပ်တဲ့အချိန် အနည်းငယ်သောက်ပေးတာက ပင်ပန်းနွမ်းနယ်မှုကို လျော့ချပေးပြီး လေ့ကျင့်ခန်းကို အချိန်ပိုကြာကြာ လုပ်ဆောင်နိုင်စွမ်း မြှင့်တင်ပေးတယ်လို့ Healthline ရဲ့ ဆောင်းပါးထဲမှာ ဖတ်ရှုနိုင်တာပါ။

ဘယ်လို ချင့်ချိန် သောက်သင့်လဲ
ရေခဲရေက ခဏတာ အေးမြလန်းဆန်းမှုကို ပေးနိုင်တယ်ဆိုပေမဲ့ တတ်နိုင်သလောက်
ရိုးရိုးရေကိုသာ သောက်ပါ - ရေခဲသေတ္တာထဲက ရေခဲရေအစား အခန်းအပူချိန်မှာရှိတဲ့ သန့်သန့်ရှင်းရှင်းရေကိုပဲ ပုံမှန်သောက်ပေးတာက အစာအိမ်ကို ဝန်မပိစေဘဲ ခန္ဓာကိုယ်အတွက် ရေဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးမှာပါ။
ရေခဲရေကို သင့်လျော်တဲ့အချိန်မှသာ သောက်ပါ - ရေခဲရေ သို့မဟုတ် ရေခဲစိမ်ထားတဲ့ အအေးတွေကို အစာစားချိန်နဲ့ တွဲမသောက်ဘဲ လေ့ကျင့်ခန်းလုပ်ပြီးချိန်တွေနဲ့ နေပူထဲက ပြန်လာပြီး အိမ်တွင်းမှာ ကိုယ်အပူရှိန်ကျသွားမှသာ ဖြေးဖြေးချင်းနဲ့ အနည်းငယ် သောက်သုံးနိုင်ပါတယ်။
ရေခဲရေ အစားထိုးသောက်ပါ - အဆီအဆိမ့် စားပြီးချိန်မှာ ရေခဲရေအစား ပူပူနွေးနွေး ရေနွေးကြမ်း သို့ ဂျင်းပြုတ်ရည် သောက်ပေးတာက အစာကြေညက်မှုကို အားပေးစေပါတယ်။
အအေးမိ၊ ဖျားနာလွယ်သူတွေ၊ ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်တတ်သူတွေ၊ လုပ်ငန်းခွင်မှာ အမြဲ စကားပြောဆိုဆက်ဆံရသူတွေနဲ့ အသံနဲ့ အလုပ်လုပ်နေရသူတွေဆို ရေခဲရေကို တတ်နိုင်သလောက် ရှောင်တာ အကောင်းဆုံးပါပဲ။
ဒီလောက်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်တွေကို ထိန်းသိမ်းရင်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ရေခဲရေ သောက်သုံးမှုပုံစံတွေကို ဆင်ခြင်နိုင်ဖို့ ဒီဆောင်းပါးလေးက အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော်။
Comments