
အိမ်ရှင်မတို့အဖို့ မိုးစဝင်ပြီဆိုတာနဲ့ အဝတ်တွေ ဘယ်နား နေလှန်းပြီး ဘယ်လိုခြောက်သွေ့အောင် လုပ်ရမလဲ ခေါင်းစားရပြန်ပါပြီ။ တစ်ခါတစ်ရံမှာ အဆက်မပြတ် ရွာတတ်တဲ့ မိုးကြောင့် အဝတ်အစားတွေ အိမ်တွင်းမှာပဲ လှန်းရများတဲ့အတွက် ရေမခြောက်ဘဲ စိုစိုစွတ်စွတ်နဲ့ မှိုစွဲတာတွေ၊ အနံ့အသက်မကောင်းတာတွေ နောက်ဆက်တွဲ ဖြစ်တော့တာပါပဲ။ ဒီလိုပြဿနာတွေ ဖြေရှင်းဖို့ဆို အဝတ်လျှော်တဲ့နေရာမှာရော၊ အခြောက်လှန်းတဲ့နေရာမှာပါ ဂရုတစိုက်လုပ်ပေးသင့်တဲ့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။
ဒါမှသာ မိုးတွင်းမှာ အဝတ်အစား မခြောက်တာတွေ မဖြစ်တော့ဘဲ သန့်သန့်ရှင်းရှင်းနဲ့ အဝတ်တွေ ကြာရှည်ခံစေမဲ့အပြင် အိမ်တွင်းမှာ အနံ့ဆိုးတွေ မရှိအောင်လည်း ကာကွယ်ပေးမှာပါ။

ဆပ်ပြာမှုန့်ပမာဏကို သင့်တော်သလို သုံးပါ
အဝတ်လျှော်တဲ့အခါ ဆပ်ပြာမှုန့် သို့ အရည်ကို အလွန်အကျွံ သုံးမိတယ်ဆို အဝတ်တွေပေါ်မှာ ဆပ်ပြာတွေ ကျန်ခဲ့နိုင်တာကြောင့် အခုလို စိုထိုင်းဆမြင့်မားသော ရာသီမှာ အစိုဓာတ်ကို ပိုမိုစုပ်ယူစေပါတယ်။ ဒီလို အစိုဓာတ်တွေ ရှိနေတော့ ရေလည်း သေချာမခြောက်တော့ဘဲ အနံ့ဆိုးတွေပါ ဖြစ်စေနိုင်တာပါ။
အဝတ်အစားတွေကို နှစ်ကြိမ်၊ နှစ်ခါ ရေညှစ်ပါ
အဝတ်လျှော်စက်နဲ့ အဝတ်အစားတွေကို ရေညှစ်ကြရာမှာ နှစ်ခါညှစ်တာက အဝတ်တွေကို ပိုခြောက်သွေ့လွယ်စေလို့ အချိန်ကြာကြာ အခြောက်ခံနေစရာ မလိုတော့ပါဘူး။
အဝတ်အမျိုးအစား ခွဲလှန်းပါ
ဂျင်းဘောင်းဘီတို့၊ ရေသုတ်တဘက်တို့လိုမျိုး ရေ အခြောက်နှေးတဲ့ အဝတ်အထူတွေကို သပ်သပ်ထားလှန်းပြီး အခြောက်မြန်တဲ့ အဝတ်အပါးတွေ သပ်သပ်ထား လှန်းပေးသင့်ပါတယ်။ ရောနှော လှန်းလိုက်မယ်ဆို စိုစွတ်နေတဲ့ အဝတ်အထူတွေက အနီးအနားမှာရှိတဲ့ အဝတ်အပါးတွေနဲ့ ရောပြီး ရေခြောက်ဖို့ ကြာနိုင်လို့ပါပဲ။

စိုထိုင်းဆ ထိန်းချုပ်ဖို့ ဆားအသုံးပြုပါ
အဝတ်အစားတွေ ရေသေချာညှစ်ပြီး လှန်းတဲ့အခါ အဝတ်လှန်းစင်အနားမှာ ဆား (Rock Salt) ကို ပန်းကန်လုံးတစ်လုံးနဲ့ ထားထားတာက ရေငွေ့နဲ့ စိုထိုင်းဆတွေ စုပ်ယူစေပြီး မကောင်းတဲ့ အနံ့အသက်တွေ မဖြစ်အောင် တားဆီးပေးပါတယ်။
အိမ်ထဲမှာ လှန်းမယ်ဆို လေဝင်လေထွက်ရှိစေပါ
အပြင်မှာ မိုးအရမ်းရွာလို့ အိမ်တွင်းမှာပဲ အဝတ်လှန်းရမယ်ဆို မျက်နှာကျက်ပန်ကာတစ်ခုခု ဖွင့်ထားပြီး လေဝင်လေထွက် လမ်းကြောင်းပေါ်မှာပဲ ထားကာ ၂နာရီ/၃နာရီခြား တစ်ခါ အဝတ်တွေကို နေရာလဲလှယ်ပေးပါ။
အဝတ်လှန်းစင် ကောင်းကောင်း အသုံးပြုပါ
စင်နဲ့ တန်းတွေ များများ၊ မြင့်မြင့် ပါတဲ့ အဝတ်လှန်းစင်တွေက အဝတ်အစားတွေကို ကောင်းကောင်းဖြန့်လှန်းလို့ ရတာကြောင့် အဝတ်တွေ ခြောက်လွယ်စေမှာပါ။ ဒါ့အပြင် ပလတ်စတစ် အဝတ်လှန်းစင်တွေထက် သံနဲ့လုကာပါ။ ဒါ့အပြင် ပလတ်စတစ် အဝတ်လှန်းစင်တွေထက် Metal နဲ့လုပ်တဲ့ စင်တွေက အဝတ်တွေ ခြောက်စေဖို့ ကူညီပေးနိုင်ပါတယ်။

ရေခြောက်လွယ်တဲ့ အဝတ်အစားတွေ ရွေးချယ်ပါ
မိုးတွင်းမှာ အဝတ်အစားတွေ လျှော်ပြီး ရေခြောက်ဖို့ခက်တဲ့အတွက် ဒီလိုကာလမှာတော့ ချည်သားလေးတွေသာ ရွေးချယ်ဝတ်ဆင်လိုပါတယ်။ ဒီလိုပေါ့ပေါ့ပါးပါး ချည်သားလေးတွေ လျှော်ပြီး အဝတ်ခြောက်ချိန် ခဏပဲ ပေးရတာမလို့ အဝတ်မခြောက်တဲ့ သောကတွေ ကင်းဝေးစေမှာပါ။
အခုလို စိုစိုစွတ်စွတ် မိုးတွင်းမှာ အဝတ်အစားတွေ မခြောက်လို့ စိတ်ညစ်နေရတဲ့ အိမ်ရှင်မတို့အတွက် အပေါ်မှာပြောပြသွားတဲ့ နည်းလမ်းလေးတွေက လက်တွေ့အသုံးဝင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တခြားအသုံးချနေတဲ့ နည်းလမ်းကောင်းတွေရှိရင်လည်း အားလုံးတူတူသိထားရအောင် ကောမန့်မှာ မျှဝေခဲ့ဖို့ မမေ့နဲ့နော်။
Comments