
ကမ္ဘာ့ရာသီဥတုကို အပြောင်းအလဲတွေ ပြင်းထန်စွာဖြစ်ပေါ်စေတဲ့ အယ်လ်နီညို (El Niño) ရာသီဥတုဟာ လူကြီး၊ လူငယ်မရွေးအတွက် နေ့စဥ်ဘဝတွေကို များစွာထိခိုက်လာနေပါတယ်။ ဒီလိုကာလမှာ ရာသီဥတုတွေ အရမ်းပူပြင်းခြောက်သွေ့တာတွေ ဒါမှမဟုတ် မိုးတွေသည်းသည်းမည်းမည်း ရွာပြီး ရေကြီးရေလျှံတာ စသဖြင့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေ ပြင်းထန်တာကြောင့် အချိန်တိုင်း စောင့်ကြည့်လေ့လာနေသင့်တာပါ။ ဒါဟာ လူကြီးတွေအတွက်တင် မဟုတ်ဘဲ နုနယ်တဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက်ပါ အရေးကြီးလာတာ ဖြစ်တဲ့အတွက် ဒီလို အယ်လ်နီညို (El Niño) ရာသီဥတုက ကလေးအပေါ် ဘယ်လိုသက်ရောက်နိုင်လဲနဲ့ ဘယ်လိုပြုစုစောင့်ရှောက်သင့်လဲဆိုတာ ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်လိုက်နော်။

အယ်လ်နီညို ရာသီဥတုဒဏ်ကို ကလေးငယ်တွေက ပိုခံစားရလွယ်ပါတယ်
ငယ်ရွယ်နုနယ်သေးတဲ့ ကလေးတွေက ခန္ဓာကိုယ်ဇီဝကမ္မဖွဲ့စည်းပုံအရ ရာသီဥတုဒဏ်ကို လူကြီးတွေလောက် ခံနိုင်ရည်မရှိသေးတာကြောင့် အပူဒဏ်ပိုခံစားရပါတယ်။ ဘာကြောင့်ဆို ကလေးတွေမှာ
ကိုယ်တွင်းအပူချိန် ထိန်းညှိနိုင်စွမ်း နည်းပါးတာ - ကလေးတွေက လူကြီးတွေထက် ကိုယ်တွင်းအပူချိန် မြင့်တက်လာတာကို ပိုမြန်မြန် ခံစားရပြီး အပူချိန်လွန်ကဲတာ (Heat exhaustion) နဲ့ ရေဓာတ်ခန်းခြောက်တာတွေ အလွယ်တကူ ဖြစ်စေတာပါ။
ရောဂါပိုးမွှား ကူးစက်ခံရလွယ်တာ - ရာသီဥတု ဖောက်ပြန်တာကြောင့် ခြင်ပေါက်ဖွားနှုန်း မြင့်တက်ပြီး ရေအရင်းအမြစ်တွေ ညစ်ညမ်းလာတာကလည်း သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောနဲ့ ကာလဝမ်းရောဂါလိုမျိုး ကူးစက်ရောဂါများကို ဖြစ်ပွားစေပြန်ပါတယ်။
အသက်ရှူလမ်းကြောင်း ထိခိုက်လွယ်တာ - အပူချိန်ကလည်း ပြင်းထန်ပြီး ခြောက်သွေ့နေတာကြောင့် လေထုအရည်အသွေး ကျဆင်းလာကာ ပန်းနာရင်ကြပ်ဖြစ်တာ၊ အဆုတ်အားနည်းတာနဲ့ ဓာတ်မတည့် ဖြစ်တတ်တဲ့ ကလေးငယ်တွေကို ပိုဒုက္ခပေးနိုင်ပါတယ်။

ဒီလိုနည်းလမ်းတွေနဲ့ ကလေးတွေကို ကာကွယ်စောင့်ရှောက်ပေးပါ
မိဘတွေအနေနဲ့ အယ်လ်နီညို ရာသီဥတုမှာ WHO ရဲ့ လမ်းညွှန်ချက်အတိုင်း အခုလို လုပ်ဆောင်ပေးသင့်ပါတယ်။
ရေဓာတ် အမြဲပြည့်ဝစေပါ - ကလေးတွေ ရေဆာသည်ဖြစ်စေ၊ မဆာသည်ဖြစ်စေ သန့်ရှင်းတဲ့ ရေ သို့ ဓာတ်ဆားရည်ကို တစ်နေ့တာအတွင်းမှာ မကြာခဏ တိုက်ကျွေးပေးပါ။
အပြင်ထွက်ချိန်ကို ထိန်းညှိပါ - နေအပူချိန် အပြင်းဆုံးအချိန်တွေမှာ ကလေးတွေကို အပြင်ထွက်ကစားခွင့် မပြုဘဲ လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့နေရာ သို့ အိမ်တွင်းမှာသာ အနားယူစေပါ။ အပူချိန်အရမ်းမြင့်နေချိန် သွားရင်းလာရင်း ကလေးကို မတော်တဆ ကားထဲ ထားခဲ့မိတာတွေ မဖြစ်စေဖို့လည်း အင်မတန် သတိထားပေးသင့်ပါတယ်။
သန့်ရှင်းရေးကို အထူးဂရုစိုက်ပါ - သန့်ရှင်းတဲ့ရေ မရနိုင်တဲ့အခါမျိုးတွေမှာ ရေကို ကျိုချက် သောက်သုံးတာ၊ အစားအစာတွေကို ကျက်အောင်ချက်ပြုတ်တာနဲ့ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးပေးရင်းနဲ့ ရောဂါပိုးမွှားကူးစက်မှုကို ကာကွယ်ပါ။
ပေါ့ပါးသင့်လျော်တဲ့ အဝတ်အစားဆင်ပေးပါ - ချွေးစုပ်လွယ်ပြီး ပေါ့ပါးတဲ့ ချည်ထည်တွေ ဝတ်ဆင်ပေးပြီး ဦးထုပ်တွေ၊ နေလောင်ကာခရင်မ်တွေ အသုံးပြုပေးပါ။
အခုလို ပြင်းထန်တဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဥ်မှာ ချစ်မြတ်နိုးရတဲ့ သားသားမီးမီးတွေ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာနိုင်ဖို့ ဒီလမ်းညွှန်ချက်တွေက အထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်ရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါရစေ။
Comments